ငွေကုန်ကြေးကျမများဘဲ ချစ်သူများနေ့ကို အကောင်းဆုံးကျင်းပလိုပါသလား။

“ချစ်သူများနေ့”လို့ ဆိုလိုက်ရင် လူတော်တော်များများက ချောကလက်တွေ၊ ပန်းစည်းတွေ၊ အရုပ်တွေ၊ စားသောက်ဆိုင်ကောင်းကောင်းက ခမ်းနားတဲ့ ညစာစားပွဲတွေကို မြင်ယောင်မိကြမှာပါ။ တကယ်တမ်းတော့ ချစ်သူများနေ့အတွက် တန်ဖိုးအကြီးဆုံးလက်ဆောင်တွေက “အချိန်” နဲ့ “အတူတူရှိနေခြင်း” တို့ပဲဖြစ်ပါတယ်။

ချစ်သူများနေ့ကို ငွေကုန်ကြေးကျမများဘဲ ရင်အခုန်ဆုံးနဲ့ အပျော်ရွှင်ဆုံးဖြတ်သန်းနိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ဂန္ထဝင်ချစ်သူများအတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ မနက်စာ အတူတူစားပါ။

ချစ်ခြင်းမေတ္တာတွေနဲ့ ကိုယ်တိုင်ပြင်ဆင်ထားတဲ့ မနက်စာလေးကို နှစ်ယောက်အတူတူစားသုံးပြီး ချစ်သူများနေ့ကို အစပျိုးလိုက်ပါ။ သာမန်နေ့တွေနဲ့မတူဘဲ ပိုပြီး လှလှပပပြင်ဆင်ချက်ပြုတ်ထားတဲ့ မနက်စာလေးကြောင့် တစ်နေ့တာလုံး စိတ်ချမ်းမြေ့စေနိုင်ပါတယ်။

၂။ ကိုယ်လက်လေ့ကျင့်ခန်း အတူတူလုပ်ပါ။

သာမန်လုပ်နေကျ လေ့ကျင့်ခန်းတွေထက် ပိုပြီးပင်ပန်းစေတဲ့၊ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အားကစားလေ့ကျင့်ခန်းတွေကို နှစ်ယောက်အတူတူ ပြုလုပ်ပါ။ ဒီလို လေ့ကျင့်ခန်းအတူတူလုပ်ခြင်းက နှစ်ဦးကြားမှာ စိတ်လှုပ်ရှားမှုတွေ ပိုမိုဖြစ်ပေါ်စေပြီး သံယောဇဉ်တွေ ပိုမိုတိုးပွားစေနိုင်ပါတယ်။

၃။ မြို့အနှံ့လျှောက်လည်ပါ။

အားကစားလုပ်ပြီးသွားပြီဆိုရင် လှလှပပဝတ်စားပြင်ဆင်ပြီး မြို့အနှံ့လျှောက်လည်ပါ။ သင်နေထိုင်ရာ မြို့ပတ်ဝန်းကျင်က ရှုခင်းလှလှလေးတွေကို ရှုမြင်ခံစားပါ။ ပြီးရင် နှစ်ယောက်အတူတူ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ပါ။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အမှတ်တရလက်ဆောင်ပေးပါ။

အမှတ်တရလက်ဆောင်ဆိုတာ တန်ဖိုးကြီးဖို့မလိုပေမဲ့ အမှတ်ရစရာလေးတွေ ပါဝင်နေဖို့ လိုအပ်ပါတယ်။ ချစ်သူဖြစ်ကာစအချိန်ကတည်းက စုဆောင်းလာတဲ့ ရုပ်ရှင်လတ်မှတ်လေးတွေ၊ စားသောက်ဆိုင်က ငွေရှင်းဖြတ်ပိုင်းလေးတွေ၊ အတူတူသွားလည်ခဲ့တဲ့နေရာစုံက အမှတ်တရပစ္စည်းလေးတွေကို လက်ဆောင်ဗူးလှလှလေးနဲ့ထည့်ပြီးပေးပါ။ ပြီးရင် နှစ်ယောက်အတူတူ လက်ဆောင်ကို ဖွင့်၊ ပစ္စည်းလေးတွေ တစ်ခုချင်းစီမှာ ပါဝင်နေတဲ့ အမှတ်တရလေးတွေကို ပြန်လည်ခံစားပါ။

၅။ ရည်းစားစာ ပေးပါ။

ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ရည်းစားစာဆိုတာ ဟောင်းမသွားတဲ့ ချစ်ခြင်းရဲ့ သက်သေပြမှုတစ်ခုပါ။ သင့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း၊ သင့်ဘေးနားမှာ ရှိနေတဲ့အတွက် သူ့ကို ဘယ်လောက်ကျေးဇူးတင်ကြောင်း၊ အနာဂတ်မှာအစီအစဉ်တွေအကြောင်းကို သင့်လက်ရေးနဲ့ ကိုယ်တိုင်ရေးပြီး သင့်ချစ်သူကို ချစ်သူများနေ့မှာ လက်ဆောင်ပေးပါ။

၆။ ချစ်ခြင်းမေတ္တာတွေကို ဝေမျှပါ။

ချစ်သူများနေ့ဆိုတာ ချစ်သူတွေကြားမှာာပဲကျင်းပရတဲ့နေ့မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူအပေါ်မှာရော တခြားသူတွေပေါ်မှာပါ ချစ်ခြင်းမေတ္တာတွေကို ဝေမျှပါ။ ချစ်သူနဲ့အတူတူ မိဘမဲ့ကျောင်းမှာ လုပ်အားပေးတာ၊ ဘိုးဘွားရိပ်သာမှာ ပရဟိတလုပ်တာ၊ ဆွေမျိုးသားချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတာတွေကလည်း ချစ်ခြင်းမေတ္တာတွေကို ဝေမျှပြီး ချစ်သူများနေ့ကို ဖြတ်သန်းနည်းတစ်မျိုးပဲဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာကို ဝေမျှဖို့ နှလုံးသားတစ်စုံလိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ဖို့ ကတော့ အဲဒီနှလုံးသားတစ်စုံကို လှုပ်ရှားလာအောင်လုပ်ဖို့လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာမှာ ငွေကြေးအတွက် နေရာမလိုပါဘူး။ ဒါကြောင့် ချစ်ခြင်းတွေပြည့်နှက်နေတဲ့ ချစ်သူများနေ့ကို ချစ်ခြင်းမေတ္တာတွေနဲ့သာ ဖြတ်သန်းလိုက်ပါ။

ချစ်သူသိစေဖို့ mention ခေါ်လိုက်နော်။ ကြိုက်နှစ်တယ်ဆိုရင် SHARE ဖို့လည်း မမေ့နဲ့ဦး။