၂ဝ၁၇၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇွန်လ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries)
(မတ်လ ၂၁ရက်မှ ဧပြီ ၂ဝရက်နေ့အတွင်း မွေးဖွားသူများ)

အထက်လူကြီးမှ သင်၏အရည်အချင်းများကို အသိအမှတ်ပြုပြီး ဆုံးဖြတ်ချက်ချမှတ်သည့်ကိစ္စရပ်များအထိ နေရာပေးခြင်းခံရမည်။ ရွေးချယ်မှုများမှန်ကန်မှုကြောင့် လုပ်ငန်းခွင်အတွင်း တိုးတက်မှုများစွာကြုံတွေ့ရမည်။ အိမ်တွင်းရေးအရှုပ်အရှင်းများကြောင့် စိတ်ညစ်ရမည်။ အိမ်မှစိတ်ညစ်စရာများကြောင့် လုပ်ငန်းခွင်တွင် မထိခိုက်ရအောင် သတိပြုပါ။

ယတြာ- ငှက်စာကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus)
(ဧပြီလ ၂၁ရက်မှ မေလ ၂၁ရက်အတွင်း မွေးဖွားသူများ)

ထင်မှတ်မထားသောနေရာများမှ ငွေဝင်တတ်သည်။ ငွေရေးကြေးရေး အခွင့်အလမ်းသစ်များအတွက် မျက်စိဖွင့်နားစွင့်ထားပါ။ ငွေကံကောင်းနေသလောက် အသုံးမတတ်သဖြင့် ထင်သလောက် အဖတ်မတင်ဖြစ်နေတတ်သည်။ စကားရှုပ်တတ်သူတစ်ယောက်ကြောင့် ချစ်သူနှင့် ကတောက်ကဆဖြစ်ရတတ်သည်။ ရပ်ဝေးမှဧည့်သည်ရောက်လာပါက ထီထိုးပါ။

ယတြာ- ဂုဏ်တော်ပုတီးစိတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
(မေလ ၂၂ ရက်မှ ဇွန် ၂၁ ရက်အတွင်း မွေးဖွားသူများ )

သင့်လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး စိန်ခေါ်မှုများကြုံတွေ့ရမည်။ မိမိလက်အောက်ငယ်သားများအား လိုအပ်သည်ထက် အလိုလိုက်အကြိုက်ဆောင်မှုများကြောင့် သင့်အားအရိုသေတန်တတ်သည်။ ရာထူးအာဏာကိုသုံးပြီး အနိုင်ပိုင်းသော်လည်း အနိုင်ရမည်မဟုတ်ပါ။ သင့်နောက်ကွယ်တွင် သွားပုတ်လေလွင့်ပြောတတ်သော လက်အောက်ငယ်သားများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရမည်။

ယတြာ- ခွေးလေခွေးလွင့်များအား အစာဒါနပြုပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
(ဇွန်လ ၂၂ရက်မှ ဇူလိုင်လ ၂၃ရက်အတွင်း မွေးဖွားသူများ)

သင်လုပ်နိုင်တာထက်ကျော်လွန်ပြီး လုပ်ကိုင်ဆောင်ရွက်မှု၊ အကြံဉာဏ်အသစ်တွေကို စဉ်းစားတွေးခေါ်နိုင်မှုတို့ကြောင့် အထက်လူကြီးများ၏ သဘောကျနှစ်ခြိုက်မှုကို ရရှိလိမ့်မည်။ အတိတ်မှဖြစ်ရပ်များကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်သည်။ ချစ်သူမရှိသေးသော ကရကဋ်ရာသီဖွားများ ချစ်သူရတတ်သည်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ- မွေးနံထောင့်တွင် ပန်း၊ ရေချမ်း ကပ်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
(ဇူလိုင်လ ၂၄ရက်မှ သြဂုတ်လ ၂၃ရက်အတွင်း မွေးဖွားသူများ)

အတင်းအဖျင်းများကြောင့် စိတ်ရှုပ်ထွေးရတတ်သည်။ သင့်ပတ်ဝန်းကျင်ရှိ မကောင်းမြင်အတွေးများနှင့် မကောင်းမြင်တတ်သောလူများကြောင့် သင့်သာယာသောနေ့ရက်များကို အညစ်နွမ်းမခံပါနှင့်။ အရာရာကိုအကောင်းမြင်စိတ်ဖြင့်ကျော်လွှားပါ။ ရင်းနှီးသူတစ်ဦး၏ မင်္ဂလာပွဲတက်ရောက်ရတတ်သည်။

ယတြာ- သူဆင်းရဲတစ်ယောက်အား ပေါင်မုန့်ဝယ်ကျွေးပါ။

၆။ ကန်ရာသီဖွား (Virgo)

(သြဂုတ်လ ၂၄ရက်မှ စက်တင်ဘာလ ၂၃ ရက်အတွင်း မွေးဖွားသူများ)

ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး နိမ့်ချည်မြင့်ချည်ဖြစ်နေသောကာလဖြစ်သည်။ အသစ်အဆန်းများကို စိတ်လိုက်မာန်ပါဖြင့် စမ်းသပ်လုပ်ကိုင်ရန်မသင့်သေးပါ။ ချစ်သူ၏ ပြောင်းလဲနေသောစိတ်ကို နားလည်အောင်ကြိုးစားရင်း စိတ်ရှုပ်ထွေးနေရမည်။ သူတစ်ပါးကိစ္စကြားမဝင်ပါနှင့်။

ယတြာ- သက်ကြီးရွယ်အိုများအား အအေးလှူဒါန်းပါ။

၇။ တူရာသီဖွား (Libra)

