မင်္ဂလာပွဲကို တက်ရောက်လာတဲ့ ရွှေဧည့်သည်တွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုဧည့်ခံမလဲ

blank

တစ်သက်မှာ တစ်ခါသာကျင်းပရတဲ့ မင်္ဂလာပွဲကို အကောင်းဆုံးဖြစ်စေချင်တာ ချစ်သူစုံတွဲတိုင်းရဲ့ ဆန္ဒပါ။ အခမ်းအနားအစီအစဉ်၊ အကျွေးအမွေးအစီအစဉ်၊ အဝတ်အစားအပြင်အဆင်စတာတွေကို အကောင်းဆုံးဖြစ်အောင်ကြိုးစားပေမဲ့ ဧည့်သည်တွေကို ဧည့်ခံတဲ့နေရာမှာ လစ်ဟာမှုလေးတွေ ဖြစ်သွားတာနဲ့ မင်္ဂလာပွဲကို ထိခိုက်စေနိုင်ပါတယ်။

ဒီတစ်ပတ်မှာတော့ မင်္ဂလာမောင်နှံတွေအတွက် ရွှေပွဲလာဧည့်ပရိသတ်တွေကို အကောင်းဆုံး ဧည့်ခံနိုင်ဖို့ နည်းလမ်း (၇) ခုကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အချိန်မှန်ရောက်အောင် ကြိုးစားပါ။

မင်္ဂလာပွဲကို သတ်မှတ်ထားတဲ့အချိန်အတိုင်း ကျင်းပနိုင်အောင်ကြိုးစားပါ။ အချိန်မီရောက်အောင်လာတဲ့ ဧည့်သည်တွေကို စောင့်ခိုင်းတာမျိုးမဖြစ်အောင် သတိထားပါ။ ဘာအကြောင်းကြောင့်မှ နောက်ကျတာမျိုးမဖြစ်စေဖို့ ကြိုတင်စီစဉ်ထားပါ။

၂။ မင်္ဂလာပွဲအစီအစဉ်တွေကို ကြိုတင်ပြောပြထားပါ။

သင့်ရဲ့မင်္ဂလာပွဲအစီအစဉ်က သာမန်ထက်ထူးခြားနေတယ်ဆိုရင် အစီအစဉ်နဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေကို အတိုချုံးရှင်းပြထားပါ။ (ဥပမာ- ဘယ်အချိန်မှာ မတ်တပ်ရပ်ရမယ်၊ ဘယ်အချိန်မှာ လက်ခုပ်တီးရမယ်၊ ဘယ်အချိန်မှာ အစားအစာတွေကို သုံးဆောင်ရမယ် စသဖြင့်ပေါ့)။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဓာတ်ပုံရိုက်ချိန်ကို ကန့်သတ်ထားပါ။

မင်္ဂလာပွဲတစ်ခုလုံး ဓာတ်ပုံရိုက်ဖို့ကိုပဲ အာရုံစိုက်နေတာက ဧည့်သည်တွေအပေါ် ကောင်းကောင်းဧည့်ခံဖို့ တာဝန်လစ်ဟင်းသလိုဖြစ်စေနိုင်ပါတယ်။ နှစ်ယောက်တွဲပုံတွေကို စင်ပေါ်မှာ အချိန်အကြာကြီးရိုက်နေမယ့်အစား ဧည့်သည်တွေကို ဧည့်ခံရင်း ဓာတ်ပုံရိုက်တာက အဆင်အပြေဆုံးဖြစ်ပါတယ်။

၎။ မင်္ဂလာပွဲအဝင်ဝကို အကောင်းဆုံးပြင်ဆင်ပါ။

မင်္ဂလာပွဲအဝင်ဝကို အကောင်းဆုံးပြင်ဆင်ထားခြင်းက ဧည့်ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်သလို အထင်ကြီးမှုကိုလည်း ရရှိစေပါတယ်။ ခန်းမအဝင်ဝမှာ pre-wedding ဓာတ်ပုံထားရှိခြင်းကလည်း လက်ထပ်ပွဲရဲ့သဘောကို ပိုမိုပေါ်လွင်စေပါတယ်။ ခန်းမအဝင်မှာ အပြုံးလှလှလေးတွေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုဖို့ကတော့ အရေးအကြီးဆုံးပဲပေါ့။

၅။ ဧည့်ပရိသတ်တွေအတွက် ဆီလျော်အောင် စီစဉ်ပါ။

သင့်မင်္ဂလာပွဲကို တက်ရောက်လာကြတဲ့ ဧည့်သည်တွေထဲမှာ ဂုဏ်သရေရှိလူကြီးတွေရော၊ ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတွေရော၊ ဆွေမျိုးတော်တဲ့ ကလေးငယ်တွေရော တက်ရောက်မှာကို သိထားပါ။ ဒါကြောင့် အခမ်းအနားအစီအစဉ်၊ ကျွေးမွေးမယ့်အစားအသောက်၊ ဖွင့်မယ့်တီးလုံး၊ ဖျော်ဖြေမှုကအစ အားလုံးကို မျှတသင့်တော်အောင် ထောင့်စေ့စေ့နဲ့ စီစဉ်ပါ။

၆။ လူစေ့အောင် လိုက်လံ နှုတ်ဆက်ပါ။

မင်္ဂလာပွဲထဲမှာ ရင်အခုန်ရဆုံးနဲ့ အပျော်ရွှင်ရဆုံးက မင်္ဂလာမောင်နှံပါ။ ဒါပေမဲ့ ပျော်ရွှင်မှုတွေ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကြောင့် လူစေ့တက်စေ့ မနှုတ်ဆက်မိတာမျိုးမဖြစ်သင့်ပါဘူး။ သင်ကမသိလိုက်ပေမဲ့ နှုတ်ဆက်မခံလိုက်ရတဲ့သူတွေရဲ့စိတ်ထဲမှာ ခံရခက်စေနိုင်ပါတယ်။ ဒါကြောင့် လူစေ့ဝိုင်းစေ့ လိုက်လံနှုတ်ဆက်ပြီး မင်္ဂလာပွဲကို တက်ရောက်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါ။

၇။ နယ်ဝေးကလာတဲ့  ဧည့်သည်တွေကို အထူးဂရုစိုက်ပါ။

သင့်မင်္ဂလာပွဲကိုတက်ရောက်ဖို့ နယ်ဝေးကနေ တကူးတကလာရတဲ့သူတွေကို အထူးကျေးဇူးတင်ကြောင်းပြပါ။ ဧည့်ဝတ်ကျေစွာ ဧည့်ခံပါ။ ညအိပ်တည်းမယ့် ဧည့်သည်တွေဆိုရင်လည်း စားရေးသောက်ရေး၊ နေရေးထိုင်ရေးကအစ အသေးစိတ်ဂရုစိုက်ပြီး ပြင်ဆင်ပေးပါ။

အထက်ပါအချက်လေးတွေကိုသာ လိုက်နာပါ။ သင့်မင်္ဂလာဆောင်ဟာ ဆွေမျိုးအသိုင်းအဝိုင်းတွေ၊ မိတ်ဆွေတွေကြားထဲမှာ ကောင်းသတင်းနဲ့ ကျော်ကြားတဲ့ အမှတ်တရမင်္ဂလာပွဲတစ်ခု ဖြစ်သွားမှာ အသေအချာပါပဲ။

မင်္ဂလာပွဲကျင်းပတော့မယ့် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။