“ မန္တလေးကို ပျံသွားသလား” ဆိုတဲ့ ရသဝတ္ထုတိုလေးရဲ့ ဖန်တီးရှင် စာပေနှစ်ထပ်ကွမ်းဆုရှင် စာရေးဆရာမ ချောအိမာန်(မန္တလေး)နဲ့ တွေ့ဆုံခြင်း

blank

ဂန္ထဝင်မဂ္ဂဇင်းမှာ အပတ်စဉ်တင်ဆက်ပေးနေတဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြက်တဲ့ စွမ်းဆောင်ရှင်မြန်မာအမျိုးသမီးတွေနဲ့ တွေ့ဆုံမေးမြန်းခြင်းကဏ္ဍမှာ ဒီတစ်ပတ်တွေ့ဆုံမေးမြန်းထား သူကတော့ စာရေးဆရာမ ချောအိမာန်(မန္တလေး)ပဲ ဖြစ်ပါတယ်။ ဆရာမက Mandalay Icon မဂ္ဂဇင်းရဲ့ အယ်ဒီတာအနေနဲ့ တာဝန်ယူခဲ့သလို ရွှေအမြုတေစာပေနှစ်ထပ်ကွမ်းဆုရှင်လည်းဖြစ်ပြီး မိုးမာန်စာအုပ်တိုက်ကိုလည်း တည်ထောင်ထားပါတယ်။ လက်ရှိမှာ စာပေဟောပြောပွဲတွေလည်း ဟောပြောဖြစ်နေပြီး စာဖတ်ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်နေတဲ့ ဆရာမရဲ့ အနုပညာ ခရီးလမ်းပေါ်က အတွေ့အကြုံလေးတွေကို ဖတ်ကြည့်လိုက်ကြရအောင်လားရှင်။

၁။ မင်္ဂလာပါ ဆရာမ။ ပထမဆုံးအနေနဲ့ ဆရာမရဲ့ ကိုယ်ရေးအကျဉ်းလေးကို ပရိသတ်ကြီးနဲ့ မိတ်ဆက် ပေးပါဦး။

နာမည်အရင်းက ချောအိမာန်ပါပဲ။ ကလောင်နာမည်ကတော့ ချောအိမာန်(မန္တလေး)ပါ။ မြန်မာ စာအဓိကနဲ့ပဲ ကျောင်းပြီးထားပါတယ်။ မိဘတွေကတော့ ပြင်ဦးလွင်မှာ နေထိုင်ကြပါတယ်။ ကျွန်မ ကတော့ အဘိုးအဘွားတွေနဲ့ပဲ မန္တလေးမှာပဲ နေထိုင်ကြီးပြင်းခဲ့တာပါ။

၂။ စာပေကို ဆရာမဘယ်အရွယ်ကတည်းက စတင်ထိတွေ့ကျွမ်းဝင်ခဲ့တာပါလဲ။ စာပေလောကထဲ စတင်ဝင်ရောက်ဖြစ်ခဲ့ပုံကိုလည်း သိပါရစေ။

ငယ်ငယ်ကတည်းက ဝါသနာဓာတ်ခံပါနေတာထင်တယ်။ ကျောင်းတွေမှာစာစီစာကုံးတို့ ဘာတို့ရေးတယ်ဆိုရင် ကောင်းနေတတ်တယ်။ အမှတ်လည်း စာစီစာကုံးမှာ ပိုရတယ်။ စာစီစာကုံးရဲ့ ပုံစံတွေက ဝတ္ထုပုံစံမျိုးနဲ့ သွားသွားဆင်ဆင်နေတတ်တာပေါ့။ အဲဒီအချိန်ကတည်းက သူ့ဟာသူရှိနေတဲ့ ကိစ္စတစ်ခုဖြစ်မယ်ထင်တယ်။ ပြီးတော့ ကျွန်မအဘွားက စာဖတ်တယ်ရှင့်။ စာဖတ်တော့ သူ့ရဲ့စာအုပ် တွေကို လိုက်ဖတ်မိရင်းနဲ့ အဘွားဖတ်တဲ့ ဂျာနယ်ကျော်မမလေးတို့၊ ခင်နှင်းယု၊ ကလျာ၊ မောင်ထင်၊ ရွှေဥဒေါင်း စတဲ့ စာအုပ်ကြီးတွေကိုပါ ကိုယ်ကငယ်ငယ်ရွယ်ရွယ်နဲ့ ဖတ်မိသလိုဖြစ်နေတာပေါ့နော်။ ပြီးတော့ ငယ်ငယ်ကဆို ကျွန်မကာတွန်းတွေအရမ်းကြိုက်တယ်။ အဲဒီတော့ကာတွန်းတွေဖတ်ဖြစ် တာပေါ့။ မဟော်သဓာဇာတ်တော်ကြီးဆိုရင် အရင်တုန်းက ကာတွန်းလေးတွေနဲ့ လာတယ်လေ။ ဘုရားဇာတ်တော်တို့ အဲဒါမျိုးတွေကိုလည်း အရမ်းကြိုက်တယ်။ နောက်မိုးသောက်ပန်းတို့ ရွှေသွေး တို့ကို မလွတ်တမ်းဖတ်ခဲ့တယ်ပေါ့နော်။ ဖတ်ခဲ့ရင်းနဲ့ ကာတွန်းလေးတွေကိုလည်း အရမ်းကြိုက်တယ်။ နောက်ပြီးတော့ ဝတ္ထုတိုလေးတွေကိုစဖတ်လာတဲ့အချိန် မဂ္ဂဇင်းဝတ္ထုတိုလေးတွေပေါ့။ မဂ္ဂဇင်းမှာပါတဲ့ အရင်တုန်းက ရင်ခုန်ပွင့်တို့ဘာတို့မှာပါတဲ့ ဝတ္ထုတိုလေးတွေကို နှစ်သက်ရင်းနဲ့ စာရေးချင်စိတ် သူ့အ လိုလိုဖြစ်လာတာပေါ့။ အဲဒါနဲ့ကိုယ်ဟာကိုယ်ဒီလိုပဲရေးဖြစ်နေတာပေါ့။ ဘယ်မှတော့ မပို့ဖြစ်ဘူး။ အဲ့လိုနဲ့ရေးရင်းနဲ့ ကိုယ့်စိတ်ထဲမှာဒီလိုမဂ္ဂဇင်းတွေမှာ ပုံနှိပ်စာလုံးနဲ့ ရေးထားတဲ့ဟာ ကိုယ့်ဝတ္ထုကိုယ် မြင်ချင်တဲ့စိတ်ဆန္ဒတော့အရမ်းရှိတယ်။ ဒါနဲ့ ကိုယ့်ဟာကိုယ် အဲ့ဒီလိုမျိုးတွေရေးကြည့်တယ်။ ဒါပေမဲ့ ငယ်သေးတဲ့အချိန်အတွေ့အကြုံနုနယ်တဲ့အချိန်မှာရေးတော့ စာတွေကဘာမှအရာမထင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုလည်းအမှန်အတိုင်းပြောရရင်မကြိုက်ဘူးပေါ့..။ စိတ်ရှိလို့သာရေးတာလေ။ ရေးပြီးတော့သိမ်းထားပြီးတော့ ကိုယ့်ဟာကိုယ်ဖတ်ကြည့်ပေါ့။ အဲဒီအချိန်မှာရေးထားတာတွေကို အဲဒီအရွယ်မှာဖတ်ရင်တော့ ကျေနပ်ပီတိဖြစ်နေတော့တာပေါ့။ ပထမဆုံးစာမူ စပါခဲ့တာကတော့ ၁၉၉၈-ခုနှစ်၊ မေတ္တာရှင်မဂ္ဂဇင်းမှာပါ။ စာပေလောကထဲကို ၁၉၉၈ မှာ စတင်ဝင်ရောက်လာပေမဲ့လည်း နောက်ထပ် သုံးလေးနှစ်က စာမရေးဖြစ်ခဲ့ဘူး။ နောက်တော့မှပဲ ဆက်ရေးဖြစ်သွားတာပေါ့နော်။

