Brand You ၏ Founder မထက်ရည်ဝင်း နှင့် အမေးအဖြေ (Htet Yie Win)

blank

စာချစ်သူတို့ရေ လူတစ်ယောက်အောင်မြင်မှုရရှိဖို့ဆိုတာ မိမိယုံကြည်ရာကို ရဲဝံ့စွာလျှောက်လှမ်းနေဖို့၊ စိတ်အားထက်သန်မှုတွေကို ဖက်တွယ်ထားဖို့သိပ်ကိုအရေးကြီးလှပါတယ်။ မိမိရဲ့စိတ်အားထက်သန်မှုတွေကို အခြေပြုပြီး ပတ်ဝန်းကျင်ကလူတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ၊ အရည်အသွေးတွေကို မြှင့်တင်ပေးနိုင်တဲ့ career ကို ပိုင်ဆိုင်ထားတဲ့၊ လူငယ်လေးတွေကို    Image Consultant အဖြစ်လုပ်ဆောင်ပေးနေတဲ့ Brand You ရဲ့ Founder မထက်ရည်ဝင်းရဲ့ အမေးအဖြေလေးကို ဖတ်ကြည့်လိုက်ပါဦးနော်။

၁။ မင်္ဂလာပါ အစ်မ။ ပထမဆုံး အစ်မအကြောင်းကို စာဖတ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးပါဦး။

ကျွန်မနာမည် ထက်ရည်ဝင်းပါ။ ကျွန်မက Brand You Co., Ltd. ရဲ့ Founder နဲ့ Director တစ်ဦးဖြစ်ပါတယ်။

၂။ အစ်မရဲ့ မိသားစုဝင်တွေအကြောင်းလည်း နည်းနည်းလောက် ပြောပြပေးပါဦး။

ကျွန်မ အမျိုးသား ကိုလင်းသန့်မောင်က Telenor Myanmar မှာ တာဝန်ထမ်းဆောင်ပါတယ်။ သားလေး ကောင်းထက်မွန်က အသက် ၅ နှစ်ပြည့်ခါနီးပါပြီ။

၃။ အစ်မရဲ့ ပညာရေးနဲ့ ရရှိခဲ့တဲ့ ဘွဲ့တွေအကြောင်းလည်း ပြောပြပေးပါဦး။

ကျွန်မ ပထမဆုံး Yangon University of Pharmacy ကနေ ဆေးဝါးကျွမ်းကျင်ဘွဲ့ ရရှိခဲ့ပါတယ်။ နောက်တော့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကနေ MBA (စီမံခန့်ခွဲမှုပညာဆိုင်ရာ မဟာဘွဲ့) ရပါတယ်။ နောက်တော့ Australia နိုင်ငံက James Cook University ကနေ MBA-Marketing (စီမံခန့်ခွဲမှု ပညာဆိုင်ရာ မဟာဘွဲ့- ဈေးကွက်ဆိုင်ရာအထူးပြုဘာသာရပ်) နဲ့ ဘွဲ့ရခဲ့ပါတယ်။

Academy of Image Mastery (Singapore) နဲ့  London Image Institute ကနေ Diploma in Image Consulting ကိုရရှိခဲ့ပါတယ်။ ခုလက်ရှိ Assumption University of Thailand မှာ Ph.D Organization Development တက်နေပါတယ်။

၎။ အစ်မလုပ်ဆောင်နေတဲ့ business activity လေးတွေကိုလည်း ပြောပြပေးပါဦး။

Brand You Co., Ltd. Image နဲ့ Personal Branding (ပုံရိပ်နဲ့ ကိုယ်ရည်ကိုယ်သွေး၊ မိမိကိုယ်ကို Brand တစ်ခုအနေနဲ့ တည်ဆောက်ခြင်း) တွေ သင်ကြားပေးပါတယ်။ တစ်ဦးချင်းဆွေးနွေးတိုင်ပင်ခြင်းတွေ၊ သင်တန်းတွေ၊ corporate trainings တွေ၊ public seminars တွေ ပြုလုပ်ပေးနေပါတယ်။

