ကမ္ဘာကျော်သူဋ္ဌေးကြီး ဝါရင်းန် ဘတ်ဖတ် (Warren Buffett) ဘာကြောင့် ဒီလောက်ချမ်းသာလာခဲ့တာလဲ

blank

           ကမ္ဘာမှာ ဒုတိယအချမ်းသားဆုံး သူဋ္ဌေးကြီး ဝါရင်းန် ဘတ်ဖတ် (Warren Buffett) ကို ဂန္ထဝင်ပရိသတ်တော်တော်များများ သိကြမယ်၊ ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဘဝဇာတ်ကြောင်း၊ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှု၊ ပိုင်ဆိုင်မှုတွေကိုတော့ လူတော်တော်များများ မသိကြပါဘူး။ ဘာကြောင့် ဒီလောက်တောင် ချမ်းသာလာသလဲဆိုတာကိုလည်း သိချင်ကြမယ်ထင်ပါတယ်။ ဒီတော့ ကမ္ဘာကျော်သူဋ္ဌေးကြီး ဝါရင်းန် ဘတ်ဖတ်ရဲ့ အထ္ထုပ္ပတိကို အကျဉ်းချုပ်လေး တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဝါရင်းန်ကို ၁၉၃ဝခုနှစ်၊ အမေရိကန်နိုင်ငံက အိုမာဟာမြို့ငယ်လေးမှာ မွေးဖွားခဲ့ပါတယ်။ ဖခင် ဟောင်းဝဒ်ဘတ်ဖတ်နဲ့ မိခင် လိုင်လာတို့ရဲ့ ဒုတိယမြောက် သားဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒက ငယ်ငယ်ကတည်းက ဝါရင်းန်ရဲ့နှလုံးသားထဲမှာ ကိန်းအောင်းနေခဲ့ပါတယ်။ ဒါကြောင့် သူဟာ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ပညာရပ်တွေကိုပဲ လေ့လာခဲ့ပါတယ်။

ဝါရင်းန်ဟာ အဘိုးဖြစ်သူရဲ့ စတိုးဆိုင်လေးမှာ အလုပ်လုပ်ကိုင်နေရင်း အအေး၊ မဂ္ဂဇင်း၊ တံဆိပ်ခေါင်း၊ ပီကေတွေရောင်းတဲ့အလုပ်၊ သတင်းစာပို့တဲ့အလုပ်တွေကိုပါ မနားမနေလုပ်ကိုင်ခဲ့ပြီး အပိုဝင်ငွေ ရှာဖွေစုဆောင်းခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူနဲ့အတူ ၂၅ ဒေါ်လာခန့် ရင်းနှီးမြှုပ်နှံပြီး ဆံသဆိုင်တစ်ခုအရှေ့မှာ အကြွေစေ့နဲ့ကစားရတဲ့ pinball machine လေးတစ်ခု စတင်တည်ထောင်ရာကနေ သူ့ရဲ့ဘဝဟာပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီ pinball machine စက်လေးကနေ ဝင်ငွေကောင်းကောင်း ရှာနိုင်မှန်းသိလာရတဲ့အခါမှာတော့ ဝါရင်းန်တို့ဟာ pinball machine တွေကို မြို့ရဲ့ ဆံသဆိုင်တိုင်းမှာ ထားရှိခဲ့ပါတော့မယ်။

ဝါရင်းန်နဲ့ သူ့အစ်မအတွက် ရှယ်ယာတွေကို ကိုယ်ပိုင်ဝင်ငွေနဲ့ စတင်ဝယ်ယူနိုင်ခဲ့ချိန်မှာ သူ့အသက်ဟာ ၁၁ နှစ်သာရှိပါသေးတယ်။ အသက် ၂ဝအရွယ်မှာတော့ သူ့မှာ စုဆောင်းငွေ ဒေါ်လာ ၉၈ဝဝ ရှိခဲ့ပြီဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ဆန္ဒတစ်ခုဖြစ်တဲ့ GEICO အာမခံကုမ္ပဏီအမှုဆောင် ဂရေဟမ် (Graham) ဆီမှာ အလုပ်လုပ်ချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ငြင်းပယ်ခံရတာကြောင့် ဇာတိမြေအိုမာဟာမြို့ကိုပဲ ပြန်သွားခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အိုမာဟာမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသင်တန်းတစ်ခုဖွင့်လှစ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဓာတ်ဆီဆိုင်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ သူ့ရဲ့ဓာတ်ဆီဆိုင်လေးဟာ ထင်သလောက် အမြတ်အစွန်းမရရှိခဲ့ပါဘူး။