၃။ အခုအချိန်အထိဆရာမရေးသားဖြစ်ခဲ့တဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်ပုဒ်ရေပေါင်း ဘယ်လောက်ရှိသွားပြီလဲ ဆရာမ။

အပုဒ်ရေ (၁ဝဝ)ကျော်ရှိပါပြီ။ အတိအကျတော့ မမှတ်မိတော့ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဆရာမ ရေးခဲ့တဲ့ဝတ္ထုတိုလေးတွေထဲမှာဆိုရင် “ မန္တလေးကိုပျံသွားသလား” ကို အားလုံးသိကြတယ် ပေါ့နော်။ ဒါက ဆရာမရဲ့ Master Piece လို့လည်း ပြောလို့ရတာပေါ့။ အဲဒီဝတ္ထုတိုလေးနဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေကိုလည်း ပြန်ပြောပြပါဦး ဆရာမ။

အဲဒီဝတ္ထုကတော့ ပုံမှန်ရေးရိုးရေးစဉ်အတိုင်းရေးလိုက်တာပေါ့။ ရေးတုန်းကတော့။ ဒါပေမဲ့ မှတ် မှတ်သားသားရှိတာကတော့ အဲဒီဝတ္ထုကိုရေးတော့ အစကနေအဆုံးထိရေးတဲ့အခါမှာ တစ်ခါမှ မပြင် လိုက်ရဘူးပေါ့နော်။ ကိုယ်တိုင်လည်းစိတ်တိုင်းကျတယ်။ ဒီဝတ္ထုတိုလေးက ရွှေအမြုတေနဲ့ လိုက်ဖက်မယ်ထင်တယ်ဆိုပြီး စိတ်ကူးရပြီးတော့ ပို့လိုက်တာ။ အဲဒီအချိန်မှာရွှေအမြုတေမှာ ကျွန်မရဲ့ စာမူ တစ်ခါမှ မပါဖူးသေးဘူး။ တစ်ခါမှလည်း မပို့ဖူးသေးဘူးပေါ့နော်။ ပထမဦးဆုံးပို့တဲ့ ဒီအပုဒ်လေး က၂ဝဝ၈-မှာ စပါတယ်။ ပါလာတဲ့ခံစားမှုကတော့ ဖော်ပြလို့ကိုမရပါဘူး။ အရမ်းပျော်တာပေါ့နော်။ အဲ့ဒီအချိန်က ရွှေအမြုတေဆိုတာ ဒီစာအုပ်ထဲပါဖူးမှကို စာရေးဆရာတစ်ယောက်အဖြစ် အသိ အမှတ်ပြုတယ်ဆိုတဲ့ ပုံစံမျိုးအထိရောက်အောင်ကို စာပေလောကမှာ သြဇာကြီးတဲ့စာအုပ်ဖြစ်နေ တဲ့အတွက်ရယ်၊ နောက်တစ်ခုက ဒီထဲမှာပါရင် စာဖတ်ပရိသတ်တွေသိကြတယ်ပေါ့နော်။ ကျွန်မစာမူလေးပါလာတဲ့အချိန်မှာလည်း တော်တော်လေး သတိထားမိကြတယ်။ စာဖတ်သူတွေဆီက “ အရမ်းကောင်းတာပဲ”ဆိုတဲ့ အသံကိုလည်း ပြန်ကြားရတယ်ပေါ့နော်။ ပြောရရင်တော့ ရွှေမှာ ပွဲဦးထွက်ပါတဲ့ ဒီအပုဒ်လေးက ရွှေအမြုတေစာပေဆုလည်း ပွဲဦးထွက်ရလိုက်တာပေါ့နော်။ ဆိုတော့ ဒီဟာလေးဟာ ကျွန်မအတွက် Masterpiece လည်းဖြစ်သွားတယ်။ ချောအိမာန်ဆိုရင်“ မန္တလေးကို ပျံသွားသလား” နဲ့တွဲပြီး သိတဲ့အထိဖြစ်သွားတယ်ပေါ့။ ဒါက ကျွန်မအတွက် တကယ့်အမှတ်တရပါ။

၅။ ဆရာမက စာပေဆုတွေလည်းရခဲ့တယ်လို့ သိရပါတယ်။ ဆရာမရရှိခဲ့ဖူးတဲ့ စာပေဆုလေးတွေ အကြောင်းလည်း နည်းနည်းလောက် ပြောပြပေးပါဦး။

စာပေဆုနှစ်ဆုကတော့ ၂ဝဝ၈-ခုနှစ်မှာ “ မန္တလေးကို ပျံသွားသလား” ဝတ္ထုတိုနဲ့ရခဲ့တဲ့ ရွှေအမြုတေစာပေဆု(ဝတ္ထုတိုဆု)နဲ့ ၂ဝ၁၆-ခုနှစ်မှာ “တောင်ကျမြူတွေဆိုင်းခဲ့ပြီ” ဝတ္ထုနဲ့ ရခဲ့တဲ့ ရွှေအမြုတေစာပေဆု(ဝတ္ထုရှည်ဆု)ပဲ ဖြစ်ပါတယ်။ နှစ်ပုဒ်လုံးကတော့ လူပြောလည်းများတယ်။ “မန္တလေးကို ပျံသွားသလား” ကတော့ ပွဲဦးထွက်ဖြစ်တဲ့အတွက် ပိုပြီးတော့ အမှတ်တရဖြစ်တာပေါ့။

၆။ ဆရာမအတွက် ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပေါ်လာစေဖို့ ဘယ်လိုတွန်းအားတွေ၊ လှုံ့ဆော်မှုမျိုးတွေက အဓိကဖြစ်မလဲ ဆရာမ။