၅။ Brand You ကို ဘယ်အချိန်က စတင်ခဲ့တယ်ဆိုတာရယ် စလုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်လေးရယ်ကို ပြောပြပေးပါဦး။

Brand You Co., Ltd. ကို ၂ဝ၁၅ နှစ်ကုန်ပိုင်းမှာ တည်ထောင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ Image Consulting က အရမ်းခေတ်စားပေမယ့် မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ရေရှည်ရည်မှန်းချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကမ္ဘာ့ အလယ်မှာ အသွင်ပြောင်းလဲတိုးတက်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာအောင်၊ မိမိရည်မှန်းချက်အတွက် အထောက်အကူပြုတဲ့ ပုံရိပ်နဲ့ personal brand တည်ဆောက်နိုင်အောင် Image Technology သုံးပြီး ပညာပေးတာ၊ သင်တန်းပေးတာတွေ ပြုလုပ်ပေးပါတယ်။

၆။ လူငယ်တွေအနေနဲ့ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ Personal Branding တည်ဆောက်ဖို့အတွက် ဘယ်လောက်အရေးကြီးတယ်လို့ အစ်မမြင်ပါသလဲ။

မိမိကိုယ်တိုင် သတိမထားမိပေမယ့် လူတိုင်းက Brand တစ်ခုဖြစ်ပါတယ်။ ဥပမာ – ကိုယ်အရမ်းသဘောကျတဲ့၊ လေးစားတဲ့ လူတစ်ယောက်ကို ကျွန်မတို့ ယုံကြည်ပါတယ်။ သူပြောတဲ့စကားသည်လည်း ပိုပြီးထိရောက်မှုရှိပါတယ်။ ကိုယ်မလေးစားတဲ့လူရဲ့ စကားကို ကျွန်မတို့ နားမထောင်ချင်ပါဘူး။

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကို လေးစားမှုရှိဖို့ရော အများက ကိုယ့်အပေါ် လေးစားဖို့ရောဆိုရင် ကိုယ့်ရဲ့ ဘဝအိပ်မက်နဲ့ ပန်းတိုင်နဲ့ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ personal brand တည်ဆောက်ထားသင့်တယ်လို့ထင်ပါတယ်။

၇။ Brand You ဆိုတဲ့ Brand လေးဖြစ်လာဖို့ အစ်မလျှောက်လှမ်းခဲ့ရတဲ့ လှေကားထစ်လေးတွေအကြောင်းလည်း အနည်းငယ်လောက်ပြောပြပေးပါဦး။

ကျွန်မ Brand You ကို စတည်ထောင်တဲ့ချိန်မှာ လူတွေက ဘာသင်မှန်းမသိဘူးဆိုတဲ့ လှေကားထစ်လေးကို စကြုံရပါတယ်။ ၅ လ၊ ၆ လ လောက် အချိန်ယူပြီး Image ပုံရိပ်ဆိုတာဘာ၊ personal brand ဆိုတာဘာပါလို့ လူသိအောင် အရင်စလုပ်ခဲ့ရပါတယ်။ Image ဆိုတာ အလှတွေ မတရားပြင်တာ၊ personal branding ဆိုတာ Brand အကောင်းစားတွေ လူအထင်ကြီးအောင် သုံးစွဲပြတာ မဟုတ်ဘူးဆိုတာ ရှင်းပြရပါတယ်။ နောက်တဆင့်က သိတော့သြိပီ၊ ငါ့အတွက် မလိုပါဘူးလေ ဆိုတဲ့ အယူအဆလေးပါ။ လူရယ်လို့ ဖြစ်လာရင်၊ professional အနေနဲ့ ရပ်တည်ပြီဆိုရင် ဘယ်သူမှ ကူးချလို့မရတဲ့ Personal brand တည်ဆောက်ဖို့လိုတယ်ဆိုတာ ရှင်းပြရပါတယ်။

