ကုမ္ပဏီတစ်ခုလုံးကိုရောင်းချပြီး ကမ္ဘာပတ်ခရီးသွားချင်တဲ့ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့မိသားစု

blank

           ကျွန်မတို့အားလုံးနီးပါးမှာ ကမ္ဘာပတ်ပြီး ခရီးထွက်ချင်တဲ့ဆန္ဒတွေ၊ နေရာအသစ်တွေကိုသွားပြီး အတွေ့အကြုံသစ်တွေယူချင်တဲ့ ဆန္ဒတွေ ကိုယ်စီကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ဒီလိုကမ္ဘာပတ်ချင်တဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်တဲ့သူတွေကတော့ သိပ်ကိုရှားပါတယ်။ အထူးသဖြင့် ငွေကြေးအခက်အခဲကြောင့်ပေါ့။

ဒါပေမဲ့ ဂါရက် ဂီး (Garret Gee) ဆိုသူကတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ digital scanning app ဖြစ်တဲ့ “Scan”ဆိုတဲ့ ကုမ္ပဏီကို Snapchat Company ကို အမေရိကန်ဒေါ်လာ ၅၄သန်းနဲ့ ရောင်းချအပြီးမှာ သူ့ရဲ့ ကမ္ဘာပတ်ချင်တဲ့ဆန္ဒကို ဇနီးဖြစ်သူနဲ့ သားသမီး ၂ယောက်နဲ့အတူ အကောင်အထည်ဖော်ခဲ့ပါတယ်။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဂီးမိသားစုဟာ အခုလိုကမ္ဘာပတ်ခရီးထွက်တာ အခုဆိုရင် ၉လတိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သွားရောက်လည်ပတ်စရာနေရာတွေလည်း အနည်းငယ်ပဲ ကျန်ရှိပါတော့တယ်။ အံ့သြစရာကောင်းတာက ခရီးစဉ်ပြီးဆုံးကာနီးထိတိုင် သူ့ကုမ္ပဏီရောင်းချလို့ရတဲ့ ဒေါ်လာ ၅၄သန်းကို အခုထိ အသုံးမပြုရသေးတာပါပဲ။ သူတို့ခရီးစဉ်မစခင်မှာ အဝတအထည်အနည်းငယ်နဲ့ ခရီးသွားရာမှာ လိုအပ်တဲ့ပစ္စည်းလေးတွေကိုသာချန်ထားပြီး အိမ်၊ ကား၊ အသုံးအဆောင်ပစ္စည်းတွေ အားလုံးကို ရောင်းချခဲ့ပါသေးတယ်။ အဲဒီရောင်းရငွေတွေကိုပဲ အသုံးပြုနေတာကြောင့် ဒေါ်လာ ၅၄ သန်းကို မသုံးစွဲရသေးတာဖြစ်ကြောင်း ဂါရက်က ပြောကြားခဲ့ပါတယ်။

သူတို့မိသားစုရဲ့အကြောင်းကို “The Bucket List Family”ဆိုတဲ့ website မှာ ပြည့်စုံစွာတင်ထားပြီး သူတို့ရောက်ခဲ့တဲ့နေရာတွေအကြောင်း၊ သူတို့ဘယ်ကို ဆက်လက်ဦးတည်သွားမလဲ ဆိုတဲ့အကြောင်းတွေကိုလည်း အချိန်နဲ့တပြေးညီဖတ်ရှုနိုင်ပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ…

အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ Gee မိသားစုကို အားမကျဘူးလားဟင်။ ကျွန်မကတော့ အားကျမိတယ်။ ဘဝဆိုတာ တိုတောင်းပါတယ်။ တိုတောင်းလှတဲ့ဘဝမှာ နေပျော်ဖို့၊ လူဖြစ်ရကျိုးနပ်ဖို့ တစ်ခါတလေတော့လည်း Gee မိသားစုလို ရှိတာတွေကိုရောင်းချပြီး ခရီးတွေ ထွက်ချင်မိတယ်။ ဒါပေမဲ့ ငဲ့ကွက်စရာတွေ၊ နောက်ဆံတင်းစရာတွေ များနေတော့လည်း ဟိုသီချင်းလေးပဲ ညည်းတော့မယ်၊ “အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ”လို့ပေါ့။

ကျွန်မတစ်ခုဆုံးဖြတ်လိုက်တာကတော့ သူတို့လို ကမ္ဘာမပတ်နိုင်သေးပေမယ့် သူတို့လို ကိုယ့်ဆန္ဒတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ကြိုးစားမယ်လို့ပေါ့။ ပရိသတ်ကြီးရော…။

သင့်ထင်မြင်ချက်လေးတွေကို comment box မှာ မျှဝေနိုင်ပါတယ်။