ဝတ္ထုတိုတစ်ပုဒ်ဖြစ်လာဖို့ လှုံ့ဆော်မှုကကျတော့ အဓိကက ကိုယ်မြင်တဲ့ခံစားမှုပေါ့နော်။ ကျွန်မတို့က ဒီအကြောင်းရာတစ်ခုကို မြင်တယ်။ စာရေးသူတွေက များသောအားဖြင့် အမြင်ကို ခံစားလို့ရတယ်။ ပြီးတော့ စိတ်ကူးနဲ့အဖြစ်နဲ့၊ တစ်ခါတလေ စိတ်ကူးထဲမှာတောင်  စာရေးဖို့တည် ဆောက်ပြီးသားတောင်ဖြစ်သွားတယ်ပေါ့။ သာမန်စာဖတ်သူတွေကျတော့ အဲ့ဒီအပေါ်မှာ ဒီတိုင်းရိုးရိုးပဲ ခံစားတယ်ပေါ့။ ကျွန်မတို့ ဝတ္ထုရေးတဲ့သူတွေကျတော့ ကိစ္စတစ်ခုဆိုလည်း ဒါကြီးက တကယ်ကို ဝတ္ထုတစ်ပုဒ်ပဲပေါ့။ ဒီခံစားမှုက ကောင်းလိုက်တာပေါ့နော်။ အဲ့လိုမျိုးစိတ်ထဲရောက်လာတယ်ပေါ့။ ရောက်လာတဲ့ဇာတ် လမ်းဇာတ်ကွက်တွေ၊ လူတစ်ယောက်ရဲ့ ဖြစ်စဉ်တွေက ကျွန်မတို့ရင်ထဲကို လှုံ့ဆော်ရိုက်ခတ်တာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ စာရေးသူဖြစ်နေတဲ့အတွက် မရေးရဘဲ မနေနိုင်အောင် ဖြစ်တယ် ပေါ့နော်။ အဲ့ဒါက ကျွန်မတို့ ဘယ်လိုပြောမလဲ စာရေးသူတွေမှာပါလာတဲ့ orginal လှုံ့ဆော်မှုပေါ့။ သာမန်စာဖတ်သူတွေမှာတော့ အဲ့ဒီလိုလှုံ့ဆော်မှုသိပ်မဖြစ်ဘူးပေါ့။ သူက ဒါကိုတွေ့လိုက်လို့ ခံစားရင်တော့ ခံစားလိုက်ပေါ့နော်။ “ပန်းရောင်းနေတဲ့ ကလေးလေး သနားစရာ ကောင်းလိုက်တာ” ပေါ့နော်။ အဲဒီလောက်ပဲခံစားမယ်။ ကျွန်မတို့စာရေးသူတွေကျတော့ အဲ့ဒီရဲ့ ပန်းရောင်းတဲ့ကလေး လေးရဲ့ နောက်ကွယ်က သူရဲ့အကျင့်စာရိတ္တတွေ၊ သူ့ရဲ့မျက်လုံး၊ သူဟာပန်းရောင်းနေပေမဲ့ ဘယ်လို စိတ်ထားမျိုးလေးရှိတယ်၊ ဘယ်လိုကူညီလိုက်တာ။ ဒါလေးက ဆောင်းပါးလေးဖြစ်မယ်။ တစ်ခါတလေ ဝတ္ထုဖြစ်ချင်ဖြစ်မယ်။ အဲ့ဒီလိုခံစားပြီးတော့သွားနေတာပေါ့။ ဒီခံစားမှုက ဝတ္ထုရေးဖြစ်ဖို့ကို တွန်းအား၊ ဒါမှမဟုတ် စိတ်ရဲ့လှုံ့ဆော်မှုဖြစ်မှာပေါ့နော်။

၇။ ဆရာမ ရေးသားခဲ့ဖူးတဲ့ဝတ္ထုတိုလေးတွေထဲက ဆရာမအကြိုက်ဆုံးလည်းဖြစ်၊ အမှတ်တရလည်း ရှိခဲ့ တဲ့ဝတ္ထုတိုလေးရှိရင် တစ်ပုဒ်လောက်ပြောပြပေးပါ ဆရာမ။

ကျွန်မရေးခဲ့တဲ့ထဲကဆိုရင်တော့ “မန္တလေးကို ပျံသွားသလား” နဲ့ “ တောင်ကျမြူတွေဆိုင်းခဲ့ပြီ ” ဆိုတဲ့ ဝတ္ထုလေးနှစ်ပုဒ်လို့ပဲ ပြောရမှာပေါ့။ နှစ်ပုဒ်လုံးကတော့ လူပြောလည်းများတယ်။ ပြီးတော့ ကိုယ်တိုင်လည်း စိတ်နှစ်ပြီးရေးထားတယ်။ နှစ်ပုဒ်ထဲမှာ “ မန္တလေးကို ပျံသွားသလား” ကတော့ ပွဲဦး ထွက်ဖြစ်တဲ့အတွက် ပိုပြီးတော့ အမှတ်တရဖြစ်တာပေါ့နော်။

၈။ ဆရာမက မကြာခင်ကမှ ဥရောပ ၆-နိုင်ငံကို စာပေခရီးစဉ်အနေနဲ့ သွားခဲ့သေးတယ်လို့ သိရပါ တယ်။ စာရေးဆရာမတစ်ယောက်အနေနဲ့ နိုင်ငံတကာ ခရီးစဉ်မှာ တွေ့မြင်ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတလေးတွေကိုလည်း စာဖတ်ပရိသတ်ကြီးကို ပြန်မျှဝေပေးပါဦး။

