ကျွန်မရဲ့အတိတ်လေးဆီသို့ ကျေးဇူးတင်လွှာ

blank
ချန်ထားခဲ့ရတော့မယ့် ကျွန်မရဲ့ အတိတ်ကလေးရေ…

           အမှန်အတိုင်းပြောရရင်တော့ ၂ဝ၁၆က ကျွန်မအတွက် တကယ်ပဲ ခက်ခဲကြမ်းတမ်းတဲ့နှစ်တစ် နှစ်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မဖြတ်ကျော်ခဲ့ပါတယ်။ ကြံ့ခိုင်စွာနေထိုင်ခဲ့တာတွေအတွက်၊ လွယ်လွယ် အရှုံးမပေးခဲ့တဲ့အတွက်၊ ယုံကြည်မှုတွေနဲ့ ဖြတ်ကျော်ခဲ့တာတွေအတွက် ဂုဏ်ယူပါတယ် ကျွန်မရဲ့အ တိတ်ကလေးရေ။ တကယ်ပါ… ကျဆုံးခဲ့တာတွေ၊ အောင်မြင်ခဲ့တာတွေ အစစအရာရာအတွက် ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ်နော်။ အထူးသဖြင့် ကျဆုံးမှုတွေအတွက်ပေါ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အရှုံးတွေနဲ့သာ မတွေ့ကြုံခဲ့ရဘူးဆိုရင် …..

– ဘဝထဲက ပိုကောင်းတဲ့အနှစ်သာရတွေအကြောင်းလည်း ကျွန်မသင်ယူခွင့်ရခဲ့မှာမဟုတ်ဘူး။

– လူတွေအကြောင်း အဆိုးအကောင်းကိုလည်း ခွဲခြားတတ်ဦးမှာမဟုတ်ဘူး။

– လက်ရှိနေရာရောက်ဖို့ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ချဖို့လည်း ရဲရင့်ခဲ့မှာမဟုတ်ဘူး။

– ကျွန်မ အိပ်မက်တွေအတွက် ရုန်းကန်ကြိုးစားဖြစ်ခဲ့မှာလည်း မဟုတ်ပါဘူး။

ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေအဆုံးမှာ လှပတဲ့အနာဂတ်တွေရှိနေတတ်တယ်ဆိုတာ သိခွင့်ရစေခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ အဲ့ဒီအခက်အခဲတွေဆိုတာ ဘဝအတွက် မရှိမဖြစ်တဲ့လှေကားထစ်တွေဆိုတာလည်း ကျွန်မသဘောပေါက်ခဲ့ပြီ။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့၊ ဒီအချိန်မှာ ကျွန်မ ဒီနေရာကို ရောက်နေတာဟာ အဲ့ဒီလှေကားထစ်တွေနေတစ်ဆင့် တက်လှမ်းလာခဲ့တာမို့ပါ။

အခုတော့ ကျွန်မက နှစ်သစ်ကို အကောင်းဆုံးခွန်အားသစ်တွေနဲ့ စတင်ဖို့ အဆင်သင့်ဖြစ်နေ ခဲ့ပြီ။ အဲ့ဒီခွန်အားတွေကို ရှင်က ပေးခဲ့တာပါ အတိတ်ကလေးရေ။ ဒါကြောင့် ခွဲခွာကျန်ရစ်ခဲ့တော့မယ့် ရှင့်ကိုလည်း နှုတ်ဆက်ရင်း ရှင့်ကျေးဇူးတရားတွေကိုလည်း မှတ်မှတ်ရရ ကျေးဇူးစကားဆိုလိုက်ပါရ စေနော်။ ကျေးဇူးတင်ပါတယ်။

ရှင့်ရဲ့ကျေးဇူးတရားတွေကို အမြဲအောက်မေ့သတိရနေမယ့်

ပစ္စုပ္ပန်ထဲက ကျွန်မ

ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။