အခက်အခဲတွေကြောင့်စိတ်ညစ်နေပြီလား။

blank

ကျွန်မတို့ဘဝမှာ အသက်ကြီးလာတာနဲ့အမျှ ဘဝကပေးတဲ့ ရသမျိုးစုံကိုခံစားရင်း အခြေအနေမျိုးစုံကို ရင်ဆိုင်ရပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ “ဒန်းကိုဘယ်သူအရင်စီးမလဲ၊ ညစာစားပြီးရင် ဘာအချိုတည်းရမလဲ” စတဲ့ အကြောင်းအရာလေးတွေအတွက်သာ စိတ်ပူခဲ့ရတယ်။

အသက်ကြီးလာတာနဲ့အမျှ ဘဝမှာ ပိုပြီးခက်ခဲနက်နဲတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ စိတ်ပူပန်မှုတွေကို ကြုံတွေ့ရတော့တယ်။ ဒါပေမဲ့ ဘဝဆိုတဲ့ ဒင်္ဂါးစေ့လေးမှာ ပင်ပန်းဆင်းရဲမှုတွေတစ်ဖက်တည်းရှိနေတာမဟုတ်ပါဘူး။ ပျော်ရွှင်စရာမျက်နှာပြင်တစ်ခုလည်းရှိပါသေးတယ်။ ကျွန်မတို့တွေအားလုံး ဘဝဆိုတာကြီးကို ရယ်တစ်လှည့်၊ ငိုတစ်လှည့်၊ ပြုံးတစ်ခါ၊ ဝမ်းနည်းတစ်ခါနဲ့ တရွေ့ရွေ့နဲ့ ကျော်ဖြတ်လာခဲ့ကြပြီးပြီ မဟုတ်လား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘဝဆိုတာကို နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ ခက်ခဲတဲ့အခြေအနေတိုင်းကို အားမာန်အပြည့်နဲ့ကျော်ဖြတ်နိုင်ခဲ့တယ်။ ကျွန်မတို့လက်ထဲကိုရောက်လာတဲ့ ဆိုးဝါးတဲ့အခြေအနေတွေကို စိတ်ဓာတ်ခွန်အားတွေအပြည့်နဲ့ ရင်ဆိုင်နိုင်ခဲ့တယ်။ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံတွေ့ရ ကြုံတွေ့လွတ်မြောက်မယ့်နည်းလမ်းတွေကိုလည်း သင်ယူလာနိုင်ကြတယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ်လွတ်မရုန်းဘဲ ရင်ဆိုင်ရမယ်ဆိုတာကိုလည်း ကျွန်မတို့ သိလာခဲ့ကြတယ်။

ဒါပေမဲ့လည်း ကျွန်မတို့တစ်တွေဟာ တစ်ခါတလေမှာ လက်ရှိအချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကြောင့် စိတ်ပျက်အားငယ်မိတတ်ကြတယ်။ လက်ရှိအချိန်မှာကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ဖိစီးပြီး အရင်ကကျော်ဖြတ်နိုင်ခဲ့တဲ့ ဆူးခင်းလမ်းတွေကို မေ့သွားတတ်ကြတယ်။ ဒါ့ကြောင့် အခက်အခဲဒုက္ခတွေကြောင့် အားငယ်စိတ်ပျက်လာတဲ့အခါ သင်ဖြတ်ကျော်လာနိုင်ခဲ့တဲ့ ခရီးကိုပြန်လှည့်ကြည့်ပါ။ သင်ဟာ ပျော်ရွှင်စရာတွေကို ရယ်ရယ်မောမောဖြတ်ကျော်ခဲ့သလို ဝမ်းနည်းစရာတွေကိုလည်း ခံနိုင်ရည်ရှိရှိကျော်ဖြတ်ခဲ့တယ်။ အောင်မြင်မှုရဲ့ အသီးအပွင့်တွေကို ခံစားခဲ့သလို ကျရှုံးမှုကပေးတဲ့ သင်ခန်းစာကိုလည်း ဖြတ်ကျော်နိုင်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ အရာရာတိုင်းကို  ဖြတ်ကျော်ပြီး ဒီနေရာကိုရောက်လာခဲ့ပြီလေ။ ခရီးများအဆုံးထိလျှောက် ဆိုတဲ့သီချင်းလေးလိုပေါ့။