ရန်ကုန်က စာပေမိတ်ဆွေတွေနဲ့ အတူတူသွားဖြစ်တဲ့ ၆နိုင်ငံပေါ့။ တစ်နိုင်ငံကို ၂ ရက်စီ လောက်နဲ့ ဆယ့်လေးရက်ကြာတယ်ပေါ့နော်။ မြန်မြန်လည်း သွားရတယ်။ ကိုယ်ရောက်ချင်တဲ့နေရာ တွေကိုလည်း စုံအောင်သွားရတယ်ပေါ့နော်။ အဲ့ဒီမှာ ကောင်းတာတစ်ခုက စာပေမိတ်ဆွေတွေနဲ့ အချင်းချင်းသွားရတဲ့အခါမှာ ကိုယ့်အသိ၊ သူ့အသိတွေ အများကြီးဖလှယ်ခွင့်ရခဲ့တယ်ပေါ့။ တစ်နိုင်ငံ ပြီး တစ်နိုင်ငံကူးရတဲ့အခါမှာ ကျွန်မတို့တွေကြုံတဲ့အခါမှာ ဘယ်လိုပြောမလဲ စာမျက်နှာတစ်ရွက်ကို အပြောင်းအလဲတွေနဲ့ လှန်လိုက်ရသလိုပဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုအနေထား၊ တည်ဆောက် ပုံ၊ ရာသီဥတုစသဖြင့်ပေါ့။ ဟိုဘက်ပိုင်းရောက်တော့မှ ကျွန်မတို့က နော်ဝေကစတာကိုး။ နော်ဝေက တော့ တအားအေးသေးတယ်။ အဲဒီအခါကျတော့ သဘာဝရှုခင်းတွေ ယဉ်ကျေးမှု၊ မြို့ပြအခြေအနေ အားလုံးဟာ မတူညီဘူး။ လုံးဝကိုတစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားတယ်။ အနုပညာ၊ ယဉ်ကျေးမှုတည် ဆောက်ပုံတွေကလည်းမတူဘူးပေါ့။ ဒါပေမယ့် အားလုံးကကောင်းနေတာတစ်ခုက စနစ်ပေါ့နော်။ စနစ်အရမ်းကောင်းတယ်။ နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေးပေါ့။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးတဲ့ အခါမှာ လမ်းပန်းဆက်သွယ်ရေးအရမ်းကောင်းတဲ့အတွက် ဘယ်လောက်ကြာကြာမပင်ပန်းဘူး။ လမ်းတွေကောင်းတယ်။ ကားတွေ ကောင်းတယ်။ လူတွေကို safe ဖြစ်တယ်ပေါ့နော်။ သွားလာတဲ့ နေရာမှာ လုံခြုံမှုရှိတယ်။ ဘယ်အချိန်များ ငါ့ကားကြီးမှောက်မလဲဆိုတဲ့ဟာမျိုး လုံးဝမရှိဘူးပေါ့နော်။ နောက်တစ်ခုက သူက ခရီးသွားတွေပေါ်မှာလည်း တော်တော်လေး care ဖြစ်တယ်။ ဂရုစိုက်ပေး တယ်။ ကျွန်မတို့ ညတွေမှာ ကဗျာရွတ်ပွဲတွေလုပ်ကြတယ်။ နောက် သူတို့နိုင်ငံရဲ့ယဉ်ကျေးမှု၊ ဓလေ့ စရိုက်တွေပေါ့နော်။ သူတို့တွေလည်း အကုန်လုံးပြောပြကြတယ်။ နောက် ဒီအနုပညာတွေ မတူတဲ့ ဟာတွေပေါ့။ မတူတဲ့ဟာတွေ ကျွန်မတို့ခံစားရတယ်။ သူတို့ရဲ့ မြို့ဖွဲ့စည်းပုံပေါ့၊ မြို့ဖွဲ့စည်းပုံကစ မတူတာတွေလည်း ရှိတယ်။ အဲဒီအခါကျတော့ နော်ဝေ၊ ဒိန်းမတ်။ ဒိန်းမတ်ဆိုလို့ရှိရင် အမှန်အတိုင်း ပြောရရင် ကျွန်မစိတ်ထဲမှာ ဂျာမနီတို့ ပြင်သစ်တို့ တကယ့်ဒိတ်ဒိတ်ကြဲတွေပေါ့။ ဒိန်းမတ်ကတော့ ပုံမှန်လောက်ပေါ့။ ဒါပေမဲ့ တကယ်ရောက်သွားတဲ့အခါမှာ အဲ့နိုင်ငံရဲ့ ဒီပူပေဟေကင်မြို့တော်က တော်တော်ကြီးကို သာယာတာတွေ့ရတယ်။ သူ့ရဲ့ မြို့ဖွဲ့စည်းပုံက အရမ်းလှတယ်ပေါ့။ ဆူညံသံတွေ ဘာမှမကြားရဘူး။ လေထုက အရမ်းသန့်ရှင်းတယ်။ အဲနှစ်ခုကို သူက အရမ်းထိန်းချုပ် ထားတာ တော်တော်လေးတောင်ကြာပြီပေါ့။ ဘာကို ထိန်းချုပ်လိုက်လည်းဆိုတော့ ကားတွေ မမောင်းဘူး။ မြို့တွေမှာဆို စက်ဘီးစီးတယ်။ နောက်တစ်ခု ရထားတွေကို ထိန်းချုပ်လိုက်တယ်။ ရထားတွေမရှိဘူး။ မြို့ရှုပ်ထွေးနေတာတွေ မရှိဘူးပေါ့နော်။ အဲ့ဒီခါကျတော့ သူတို့က ဘယ်နားကို ကြည့်လိုက်ကြည့်လိုက် ဖုန်မှုန့်မရှိဘူး။ အားလုံးက သန့်ရှင်းနေတာပေါ့။ ရာသီဥတုကလည်း ကောင်းတယ်ဆိုတော့ သန့်ပြန့်နေတဲ့ ဒီမြို့တော်လေးတစ်ခုပေါ့နော်။ အဲ့ဒီမှာလည်း တကယ့်ကို ရာဇဝင်ကြီးတွေ ရှိခဲ့တဲ့နေရာတွေပေါ့။ ပုံပြင်ဝတ္ထုစာရေးဆရာ အန်ဒါဆင်းရဲ့ဇာတိပဲ။ သူက ပူပေဟေကင်မှာတော့ မွေးတာ မဟုတ်ဘူး။ သူက အဲဒီက နယ်လေးမှာမွေးတာ။ အဲဒီကနေမှ သူအရမ်းထိုးဖောက်ပြီး ကမ္ဘာကျော် ဖြစ်လာတာဆိုတော့ ဒါသူတို့နိုင်ငံရဲ့ ကမ္ဘာကျော်အန်ဒက်ဇင်း ရုပ်ထုတို့ ဘာတို့လဲ ရှိတယ်။ ပြီးတော့ အန်ဒက်ဇင်း ကနေမွေးဖွားပေးလိုက်တဲ့ရေသူမပေါ့။ ဒီရေသူမရုပ်ထုဆိုရင် တကယ့် ကမ္ဘာ့အနှံအပြားက ဧည့်သည်တွေ လာကြည့်ကြတာလေ တိုးကြိတ်နေတာပဲ။ ပြီးတော့ ရိုစီနန်းတော် တို့ ရိုမီိယိုနဲ့ဂျူးလိယက်ရိုက်တဲ့ နန်းတော်ဟောင်းတွေပေါ့နော် အဲဒီမှာတွေ့ရတယ်။ အဲ့လိုဆိုတော့ ဘုရင်မက ခုချိန်ထိရှိသေးတယ်။ ထူးခြားတာတစ်ခုကတော့ ဒီဘုရင်မက ပြည်သူတွေနဲ့ အင်မတန် နီးစပ်တယ်ပေါ့နော်။ သူကသူ့ရဲ့ နန်းတော်အဆောက်အဦးတွေ ရှိတယ်။ အဲ့ဒီအထဲကိုအကုန်ဝင်လို့ ရတယ်။ အဲဒီခန်းမကြီးထဲကိုလည်း ဝင်လို့ရတာပေါ့။ အဲဒီပတ်ဝန်းကျင်ကို အကုန်လုံးကြည့်လို့ရတယ်။ သူ့မွေးနေ့ဆိုလို့ရှိရင် ဘုရင်မက လေသာဆောင်ကနေ ဒီပြည်သူတွေကို စကားပြောတယ်ပေါ့။ အဲ့သူတို့ နိုင်ငံမှာတော့ ပြည်သူတွေနဲ့ ဘုရင်မနီးနီးစပ်စပ်ရှိကြတဲ့ပုံစံမျိုးကို လည်း တွေ့ခဲ့ရတယ်။ ဆိုတော့ ကျွန်မ ဒီဘူပေဟေကင်မြို့လေးကို သဘောကျတယ်ပေါ့နော်။ သူက သဘာဝပတ်ဝန်းကျင် ကိုလည်း အရမ်းထိန်းသိမ်းတဲ့အတွက် သဘာဝပတ်ဝန်းကျင်ရဲ့ညီလာခံကို အဲ့ဒီမှာကျင်းပဖို့ ရွေးချယ်ခဲ့ကြတယ်ပေါ့နော်။ နောက် ကျွန်မတို့ ဂျာမနီနဲ့ နယ်သာလန်ကိုရောက်တယ်။ ပြင်သစ်ကနေမှ စပိန်မှာ ခဏပဲ။ စပိန်ကနေမှ ပြန်လာတယ်။ ကျန်တဲ့နိုင်ငံအသီးသီးမှာလည်း ပြောမယ်ဆိုရင်တော့ ပြောစရာတွေ အများကြီးပေါ့နော်။ ပြင်သစ်မှာဆိုရင်တော့ သူတို့ရဲ့အရင်လူတွေကိုလေ လွန်တောင်လွန်လွန်းတယ်လို့တောင် ကျွန်မစိတ်ထဲ ထင်မိတယ်။ ဘာလို့လဲ ဆိုတော့ သူ့နိုင်ငံအတွက်ထားပစ်ခဲ့တဲ့ အနုပညာတွေက တစ်သက်စာမကဘူး လုပ်စားပေတော့ပဲ။ သူ့နိုင်ငံ အတွက်လုပ်စားလို့ ရတယ်ပေါ့နော်။ ဘုရင်တွေရဲ့ နန်းတော်အဆောက်အဦတွေက ခုချိန်မှာ ဝင်ငွေ အရမ်းရတယ်လေ။ အဲ့ဒီဆောက်အဦးတွေထဲမှာ ဝင်ကြည့်တဲ့ဝင်ငွေက တိုင်းပြည်အတွက်ပေါ့လေ။ ဘဏ္ဍာဝင်ငွေတွေ အများကြီးရှာပေးနိုင်တယ်ပေါ့။ ပန်းခြံတွေဆိုလည်း အကျယ်ကြီးပဲ။ အဆောက် အဦးတွေဆိုလည်း ပြောစရာကို မလိုဘူး။ ခမ်းနားကြီးကျယ်တယ်ပေါ့နော်။ အဲဒီမှာ အနုပညာ လက်ရာတွေ အရမ်းများတယ်။ ပြင်သစ်ကတော့ ပန်းပုတွေအများကြီးတွေရတယ်။ ကျောက်တွေနဲ့ လုပ်ထားပြီးတော့။ အဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒါအနာဂတ်အတွက် အရမ်းထိန်းသိမ်းနိုင် တယ်။ နောက်ပြီး ဒါတွေက တိုင်းပြည်အတွက်ပေါ့လေ။ တကယ့်ကို ဝင်ငွေတွေ နေ့စဉ်အရမ်းရနေတဲ့ နေရာတွေပေါ့လေ။ အများကြီးပေါ့။ အဲဒီတော့ ကျွန်မ သူတို့တိုင်းပြည်အတွက် ထားပေးခဲ့တဲ့ဟာတွေ အတွက်တော့ ဘာပဲပြောပြော ဂုဏ်ယူစရာပေါ့လေ။ နောက်လူတွေအတွက်ကိုပေါ့။ သူများနိုင်ငံတွေ သွားရင်တော့ အမှန်တိုင်းရင်တော့ လေယာဉ်ကွင်းဆင်းကတည်းက ကျွန်မဖတ်ဖူးသလိုပေါ့။ သူများ နိုင်ငံရောက်လို့ လေယာဉ်ကွင်းရောက်ရင် ငိုချင်စိတ်ပေါက်တယ်ဆိုတာလည်း အဟုတ်ပဲ။ ကိုယ်တိုင် ကြုံရတဲ့အခါမှာ တကယ်ငိုချင်စိတ်ပေါက်တယ်။ ကျွန်မတို့က translet က ဒူဘိုင်းပေါ့။ ဒူဘိုင်းဆိုတဲ့ အခါကျတော့ ဒူဘိုင်းကို ညမှာ ဆင်းရတော့အခါကျတော့ အဲ့ဒီလေယာဉ်တစ်ကွင်းလုံးကြီးကလေ မီးတွေနဲ့ ထိန်ထိန် လင်းနေတာ။ တကယ်ကိုလေ အရမ်းလှနေတာ။ အဲ့လိုမျိုးပေါ့လေ ကျွန်မတို့ မြန်မာလေယာဉ်ကွင်းကို ဆင်းလိုက်ရင် မီးလေးမှိတ်တုတ်မှိတ်တုတ်နဲ့ လမ်းကြောင်းလေးပဲ မြင်ရတယ်ဆိုတော့ဒါ နဂိုတုန်းကလည်း စာတွေထဲဖတ်ဖူးတာပေါ့နော်။ ဖတ်ဖူးတဲ့အခါကျတော့ ဒါတကယ်ပဲလို့ နှိုင်းယှဉ်ပြီးတော့ ဖြစ်သွားတဲ့ ခံစားတဲ့စိတ်ပေါ့နော်။ သူများနိုင်ငံနဲ့ ကိုယ့်နိုင်ငံကို နှိုင်း ယှဉ်ပြီးခံစားတာပေါ့နော်။ ဒူဘိုင်းလေဆိပ်ဆို တကယ့်ကို အဲ့ဒီမြို့တစ်မြို့စာလောက်ကြီးမားတာပေါ့ နော်။ အစစအရာရာ အတွေ့အကြုံဗဟုသုတတွေလည်း အများကြီးရခဲ့ပါတယ်။

