တိကျသေချာတဲ့ အစီအစဉ်ကောင်းတွေက သင့်ကို အောင်မြင်မှုဆီ တွန်းပို့နိုင်ပါတယ်

blank

ယနေ့ခေတ်လူငယ်တွေရဲ့ ဘဝဟာ ကတိကဝတ်တွေ၊ တာဝန်ဝတ္တရားတွေ များပြားလွန်းလှပါတယ်။ ပေးဆောင်ရမယ့် အခွန်အခတွေ၊ ကြည့်ရှုစောင့်ရှောက်ရမယ့် မိသားစုတွေ၊ ပြီးပြတ်အောင်လုပ်ဆောင်ရမယ့်အလုပ်တွေ ကြားမှာ အချိန်ကို ကြိုးစားစီမံနေကြရပါတယ်။ အချိန်ကို ကောင်းစွာ မစီမံနိုင်တာနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ကိုယ်ပိုင်လွတ်လပ်ချိန်တွေအတွက် အချိန်မပေးနိုင်ဖြစ်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပါတယ်။

သူငယ်ချင်းတွေနဲ့ အတူတူ ရုပ်ရှင်ကြည့်တာ၊ အားကစားလုပ်တာ၊ စားသောက်တာတွေဟာ စိတ်ကို ပျော်ရွှင်ပေါ့ပါးစေမယ့် ကိစ္စရပ်လေးတွေဖြစ်ပေမဲ့ လူငယ်အများစုဟာ ဒီကိစ္စရပ်လေးတွေကို အပိုအလုပ်လို့သတ်မှတ်ပြီး အချိန်ပေးဖို့ တွန့်ဆုတ်နေတာလေးတွေကို တွေ့ရပါတယ်။ ဘဝကြိုးစားရုန်းကန်မှုတွေကြားမှာ စိတ်ကို အပန်းပြေစေနိုင်တဲ့ ဒီလိုကိစ္စရပ်လေးတွေအတွက် မဖြစ်မနေအချိန်ပေးသင့်ပါတယ်။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီတော့ အချိန်တွေကို မျှတအောင် အကောင်းဆုံးစီမံနိုင်ဖို့ အချိန်ဇယားတစ်ခုကို တိတိကျကျကျဆွဲသင့်ပါတယ်။ အချိန်ဇယားဆွဲသလို ကိုယ်လုပ်ရမယ့်ကိစ္စရပ်တွေကိုလည်း အစီအစဉ်ဆွဲပြီး အစီအစဉ်တကျ လုပ်ဆောင်သင့်ပါတယ်။ အစီအစဉ်တကျ လုပ်ဆောင်ခြင်းကြောင့် အလုပ်ကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ လစ်ဟင်းမှုမရှိတော့ဘဲ စိတ်ဖိစီးမှုတွေလည်း ကင်းဝေးသွားမှာ ဖြစ်ပါတယ်။

လူမှုအသိုင်းအဝိုင်းမှာ သွားလာလှုပ်ရှားနေသူတွေအဖို့ လူမှုရေးကိစ္စတွေက အနည်းနဲ့အများဆိုသလို ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ရေးကိုယ်တာ အကူအညီတောင်းတာ၊ သာရေးနာရေးကိစ္စတွေ ဖိတ်ကြားခံရတာ စသဖြင့်ပေါ့။ ဒီလို ကိစ္စရပ်တွေ အားလုံးကို သင့်အနေနဲ့ အားနာမှုကြောင့် တက်ရောက်တယ်၊ ကူညီနေတယ်ဆိုရင်တော့ အစီအစဉ်တွေ လွဲမှားပြီး ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေ သွားရမယ့်ကိစ္စ၊ မဖြစ်မနေ ကူညီရမယ့်ကိစ္စတွေလောက်သာ ခေါင်းထဲထည့်ပြီး စဉ်းစားလုပ်ဆောင်ပါ။ မတတ်နိုင်တဲ့ တောင်းဆိုမှုတွေကို ငြင်းလိုက်ပါ။

ဦးစားပေးစရာမလိုတဲ့ တောင်းဆိုမှုတွေကို ငြင်းပယ်ရာမှာလည်း မယုတ်မလွန်စကားတွေနဲ့ ပညာသားပါပါ ငြင်းပယ်တတ်ဖို့လိုပါတယ်။ “စိတ်မကောင်းပါဘူး၊ ကျွန်မမှာ အရေးကြီး ကိစ္စလေးတွေ ရှိနေလို့ပါ။”၊ “ဒီနေ့တော့ အရေးကြီးကိစ္စလေးတွေရှိလို့ မင်းနဲ့ လာမတွေ့နိုင်တော့ဘူးကွာ၊ နောက်တစ်ခေါက်မှ အေးအေးဆေးဆေးတွေ့ရအောင်လေ” စတဲ့ စကားလေးတွေနဲ့ ယဉ်ကျေးစွာ ငြင်းပယ်ပါ။

လူတစ်ယောက်ကို အရမ်းတွေ့ချင်နေတယ်၊ အားလပ်ချိန်လည်းမရှိဘူးဆိုရင် အချိန်ပေးပြီးတွေ့တာမျိုးမဟုတ်ဘဲ အစီအစဉ်အတိုင်းသွားရင်း သူ့အတွက်လည်းအချိန်ပေးနိုင်မယ့် “ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ” ဆိုတဲ့ အခြေအနေတစ်ခုကို ဖန်တီးပါ။ ဥပမာ- ဘတ်စ်ကားစီးမယ့်အစား ကိုယ်အရမ်းတွေ့ချင်နေတဲ့သူတစ်ယောက်ယောက်နဲ့ လမ်းအတူတူလျှောက်ပြီး စကားပြောတာတို့၊ အချိန်အကြာကြီးပေးရမယ့် ကိုယ်ကာယလေ့ကျင့်ခန်းတွေထက် အချိန်အနည်းငယ်သာပေးရပြီး ထိရောက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာတို့၊ အချိန်အနည်းငယ်ပေးပြီး မတွေ့ရတာကြာနေတဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေဆီ ဆက်သွယ်တာတို့ လုပ်သင့်ပါတယ်။

လူမှုရေးဘက်မှာရော၊ လုပ်ငန်းခွင်မှာရော အကောင်ဆုံးဖြစ်အောင်ကြိုးစားနိုင်ဖို့ အချိန်ကို ကောင်းစွာ စီမံနိုင်မှ ဖြစ်မှာပါ။ ကြိုတင်အစီအစဉ်ဆွဲထားခြင်းက ရုတ်တရက်ပေါ်ပေါက်လာတဲ့ ကိစ္စရပ်တွေကိုကောင်းစွာ စီမံနိုင်စေမယ့်အပြင် အချိန်ကို လောက်ငှစေနိုင်ပါတယ်။ အချိန်မလောက်လို့ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို ကင်းဝေးစေပြီး ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် အားလပ်ချိန်လေးတွေ စီစဉ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်နဲ့ လူမှုရေးမျှတအောင် စနစ်တကျ အစီအစဉ်ဆွဲပြီးမှ လုပ်ဆောင်ပါလို့ အကြံဉာဏ်ကောင်းလေး မျှဝေလိုက်ပါတယ်ရှင်။

မှတ်သားစရာ တစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။