၈။ ညီမဖတ်ဖူးတဲ့ စာကြောင်းလေးတစ်ခုရှိတယ်။ “Your name is your brand” တဲ့။ အဲဒီစကားလေးနဲ့ ပတ်သက်ပြီး အစ်မရဲ့ အမြင်လေးကို သိပါရစေ။

ကျွန်မတို့ မိဘတွေ နာမည်ကောင်းရှိတဲ့အခါ ကျွန်မတို့ပါ အလိုလိုဂုဏ်တက်ရတယ် မဟုတ်ပါလားရှင်။ ဒီလိုပဲ ကျွန်မတို့နဲ့ သက်ဆိုင်တဲ့ နယ်ပယ်မှာ နာမည်ကောင်းရှိရင် လူအများရဲ့ ယုံကြည်မှုကို အလိုလိုရနိုင်ပါတယ်။ လေးစားမှုကိုရရှိပါတယ်။ မိမိလိုချင်တဲ့ ပန်းတိုင်ကို လွယ်ကူစွာရနိုင်ပါတယ်။ ပိုက်ဆံအိတ်တွေ ပိုက်ဆံထည့်လို့ ရတာချင်းတူပေမယ့် ဈေးအလွန်ကြီးတဲ့ Brand တွေကို သုံးစွဲကြတယ်ဆိုတာ၊ နှစ်သက်ကြတယ်ဆိုတာ သူ့ရဲ့နာမည်ကောင်းကို နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ထားလို့ပါ။ ရုပ်ဝတ္တု ပစ္စည်းကို အလွယ်တကူ ဥပမာပေးလိုက်တာပါ။ လူမှာလည်းအတူတူပါပဲ။ လူချင်းတူပေမယ့် နာမည်ကောင်းထွက်တာချင်း မတူနိုင်ပါဘူး။

၉။ အခုဆိုရင် လူငယ်တွေဟာ social media တွေကို အရမ်းသုံးလာကြတယ်ပေါ့နော်။ လူငယ်တွေအနေနဲ့ social media တွေကို career အတွက် ဘယ်လိုအသုံးချသင့်လဲဆိုတဲ့ အစ်မရဲ့အမြင်လေးကိုလည်း ဝေမျှပေးပါဦး။

Social Media က ကျွန်မတို့လို start-up, entrepreneur တွေအတွက်ရော၊ သူများဆီမှာ အလုပ်ဝင်နေတဲ့ လူငယ်တွေအတွက်ပါ အလွန်အသုံးဝင်တဲ့ လက်နက်တစ်ခုလို့မြင်ပါတယ်။ မိမိသင်ယူချင်တဲ့ ဘာသာရပ်တွေ သင်ယူလို့ရတယ်။ မိမိကုန်ပစ္စည်း သို့မဟုတ် မိမိ Brand ကို လူပိုသိလာအောင် ငွေကုန်ကြေးကျနည်းနည်းနဲ့ လုပ်လို့ရတယ်။ မိတ်ဆွေကောင်းတွေ တိုးပွားနိုင်တယ်။ ကိုယ့်နိုင်ငံမှာသာမက ကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ အချိန်နဲ့ တပြေးညီသိနိုင်တယ်။

၁ဝ။ ညီမကြားဖူးတာတစ်ခုကလေ အောင်မြင်နေတဲ့သူတွေအတွက် work-life balance လုပ်ဖို့သိပ်ခက်လာတယ်ပေါ့နော်။ work-life balance ထက် work-life integration ပဲ လုပ်လို့အဆင်ပြေလာတယ်ပေါ့နော်။ အစ်မအနေနဲ့ကော အလုပ်နဲ့ မိသားစုဘဝကို သဟဇာတဖြစ်အောင် ဘယ်လို manage လုပ်လေ့ရှိပါသလဲ။