၉။ လက်ရှိအချိန်အထိ ဆရာမ ထုတ်ဝေခဲ့ပြီးသားစာအုပ်တွေဘယ်နှအုပ်လောက် ရှိပါပြီလဲ။ နောက် ထပ်ထုတ်ဝေဖို့ရှိနေတဲ့ စာအုပ်လေးတွေရှိရင်လည်း သိပါရစေ။

ဘယ်နှအုပ်ရှိပြီလဲဆိုတော့ အိပ်မက်စစ်စစ်ရယ်၊ ချောအိမာန်ပြီးတော့ ငွေဇင်ယော်ဦးရယ်၊ ရေညှိတက်သွားတဲ့အိပ်မက်မြူခိုး၊ မန်မိုရီမိုးစက်များရယ်၊ ရေစိုစိုရယ် အင်း… အားလုံးပေါင်း ၈-အုပ် ရှိပါပြီ။ စုပေါင်းစပ်ပေါင်းတွေကတော့ အများကြီးမို့ အတိအကျမမှတ်မိတော့ပါဘူး။

၁ဝ။ ဆရာမ အနှစ်သက်ဆုံးစာရေးဆရာတွေနဲ့  အနှစ်သက်ဆုံးစာအုပ်အမည်လေးတချို့ကို ပြောပြပေး ပါ ဆရာမ။