“သုံးလို့ပိုနေတဲ့ဝင်ငွေကို စုတာထက် စုပြီးလို့ ပိုတဲ့ဝင်ငွေကို သုံးမယ်” လို့ ခံယူထားတဲ့ ဝါရင်းန်ဟာ သူ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ငွေကို ကြိုးစားရှာပြီး စုဆောင်းခဲ့ပါတယ်။ စုဆောင်းရင်း လုပ်ငန်းအသစ်တွေချဲ့ထွင်ရုံသာမက ရင်းနှီးမြှုပ်နှံမှုတွေလည်း လုပ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဝါရင်းန်ဟာ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်လာပြီး တွဲဖက်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအားလုံးကို တစ်ဦးတည်းပိုင်ဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ်မှာ ဝါရင်းန်ဟာ ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးဆိုတဲ့ ဘွဲ့ကိုရရှိခဲ့ပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေဟာ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံကျော်ရှိခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ သူပိုင်ဆိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာထဲက သန်းထောင်ချီကို ပရဟိတအနေနဲ့ လှူဒါန်းလိုက်တဲ့အခါမှာတော့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဋ္ဌေးဖြစ်သွားပြီး ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံပဲ ရှိပါတော့တယ်။

“လူတစ်ယောက် အရိပ်ထဲမှာ အေးအေးဆေးဆေးနားနေနိုင်တာဟာ ဟိုးအရင်နှစ်များစွာကတည်းက သူစိုက်ပျိုးလာတဲ့ အပင်ကြီးကြောင့်ဖြစ်ပါတယ်” လို့ဆိုတဲ့ သူ့စကားလေးအတိုင်း ငယ်ရွယ်စဉ်ကတည်းက စိုက်ထုတ်ခဲ့တဲ့ ကြိုးစားမှုတွေ၊ အားထုတ်မှုတွေကြောင့် အခုအချိန်မှာ အောင်မြင်မှုပလ္လင်မှာ မင်းမူနေရပါပြီ။

ပြီးတော့ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်ဖို့ အရင်းအနှီးလိုတယ်ဆိုပေမဲ့ တကယ်အရေးပါတာက ဇွဲ၊ လုံ့လနဲ့ အောင်မြင်လိုစိတ်ပဲဖြစ်ပါတယ်။ ချမ်းသာလိုစိတ်ပြင်းပြပြီး ကြိုးစားနိုင်မယ်ဆိုရင် အရင်းအနှီးဘယ်လောက်နည်းနည်း အောင်မြင်နိုင်ပါတယ်။

နောက်ထပ်အရေးကြီးဆုံး တစ်ချက်က ချမ်းသာချင်တယ်၊ ပိုင်ဆိုင်မှုတွေ တိုးပွားချင်တယ်ဆိုရင် ဝင်ငွေတွေကို စနစ်တကျစုဆောင်းဖို့ပါ။ စုဆောင်းပြီးရင်လည်း အမြတ်အစွန်းပိုရလာအောင် ဉာဏ်နဲ့ယှဉ်ပြီး ရင်းနှီးမြှုပ်နှံတတ်ဖို့လိုပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ…။ သင့်မှာ ချမ်းသာချင်တဲ့စိတ်ပြင်းပျနေတယ်ဆိုရင် သင့်မှာ အရင်းအနှီးဘယ်လောက်ရှိတယ်ဆိုတာကို စိတ်ပူမနေဘဲ သင့်အနားတဝိုက်မှာရှိနေတဲံ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ပြီး အကောင်းဆုံးကြိုးစားလိုက်ပါ။ အောင်မြင်မှုက ဘဝတစ်ကွေ့မှာ သင့်ကို စောင့်မျှော်နေပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။