အမှိုက်ကို ရွှေဖြစ်အောင်လုပ်ပြီး လောကကြီးကို အလှဆင်ပေးနေတဲ့ ၇နှစ်သားလေး ရိုင်ယန်

blank

           ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးဟာ ကျွန်မတို့လိုလူသားတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် လှပမှုတွေ ဆုတ်ယုတ်လာခဲ့ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကြောင့် သမုဒ္ဒရာကြီးတွေ၊ ရေထု၊ လေထုတွေ ညစ်ညမ်းရတယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ သတ္တဝါတွေရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။ ဒါကို မကြည့်ရက်နိုင်တဲ့ ရိုင်ယန်ဆိုတဲ့ ၇နှစ်အရွယ်ကောင်လေးဟာ စွန့်ပစ်အမှိုက်တွေထဲက recycle လုပ်နိုင်တဲ့ပစ္စည်းတွေကို ရွေးထုတ်ပြီး လူသုံးကုန်ပစ္စည်းတွေအဖြစ် ပြန်လည်တီထွင်ရောင်းချတဲ့ Ryan’s Recycling Company ကို တည်ထောင်ခဲ့ပါတယ်။

ရိုင်ယန်ဟာ ဖခင်ဖြစ်သူနဲ့အတူ recycling center ကို သွားရောက်လည်ပတ်ပြီးတဲ့အချိန်မှာ ဒီလုပ်ငန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းစတာနဲ့ ရိုင်ယန်ဟာ အိမ်နီးနားချင်းတွေကို ပလတ်စတစ်အိတ်တွေ လိုက်လံဝေငှပြီး recycle လုပ်နိုင်တဲ့ အမှိုက်တွေကို အဲဒီအိတ်တွေထဲမှာ ထည့်ထားပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ရိုင်ယန့်ရဲ့လုပ်ငန်းလေးအတွက် အိမ်နီးနားချင်းတွေသာမက သူတို့ရဲ့ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကပါ recycle ပစ္စည်းတွေကို စုဆောင်းပေးလာခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ရိုင်ယန့်ရဲ့ လုပ်ငန်းလေးဟာ သူနေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ်၊ Orange County တစ်ခုလုံးမှာ လူကြိုက်များပြီး ကျော်ကြားလျက်ရှိနေပါပြီ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရိုင်ယန်ဟာ သူ့လုပ်ငန်းလေးကို မိသားစုဝင်တွေနဲ့အတူလုပ်ကိုင်ခဲ့ပြီး ပုလင်းပေါင်း ၂သိန်းကျော်ကို ပြန်လည်အသုံးချပြီး ပစ္စည်းအသစ်တွေအဖြစ်တီထွင်နိုင်ခဲ့ပါပြီ။ သူ့လုပ်ငန်းရဲ့ ဝင်ငွေဟာ အခုဆိုရင် ဒေါ်လာ ၁ဝဝဝဝ ကျော်သွားပြီဖြစ်ပြီး အဲဒီဝင်ငွေတွေကို အမှိုက်ကားတစ်စီးဝယ်ယူဖို့ စုဆောင်းထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပရဟိတအနေနဲ့ သူ့ရဲ့ရောင်းချရငွေတွေထဲက ဒေါ်လာ ၂ဝဝဝ ကျော်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းကြီးဖြစ်တဲ့ Pacific Marine Mammal Center ကို လှူဒါန်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… ကျွန်မတို့လူသားတွေကြောင့် ပျက်စီးနေတဲ့ကမ္ဘာကြီးကို ကျွန်မတို့လူသားတွေကပဲ ပြန်လည်ကယ်တင်ရမယ်မဟုတ်လား။ အသက် ၇နှစ်အရွယ်သာရှိသေးတဲ့ ရိုင်ယန်လေးတောင်မှ အမှိုက်ကို ရွှေဖြစ်အောင်လုပ်ပြီး ကမ္ဘာကြီးကို လှပအောင်တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်သေးတာပဲ။ ကျွန်မတို့လည်း ရိုင်ယန်လေးလိုမဟုတ်တောင်၊ ကျွန်မတို့ပတ်ဝန်းကျင်က recycle လုပ်လို့ရတဲ့ ပစ္စည်းလေးတွေကို ပြန်သုံး၊ အမှိုက်တွေကို စနစ်တကျပစ်၊ ပြီးတော့ ပလတ်စတစ်အိတ်တွေ လျှော့သုံးပြီး ကမ္ဘာကြီးကို အလှဆင်ပေးလိုက်ရအောင်လားရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။