အနှစ်သက်ဆုံးက စာရေးဆရာ၊ ဆရာမကြီးတွေကတော့ အများကြီးပေါ့နော်။ မစန္ဒာ၊ နုနုရည် (အင်းဝ)၊ မိုးမိုး(အင်းလျား)၊ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေးပေါ့။ စာကတော့ အစုံဖတ်ချင်တဲ့ အတွက် ဖတ်ဖြစ်ပါတယ်။ စာရေးဆရာငယ်လေးတွေရေးတဲ့ထဲကလည်း အရမ်းကြိုက်တာတွေ ရှိပါတယ်။ ကြိုက်တာလေးတွေ တော်တော်များများရှိပါတယ်။

၁၁။ အစ်မအနေနဲ့ စာပေလောကကို တက်လှမ်းစမှာ ဘယ်လိုမျိုး အခက်အခဲတွေကို ကြုံတွေ့ခဲ့ရ ပါသလဲ။ အတားအဆီးတွေ၊ အတိုက်အခိုက်တွေကြုံတွေ့ရတဲ့အခါ  ကြံ့ကြံ့ခံနိုင်အောင် ဘယ်လိုစိတ် ဓာတ်ခွန်အားတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသလဲ။

အခက်အခဲသိပ်အများကြီးတော့ မကြုံတွေ့ခဲ့ရပါဘူး။ အတိုက်အခိုက်ဆိုလည်း စာပေနဲ့ပတ် သက်ပြီးတော့လည်း ဝေဖန်သံ အဲ့ဒီလိုမျိုးကြီးတော့ ပစ်စလက်ခတ်မကြားဘူးဖူးပေါ့နော်။ တခြားသော ကိစ္စတွေမှာ လူမှုပတ်ဝန်းကျင်မှာနေတာဆိုတော့ မလွတ်ပါဘူးပေါ့နော်။ အဲ့လိုဖြစ်လာတဲ့အခါ  ကျွန်မ တို့မှာ ဒီအားသာချက်တစ်ခုက ဒီစာဖတ်ထားတဲ့အခံရယ်၊ စာရေးသူတစ်ယောက်ဖြစ်နေတာရယ် ကြောင့် ကိုယ်က သူများကို ပြောပြနေရတာလေ။ ဘယ်လိုခံယူမယ် ဘယ်လိုစိတ်ထားထားရမယ်၊ ဘယ်လိုပေါ့ပေါ့ပါးပါးသွားရမယ်ဆိုတဲ့အခါကျတော့ ကိုယ်ကိုယ်တိုင် ဖြစ်လာတဲ့အခါမှာလည်း ဒါတွေ က သိပ်ပြီးတော့ ခံနိုင်ရည်တွေရှိပြီးသားဖြစ်သွားတာပေါ့။ ငယ်တုန်းက စိတ်ကတော့တစ်မျိုးပေါ့။ ကြီးလာတော့ စာတွေလည်း ရေးလာတယ်။ ဘယ်လိုနေထိုင်မယ်၊ ဘယ်လိုစိတ်ထားမျိုးထားမယ်၊ ပြောဆိုမယ်၊ ပြုမှုမယ်ကိစ္စမျိုးတွေ သူ့အလိုလိုသိလာတဲ့အခါမှာ ဒါတွေက ခံနိုင်ရည်ရှိပြီးသား ဖြစ် သွားတာပေါ့နော်။ အသက်အရွယ်နဲ့ အတွေ့အကြုံက အများကြီးစကားပြောတယ်ပေါ့နော်။

၁၂။ အားလပ်ချိန်လေးတွေမှာကော စာရေးခြင်းအပြင် တခြားဘာလေးတွေလုပ်ဖြစ်သေးလဲ ဆရာမ။

ကျွန်မ လူမှုရေးလေးတွေလုပ်ဖြစ်ပါတယ်။ ပရဟိတလုပ်တဲ့ကိစ္စမျိုးတွေပါလာရင်လည်း လုပ် ပေးတာတွေရှိတယ်။ နောက်စာပေကိစ္စလိုဟာမျိုးမှာလည်း  တစ်ခါတစ်လေအခကြေးငွေ မရသော် လည်း လိုက်လုပ်ပေးတာလေးတွေရှိပါတယ်။

၁၃။ စာဖတ်ခြင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လောက် အတိုင်းအတာအထိ ပြောင်းလဲနိုင်စွမ်း ရှိတယ်လို့ ဆရာမထင်ပါသလဲ။

စာဖတ်ခြင်းဆိုတာ မှောင်နေတဲ့ အထဲမှာ စာဖတ်တဲ့သူက အလင်းရောင်မြင်နိုင်တယ်ပေါ့နော်။ အဲ့ဒီလူက ပိုပြီးတော့ စာဖတ်ထားလို့ရှိရင် အလင်းကို သူများထက်ပိုပိုပြီးတော့ မြင်နိုင်တယ်ပေါ့။ အဲ့ တော့ မဖတ်တဲ့သူထက်စာရင် ဖတ်တဲ့သူက ပိုမြင်နိုင်တယ်ဆိုတော့ အဲ့ဒီပိုဖတ်တဲ့သူက ပိုမြင်နိုင် တယ်ပေါ့။ အဲ့တော့စာဖတ်ခြင်းက ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်စာကိုပဲဖတ်ဖတ် တစ်ချိန်ချိန်မှာတော့ သူက အံဝင်ခွင်ကျ အသုံးဝင်တယ်။ ကျွန်မတို့ ဟောပြောတဲ့သူတွေအတွက်ဆို ပိုပြီးတော့တောင် သိ သာသေးတယ်။ ကျွန်မတို့ ဖတ်ခဲ့တဲ့စာလေးက ဒီနေရာမှာအသုံးဝင်ရင် ဖျတ်ခနဲ သုံးလိုက်ရုံပဲပေါ့။ ဝမ်းစာဆိုတာ အဲ့ဒါကိုပြောတာပေါ့။ ကိုယ်အတွင်းမှာဘာမှမရှိဘဲနဲ့ ဘာမှပြောလို့မရဘူးဖြစ်နေတယ်။ အဲ့လိုမျိုးပေါ့နော်။ ကျက်ပြီးတော့လည်း ပြောလို့မရဘူးပေါ့။ ကိုယ့်အတွေ့အကြုံတွေပါမယ်၊ ပညာတွေ ပါမယ်ပေါ့။ အဲ့တော့ ဒီစာဖတ်ခြင်းအကျိုးကျေးဇူးကတော့ ပြောမကုန်နိုင်အောင်ကို များပြားလှပါတယ်။

၁၄။ လက်ရှိမှာ စာပေလောကထဲတိုးဝင်ဖို့ ကြိုးစားနေတဲ့မျိုးဆက်သစ်လူငယ်တွေကို ဆရာမအနေနဲ့ အကြံပြုအားပေးစကားလေးတွေ နည်းနည်းလောက်ပြောပေးပါဦး။