Work-life balance ဆိုတဲ့ စကားကိုကြားရင်တော့ ကြိုးတန်းပေါ် စက်ဘီးစီးရတယ်လို့ မြင်ယောင်မိပါတယ်။ သတိလေးနဲ့ ဖြည်းဖြည်းသွားရင်တော့ ဟန်ချက်ညီမယ်ပေါ့နော်။ ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့ ပိုပြီး သတိထားရပါတယ်။ မိသားစုရော၊ အလုပ်ရော တာဝန်ယူရတဲ့အခါ ကိုယ့်ကျန်းမာရေးတို့၊ ကိုယ့်ရဲ့ နားနေချိန်တို့ စသဖြင့် ကိုယ့်အတွက်ကိုယ် မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ သဟဇာတဖြစ်အောင် အမျိုးသားနဲ့ရော အများကြီးညှိရပါတယ်။ တာဝန်ခွဲဝေတာတို့။ အရင်ကဆို တစ်ခုခုနေမကောင်းဖြစ်ရင်လည်း ကြိတ်ခံတယ်။ အဲဒါကရေရှည်ကျတော့ အဆင်မပြေဘူး။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ်လိုချင်တာကို ဖြစ်အောင် စိတ်ရှည်ရှည်နဲ့ ညှိယူရပါတယ်။

၁၁။ ရည်မှန်းချက်ဆီကို တက်လှမ်းဖို့အတွက် စိတ်အားထက်သန်မှုရဲ့ အရေးပါပုံလေးကိုလည်း ပြောပြပေးပါဦး။

တစ်ခုခုစလုပ်ဖို့ရော၊ ရှေ့ဆက်သွားဖို့အတွက်ပါ စိတ်အားထက်သန်မှုက မရှိမဖြစ်လိုအပ်ပါတယ်။ စိတ်အားထက်သန်မှုမရှိရင် ကိုယ်လုပ်နေရတဲ့အလုပ်က အဓိပ္ပါယ်မရှိသလိုပါပဲ။ စိတ်အားထက်သန်မှုဆိုတာ အလိုလိုဖြစ်လာတဲ့အရာမဟုတ်ပါဘူး။ သူများက လာပြီးပေးမှ ရတဲ့အရာလည်းမဟုတ်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို မပြတ် သတိနဲ့ စိတ်ကူးယဉ်အိပ်မက်မက်နေမှ၊ လက်တွေ့ ကျကျတည်ဆောက်နေမှ ရမယ့်အရာလို့ မြင်ပါတယ်။

၁၂။ အမျိုးသမီးတွေကို empower လုပ်ပေးဖို့ media ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါတယ်လို့ အစ်မထင်ပါသလဲ။

ခေတ်တိုင်းမှာ လူတွေကို အသိပညာပေးဖို့၊ empower လုပ်ပေးဖို့ media ရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ အခုဆိုရင် လူတိုင်း တီဗွီရှိမှ မဟုတ်ပါဘူး။ ဖုန်း အင်တာနက်တွေအသုံးပြုပြီး သတင်းအချက်အလက်တွေ၊ အသိပညာ ဗဟုသုတတွေကို လွယ်လွယ်ကူကူ access လုပ်နိုင်တဲ့အချိန်ရောက်နေပါပြီ။ အမျိုးသမီးတွေအတွက်  အကျိုးရှိတဲ့၊ မှန်ကန်တဲ့၊ လွယ်လွယ်ကူကူအသုံးချလို့ရတဲ့၊ အတုယူလို့ရတဲ့ နည်းစနစ်လေးတွေ မျှဝေပေးမယ်ဆိုရင် အလွန်အကျိုးရှိပါတယ်။

၁၃။ အစ်မလုပ်နေတဲ့ Image Coach တို့ Image Consultant စတာတွေက မြန်မာပြည်မှာ သိပ်ပြီး ခေတ်မစားသေးဘူးလို့ ပြောလို့ရတယ်ပေါ့နော်။ အဲဒီအတွက် အစ်မတို့အနေနဲ့ စွန့်ဦးလုပ်ကိုင်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အဟန့်အတားတွေ၊ အခက်အခဲတွေ အကြောင်းလည်းပြောပြပေးပါဦး။