(စက်တင်ဘာလ ၂၄ရက်မှ အောက်တိုဘာ ၂၃ ရက်အတွင်းမွေးဖွားသူများ)

အချစ်ရေးနှင့်ပတ်သက်ပြီး ပျော်ရွှင်စရာများနှင့် စိတ်ရှုပ်ထွေးစရာများ ရောပြွမ်းနေသောကာလဖြစ်သည်။ လုပ်ငန်းခွင်အတွင်း မိမိအားနိမ့်ချဆက်ဆံလိုသူတစ်ဦးကြောင့် စိတ်အနှောက်အယှက်ဖြစ်ရမည်။ အထက်လူကြီး၏ ယုံကြည်ကိုးစားမှုခံရမည်။ မထင်မှတ်ဘဲ လခတိုးတတ်သည်။

ယတြာ- မိဘမဲ့ကျောင်းတွင် မနက်စာလှူဒါန်းပါ။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)
(အောက်တိုဘာလ ၂၄ရက်နေ့မှ နိုဝင်ဘာလ ၂၂ ရက်အတွင်းမွေးဖွားသူများ)

အလုပ်အကိုင်နေရာပြောင်းရွှေ့ခြင်းများ၊ သင်တန်းတက်ရခြင်းမှာ ကြုံရတတ်သည်။ မိမိအားကူညီသယောင်နှင့် ဒုက္ခပေးတတ်သူများအား အထူးသတိထားပါ။ လူကြီးမိဘများ ကျန်းမာရေးအနည်းငယ် ညံ့ကိန်းရှိသည်။ ငွေဝင်သော်လည်း အသေးအဖွဲများကြောင့် အကုန်အကျများနေမည်။ ချစ်သူမရှိသေးသော ဗြိစ္ဆာရာသီဖွားများ ချစ်သူရတတ်သည်။
ယတြာ- နေအိမ်ဘုရားတွင် သစ်သီးကပ်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius)
(နိုဝင်ဘာလ ၂၃ရက်မှ ဒီဇင်ဘာလ ၂၁ရက်အတွင်းမွေးဖွားသူများ)

အလိုလိုစိတ်ဓာတ်တက်ကြွနေလိုက် အလိုလိုစိတ်ညစ်နေလိုက်ဖြစ်နေသောကာလဖြစ်သည်။ အလိုလို အားငယ်စိတ်ဝင်နေမည်။ တစ်စုံတစ်ယောက်၏ ရိုင်းပြမှုကြောင့် မိမိ၏စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးနေမည်။ ချစ်သူ၏ အားပေးဖေးမမှုကြောင့် အရာရာကိုကျော်လွှားနိုင်မည်။
ယတြာ- တနင်္လာသားသမီးတစ်ဦးအား ကြေးအိုးတိုက်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
(ဒီဇင်ဘာ ၂၂ရက်နေ့မှ ဇန်နဝါရီ ၂ဝရက်အတွင်း မွေးဖွားသူများ)

အရာရာကို သတိဖြင့်လုပ်ကိုင်သင့်သော ကာလဖြစ်သည်။ စိတ်ရင်းအမှန်ဖြင့် ပြောဆိုဆက်ဆံမှုများကိုပင်လျှင် အထင်အမြင်လွဲမှားမှုခံရမည်။ စိတ်ရှည်သည်းခံမှုဖြင့် အရာရာကိုကျော်လွှားပါ။ ငယ်စဉ်ကကွဲကွာသွားသော သူငယ်ချင်းတစ်ယောက်နှင့် အဆက်အသွယ်ရမည်။ မထင်မှတ်ဘဲ ငွေအလုံးအရင်းလိုက်ဝင်တတ်သည်။

ယတြာ- ညောင်ရေလောင်းပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius)
(ဇန်နဝါရီလ ၂၁ရက်မှ ဖေဖော်ဝါရီ ၁၉အတွင်း မွေးဖွားသူများ)

အလုပ်အကိုင်နှင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် ဖိအားများဆက်တိုက်ကြုံတွေ့ရမည်။ စိတ်ပျက်အားငယ်ပြီး ဘာမှလုပ်ချင်စိတ်မရှိဖြစ်နေတတ်သည်။ အလုပ်နှင့်ပတ်သက်သော ခရီးတစ်ခုထွက်ရကိန်းရှိသည်။ ချစ်သူနှင့် တကျက်ကျက်ဖြစ်နေသော ကာလဖြစ်သည်။ ငွေကြေးကံမကောင်းသေးပါ။

ယတြာ- သံဃာတော်များအား ဆေးဝါးဒါနပြုပါ။

၁၂။ မိန်ရာသီဖွား (Pisces)
(ဖေဖော်ဝါရီလ ၂ဝရက်နေ့မှ မတ်လ ၂ဝရက်အတွင်း မွေးဖွားသူများ)

တစ်ပါးသူ၏ ဝေဖန်ကဲ့ရဲ့မှုများကြောင့် မိမိ၏အရည်အချင်းများအပေါ် သံသယစိတ်မဝင်သင့်ပါ။ မိမိ၏ လုပ်ကိုင်နိုင်စွမ်းများကို အကောင်းဆုံးအသုံးချပြီး အခွင့်အလမ်းအသစ်များကို ဖန်တီးပါ။ စိတ်ဖိစီးမှုများပြီး အကောင်းအဆိုးဝေဖန်နိုင်ခြင်းမရှိဖြစ်နေတတ်သည်။ ချစ်ခင်ရသူတစ်ဦးထံမှ အားပေးကူညီမှုကို ရရှိမည်။

ယတြာ- နေအိမ်အနီးတွင် ရေအိုးစင်လှူဒါန်းပါ။