မျိုးဆက်သစ်လူငယ်တွေအတွက်ကိုကြတော့ ကျွန်မတို့တုန်းကလိုမဟုတ်ဘူး။ ခုကျတော့ ဘယ်လိုလဲဆိုတော့ သူတို့ရေးချင်တာလေးတွေကို ဖေ့ဘုတ်မှာရေးခွင့်တယ်အခါ ကိုယ့်ရဲ့ page ပေါ့။ ကိုယ့်ရဲ့စာမျက်နှာကြီးတစ်ခုလုံးမှာ ကိုယ်ကြိုက်သလိုရေးလို့ရတယ်။ Add လုပ်မယ့်သူမရှိဘူးပေါ့။ အယ်ဒီတာမရှိဘူး။ ကြိုက်တာတင်ရေးလို့ရတယ်။ အဲ့ဒီမှာ comment တွေကို ပြန်ဖတ်ရတဲ့အခါမှာ ပိုပြီးတော့ကျေနပ်ကျ၊ သာယာကျတယ်ပေါ့နော်။ ဒါပေမယ့် အပြင်ဒီအပေါ်မှာ ဒီလိုရွေးချယ်ဖို့ သူတို့မှာ အင်အားနည်းလာတယ်။ မဂ္ဂဇင်းတွေ အားနည်းလာတယ်။ ဒီမဂ္ဂဇင်းတွေအပေါ်ကို ဖတ်ရှုသူ ပိုအား နည်းလာတာလည်းတစ်ပိုင်းပေါ့။ အဲ့မှာသူတို့က ဒီပေါ်မှာ ပိုပြီးတော့ အာရုံဝင်စားမှုတွေ များလာတယ် ပေါ့။ ပိုပြီးတော့ ခိုင်မာချင်တယ်။ ပိုပြီးတော့ ပရိသတ်ကိုလေ ရယူဖို့ဆိုလို့ရှိရင် စာအုပ်မှာလည်း ရေးကြ ပါ။ ဒီစာအုပ်ပေါ်လည်း ဖြတ်သန်းကြပါနော်။ အယ်ဒီတာစားပွဲရှေ့က ဖြတ်သန်းကြတဲ့အခါမှာ သူတို့အတွက် သက်ရောက်မှုနဲ့ ဂုဏ်တစ်ခုကလည်း မတူပါဘူး။ အဲ့ဒီလို ဖြတ်သန်းခွင့်ရနဲ့ စာရေးဆရာ ဆိုလို့ရှိရင် ပိုပြီးတော့ လေးစားအထင်ကြီးကြတယ်ပေါ့နော်။ အဲ့တော့အခါကျ ဒီအွန်လိုင်းပေါ်မှာပဲ သာယာမနေဘဲ စာအုပ်ထုတ်မယ်ဆိုရင်လည်း စာအုပ်ထုတ်မယ့်အပေါ် ဖြတ်သန်းဖို့အတွက်ကို ကဗျာဆိုလည်းကဗျာ၊ ဝတ္ထုဆိုလည်း ဝတ္ထုပေါ့နော်။ ဥပမာ ရွှေအမြုတေက ရွှေအသစ်ကဏ္ဍဆိုလည်း စာပေမျိုးဆက်သစ်တွေအတွက် ရည်ရွယ်တာဆိုတော့ ကိုယ်နာမည်တစ်ခုရအောင် ဝင်တိုးကြည့် သင့်ပါတယ်။ ဘာလို့လည်းဆိုတော့ သူတစ်ပုဒ်ကောင်း ကောင်းရင်လည်း ဆုအဖြစ်ရသွားနိုင်တယ်။ ဆုရသွားတာနဲ့ ကိုယ်နာမည်က ကလောင်နာမည်က ဘာပဲပြောပြော ခိုင်မာသွားပြီပေါ့နော်။ အဲ့ဒီလို့ပေါ့ အွန်လိုင်းတစ်ခုအပေါ် အရမ်းကြီးမသာယာဘဲနဲ့ ဒီ Print တွေပေါ် ဖြစ်မြောက်အောင် ရေးစေချင်တယ်။ ဒါက အပြုသဘောနဲ့အကြံပြုတာပါနော်။

၁၅။ အခုဆိုရင် မြန်မာအမျိုးသမီးလေးတွေကလည်း နယ်ပယ်အသီးသီးမှာ ယောကျာ်းသားတွေနဲ့ ရင် ပေါင်တန်းပြီး၊ ကမ္ဘာနဲ့ရင်ပေါင်တန်းပြီး နေရာယူအောင်မြင်နေကြပြီပေါ့နော်။ အဲ့ဒီလို ရင်ပေါင်တန်းပြီး အောင်မြင်အောင်ကြိုးစားချင်တဲ့၊ ကြိုးစားနေဆဲ အမျိုးသမီးငယ်လေးတွေအတွက်လည်း အကြံပြုအား ပေးစကားလေးတွေပြောပေးပါဦး ဆရာမ။