ကိုယ်ကိုယ်တိုင်လည်း Image ဆိုတာဘာလဲ မသိခဲ့ပါဘူး။ အလှတွေပြင်တာ၊ အဝတ်အစားလှလှ အကောင်းစားဝတ်တာ၊ နာမည်ကြီး တံဆိပ်တွေ သုံးစွဲတာ..ဒီလိုပဲ ထင်ခဲ့ပါတယ်။ တကယ်တမ်းလေ့လာကြည့်ခဲ့တဲ့အခါ Image Consulting ပညာရပ်သည် လူတွေကို မိမိကိုယ်ကို ပိုပြီးနားလည်လာအောင်၊ ပိုချစ်တတ်အောင်၊ ပိုလေးစားလာအောင်လုပ်ပေးတာ၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိလာအောင် လုပ်ပေးတဲ့ နည်းစနစ်လေးတွေ မျှဝေပေးတာ ဖြစ်ပါတယ်။ အခက်အခဲကတော့ လုပ်ငန်းတစ်ခုစဖို့အတွက် အရင်းအနှီးအများကြီးမရှိခဲ့ပါဘူး။ ဒီပညာရပ်ခေတ်မစားသေးတဲ့အတွက်ကြောင့် အချိန်ယူပြီး ပညာပေးတာတွေ အများကြီးလုပ်ခဲ့ရပါတယ်။ လိုအပ်တဲ့ အုပ်ချုပ်မှု၊ ဈေးကွက်ရှာဖွေမှု အစရှိတာတွေကိုလည်း တဖြည်းဖြည်းနဲ့ သင်ယူခဲ့ရတာပါ။ အိမ်ကိစ္စ သားသမီးကိစ္စတွေများတဲ့အခါ အလုပ်နဲ့ balance လုပ်ရတာလည်း အစတုန်းက မလုပ်တတ်ခဲ့ပါဘူး။

၁၄။ အစ်မအနေနဲ့ လုပ်ငန်းတွေကို ဦးဆောင်ပြီးလုပ်ကိုင်နေတဲ့အတွက် ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေတော့ ရှိမှာပေါ့နော်။ stress-management လုပ်ဖို့ အစ်မအနေနဲ့ ဘာတွေကို လုပ်ဆောင်ဖြစ်လဲအစ်မ။

Stress ကတော့ အမြဲတမ်းရှိနေမှာပါပဲ။ ကျွန်မကတော့ အကြာကြီးစိတ်မညစ်တတ်ပါဘူး။ ကိုယ်ပိုင်အချိန်လေး တစ်ပတ်မှာ နေ့တစ်ဝက်လောက် ကြိုးစားပြီး ယူဖြစ်ပါတယ်။ အလုပ်ခွင်မှာလည်း တတ်နိုင်သလောက် မိသားစုပုံစံဖြစ်အောင်၊ သူငယ်ချင်းမိတ်ဆွေ ဆက်ဆံရေးမျိုးဖြစ်အောင် ကြိုးစားပြီး တည်ဆောက်ပါတယ်။ အလွန်ချစ်တဲ့ ခင်တဲ့ အမျိုးသမီးမိတ်ဆွေတွေရှိပါတယ်။ ရင်ဖွင့်လို့ရတယ်ပေါ့။ သူများတွေပြောတဲ့စကားနားထောင်ပါတယ်။ နားထောင်ပေးခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် မေ့သွားတာမျိုး၊ ကိုယ်ဖြစ်နေတဲ့အရာသည် ကျော်လွှားသွားလို့ ရတာပဲ…ဘာမှမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ စိတ်ပင်ပန်းလွန်းရင်တော့ သားကိုခေါ်ပြီး လျှောက်သွားပါတယ်။ စာဖတ်ပါတယ်။

၁၅။ အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင် career တစ်ခုရှိခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်ပါသလဲ။

ကိုယ်ပိုင် career ရှိတာမရှိတာထက်ကို ဘဝမှာကိုယ်ဘာဖြစ်ချင်လဲဆိုတာ သိဖို့လိုတယ်လို့ထင်ပါတယ်။ အိမ်မှာပဲ နေပြီး ပျော်ရွှင်နေတဲ့ အိမ်ထောင်ရှင်တွေ၊  ကလေးပြုစုစောင့်ရှောက်နေတဲ့ မေမေတွေ အများကြီးပါ။ တကယ်လို့ ကိုယ်က အလုပ်လုပ်ရတာ နှစ်သက်တဲ့လူဆိုရင်တော့ အိမ်ထောင်ကျ၊ ကလေးရလည်း အလုပ်တစ်ခုခုလုပ်နေသင့်တယ်လို့ ထင်ပါတယ်။ အလုပ်လုပ်တဲ့အတွက် ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ပိုမြင်လာတယ်။ ပေါင်းသင်းဆက်ဆံရေး ပိုတတ်လာတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်သာ လုပ်ခွင့်ရမယ်ဆိုရင် ပိုပြီးပျော်ရွှင်လာမယ်။ မိတ်ဆွေတွေတိုးနိုင်တယ်။ လူတွေနဲ့ ဆက်ဆံနေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ပြုပြုပြင်ပြင် လှလှပပနေဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ပိုရှိလာမယ်လို့ ထင်ပါတယ်။

၁၆။ အခက်အခဲတွေ ဘယ်လောက်ကြုံရကြံရ အစ်မကို ထောင်မတ်နေအောင် ပဲ့ကိုင်ထားတဲ့အရာက ဘာလဲ။

ကျွန်မက သိပ်မကြောက်တတ်ဘူး။ ဖြစ်လာရင်ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်၊ ကျော်သွားမယ်ဆိုတဲ့ စိတ်ရှိတယ်။ အသက်ကြီးလာလို့ထင်ပါတယ်။ 🙂

နောက်ပြီး ကျွန်မက အသစ် တစ်ခုမဟုတ်တစ်ခု အမြဲတမ်းသင်ယူပါတယ်။ အသစ်တစ်ခုခုသင်ယူလိုက်တဲ့အခါ ဘယ်ကိစ္စမဆို မြင်တဲ့ ကိုယ့်အမြင်ပြောင်းလဲသွားတာ တွေ့ရပါတယ်။ ကျွန်မအမျိုးသားကလည်း အမြဲတမ်း ကူညီပါတယ်။ နောက်ပြီးကျွန်မဆီမှာ သင်ဆရာ၊ မြင်ဆရာတွေ၊ mentor တွေ၊ coach တွေ ရှိပါတယ်။ သူတို့နဲ့ မပြတ်ဆွေးနွေးဖြစ်ပါတယ်။ စာဖတ်ရတာအရမ်းကြိုက်ပါတယ်။ စာအုပ်တွေဆီကနေသင်ယူရရှိတာလည်း အများကြီးပါပဲ။

၁၇။ မိမိရဲ့အိပ်မက်တွေကို တစိုက်မက်မက်လျှောက်လှမ်းနေတဲ့ အမျိုးသမီးတွေအတွက် အကြံပြုစကားလေးပြောပေးပါဦး။

လုံးဝ အရှုံးမပေးပါနဲ့လို့။ အိပ်မက်ဆီကိုသွားဖို့ တစ်လမ်းထဲရှိတာမဟုတ်ပါဘူး။ ဒီလမ်းက သွားလို့မရရင် နောက်တစ်လမ်းက သွားကြည့်ပါ။ သွားစရာလမ်းမရှိရင် ကျော်သွားပါ။ အောက်ကသွားပါ။ ဘေးကသွားပါ။ ဖောက်ထွက်ပါ။ အချိန်တိုင်း အလှဆုံးနေ၊ အချိန်တိုင်းပြုံးနေပြီး ဘယ်အရာမဆို သတ္တိရှိရှိရင်ဆိုင်ပါလို့။