နောက်ပိုင်းမှာ ဒီကျောင်းမှာ Genter ခွဲခြားမှုတွေတောင်မှ အားလုံး ဆန္ဒတွေပြကြတာပေါ့နော်။ ဆန္ဒတွေပြကြတယ်။ ဟိုးအရင်ခေတ်တွေတုန်းက သူများနိုင်ငံတွေမှာလည်းရှိခဲ့တယ်ပေါ့နော်။ အဲဒီ တော့ အမျိုးသားနဲ့ အမျိုးသမီးက အခုလက်ရှိအခြေနေမှာကို တော်တော်လေးတောင်ကြာပါပြီ။ ရင်ပေါင်တန်းပြီးတော့ အလုပ်လုပ်နေတာဆိုတော့ အိမ်တစ်အိမ်မှာ နဂိုတုန်းက ယောက်ျားလုပ်စာ တစ်ယောက်ထဲနဲ့ ရပေမဲ့ ခုမရတော့ဘူးလေ။ ခုမရတော့တဲ့အခါကျ အမျိုးသမီးတွေကလည်း ထွက်ပြီး အလုပ်လုပ်ကြတယ်။ အလုပ်လုပ်ကြတဲ့အခါမှာ သူကစာတွေဖတ်ထားမယ်၊ သူများထက် ထက်ထက် မြက်မြက်ရှိမယ်ဆိုရင် အမျိုးသားတွေထက်တောင်တော်ပြီး ထိပ်တန်းရောက်တဲ့ အမျိုးသမီးတွေဖြစ် လာမယ်ပေါ့နော်။ အဲ့လိုမှ မဟုတ်ဘဲနဲ့ ယောက်ျားရှေ့လက်ဖြန့်ခံ ပိုက်ဆံလေးကိုပဲယူပြီးတော့ အိမ်မှာ အိမ်ရှင်မ တာဝန်ကျေတဲ့သူလည်းရှိတယ်၊ တာဝန်မကျေတဲ့သူလည်းရှိတယ်။ အိမ်ရှင်မအလုပ်ကလေး လုပ်ပြီးတော့ ကလေးကျောင်းကြိုကျောင်းပို့နဲ့ ပြီးသွားတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိတယ်ပေါ့။ ဘဝပေးအခြေအနေတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူးပေါ့။ ဒါပေမဲ့ ကျွန်မကတော့ ဒီလို အမျိုးသမီးတစ်ယောက်အနေနဲ့ပေါ့နော် အိမ်ထောင်ပြုခြင်းထက် များစွာသောအရေးကြီးတဲ့ကဏ္ဍ တွေလည်း အများရှိတယ်။ အများကြီးလုပ်လို့ရတဲ့ လုပ်ပိုင်ခွင့်လည်းရှိတယ်ပေါ့။ ကိုယ်က အိမ်ထောင် ပြုလိုက်တာနဲ့ ကိုယ့်ရဲ့ကဏ္ဍကြီးတစ်ခု မပြီးဆုံးသွား စေချင်ဘူးပေါ့။ တစ်ချို့က ကိုယ်ကဘွဲ့တွေ ရထားတယ်။ ဘွဲ့ရပြီးတော့ အလုပ်ကလေးကို တစ်နှစ်လောက်ပဲ လုပ်ရသေးတယ်။ အိမ်ထောင်ကျ သွားတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း ကလေးမွေးဘာမွေးနဲ့ အိမ်ထဲမှာပဲ နေပြီးတော့ သူ့ဘဝက ဒီတိုင်းကြီးပဲဖြစ်သွားတာပေါ့။ သူထပ်ပြီးတော့ ဘာအလုပ်မှလည်းမလုပ်တော့ဘူး။ သူရထားတဲ့ဘွဲ့ ကလည်း အလကားဖြစ်သွားတယ်။ ဒီကြားထဲသူက စာပေကိုမလိုက်စားဘဲနဲ့နေတယ်ဆိုရင် သူရဲ့ တဖြည်းဖြည်း အသိဉာဏ်ရော သူသင်ထားတဲ့ပညာတွေကောကလေ တစ်ဖြည်းဖြည်းနဲ့ ဆုံးရှုံးသွား ရတာပေါ့။ အဲ့ဒီလို သူက သူများနဲ့ယှဉ်တဲ့အခါမှာ ကိုယ်သူငယ်ချင်း အပေါင်းအသင်းတွေရှိမယ်။ ကိုယ်နဲ့ တန်းတူလယ်ဗယ်တန်းတွေနဲ့ယှဉ်တဲ့အခါမှာ သူကအရမ်းကွာသွားပြီးတော့ ကိုယ့်ကိုယ်ကို လေ နောက်ကျတဲ့သူတစ်ယောက်ဖြစ်သွားမယ်ပေါ့နော်။ အခုအိမ်ထဲမှာ ဖေ့ဘုတ်သုံးကြတဲ့အမျိုးသမီး တွေရှိမယ်။ ဒါပေမဲ့ အဲ့ဒီအသိပညာနဲ့ ကျွန်မတို့ အပြင်ကနေပြီးတော့ လေ့လာပြီးသင်ယူထားတဲ့ပညာ တွေနဲ့က အားလုံးအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး လူလောကထဲ ကျင်လည်ရတော့မယ့်ပညာနဲ့ မတူ ဘူး။ လုံးဝကိုပေါ့နော်။ အဲ့ဒီအခါကျတော့ ထက်ထက်မြက်မြက်နဲ့ အမှားအမှန်ဆင်ခြင်ပြီးတော့ ထက် ထက်မြက်မြက်နဲ့ စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေပေါ့နော်။ အဲ့လိုမျိုးတွေကို သဘောကျတယ်။ အဲ နောက် ကျွန်မတို့က ဒီ မိန်းကလေးတော်တော်များများက ဒီ personalတွေ ခွဲခြားလိုက်မယ်ဆိုရင် မင်းသမီးဖြစ်ချင်တာ၊ မော်ဒယ်ဖြစ်ချင်တာ၊ အဆိုတော်ဖြစ်ချင်တာများတယ်။ ဒီစာပေဘက်က နည်း တယ်။ နည်းတဲ့အတွက်လည်း ဟိုဘက်မှာ အရှိန်တွေက တအားတိုးတက်တယ်။ Miss တွေပေါ်လာ တယ်၊ သူတို့ရဲ့ဂီတဘက်တွေမှာပေါ်လာတယ်။ ဂီတဘက်ပေါ်လာတဲ့ အဆိုတွေဘက်မှာလည်းပေါ် လာတယ်။ Chance တွေလည်းသူတို့ အခွင့်အလမ်းတွေအများကြီးရှိတယ်။ အဲ့လိုမျိုးပေါ်လာပြီး ဒီစာ ပေဘက်ကျ တဖြည်းဖြည်းဝါသနာပါတဲ့သူတွေက လုပ်တော့လုပ်ကြတယ်။ သူက သိပ်ပြီးတော့ ရှေ့ကို မရောက်ဘူးပေါ့။ တဖြည်းဖြည်း နည်းနည်းလာတယ်။ အဲ့လိုခွဲခြားလိုက်မယ်ဆိုရင် ခေတ်လူငယ်တွေ ဟာ ဘာကိုအားသာနေမလဲဆိုရင် အဲ့ဒီလိုင်းဘက်တွေ ပိုအားသာနေမယ်ပေါ့နော်။ ဒါလေးကိုတော့ ကျွန်မနည်းနည်း အားမရတာပေါ့နော်။ အားမရတာဆိုတာလေ သူတို့ရဲ့လေ့လာမှုနဲ့ သူတို့ရဲ့သင်ယူမှု ပေါ့နော် အဲ့ဒါတွေက တစ်လိုင်းတည်းမှာပဲ ထူးချွန်နေတာမျိုးတွေ မဖြစ်စေချင်ဘူးပေါ့။ ကျွန်မတို့ ဘယ် နေရာမှာပဲဖြစ်ဖြစ်လုပ်တဲ့ အမျိုးသမီးတွေဟာ Miss ပဲလုပ်လုပ်၊ ဒီစာပေနယ်မှာပဲ လုပ်လုပ်၊ ဘယ်နေ ရာမှာပဲလုပ်လုပ်ပေါ့ စာပေနဲ့ တွဲထားသင့်ပါတယ်။ တွဲထားတဲ့အခါမှသာ အသိပညာသူများထက်သာ မယ်ပေါ့နော်။ ဒါကြောင့် စာများများဖတ်ကြဖို့ပဲ အားလုံးကို အားပေးတိုက်တွန်းချင်ပါတယ်ရှင်။

စာဖတ်သူတွေအတွက် ရသဝတ္ထုကောင်းလေးတွေအများကြီးရေးဖွဲ့ခဲ့တဲ့ ဆရာမ ချောအိမာန် (မန္တလေး) ရဲ့ အဖြေလေးတွေထဲမှာ စာဖတ်သူတွေအတွက်၊ စာချစ်သူတွေအတွက် သိမှတ်စရာလေး တွေ အများကြီးရလိုက်မယ်ထင်ပါတယ်။ အင်တာဗျူးမေးခွန်းလေးတွေကို စိတ်ရှည်လက်ရှည်ဖြေကြား ပေးခဲ့တဲ့ဆရာမကို ကျေးဇူးတင်ရှိသလို ဆက်လက်ပြီးတော့လည်း စာပေလောကမှာ အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေ လို့ ဂန္ထဝင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။