သမ္မတကြီးအိုဘားမားကိုယ်တိုင် ချီးကျူးလေးစားခဲ့ရတဲ့ ၆နှစ်သားကလေးရဲ့ လူသားချင်းစာနာမှု

မကြာသေးမီက  ဆီးရီးယားစစ်ပွဲအပြီး လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာခဲ့တဲ့ အိုမ်ရာမ် ဒက်နိရှ် (Omran Daqneesh) ဆိုတဲ့ ကလေးငယ်အကြောင်း မှတ်မိကြရဲ့လား ပရိသတ်ကြီးရေ….။ အဲလ်ပိုမြို့က ပေါက်ကွဲမှုတစ်ခုမှာ အရေးပေါ်ကားကို နောက်ခံပြုပြီးရိုက်ထားတဲ့ အိုမ်ရာမ်ရဲ့ဓာတ်ပုံဟာ လွန်ခဲ့တဲ့လအနည်းငယ်က လူမှုကွန်ယက်မှာ လူတိုင်းစုတ်တသပ်သပ်နဲ့သနားစရာသတင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ သွေးတွေကို လက်နဲ့သုတ်ရင်း ကင်မရာကို ခံစားချက်မဲ့စွာကြည့်နေခဲ့တဲ့ ကလေးငယ်ကို လူတိုင်းက အသနားပိုခဲ့ကြပါတယ်။

ကျွန်မတို့အားလုံးက ဝမ်းနည်းစရာသတင်းတစ်ခုလိုသာ ကြည့်ခဲ့ကြပြီး သနားစရာတစ်ခုအပြင် မပိုခဲ့ကြပေမယ့် နယူးယောက်မြို့က အဲလက်စ်လို့ခေါ်တဲ့ ကလေးငယ်တစ်ယောက်မှာတော့ ကျွန်မတို့အားလုံးနဲ့မတူညီတဲ့ အတွေးအမြင်တွေရှိနေခဲ့ပါတယ်။ အဲလက်စ်ဟာ ကလေးငယ်ရဲ့ သတင်းကိုကြည့်လိုက်ရချင်းမှာပဲ သမ္မတ အိုဘားမားဆီကို ပေးစာတစ်စောင်ရေးခဲ့ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲလက်ရဲ့ စာမှာ-

“ လေးစားရပါသော သမ္မတကြီး အိုဘားမားခင်ဗျား။  ကျေးဇူးပြုပြီး အိုမ်ရာမ့်ကို သားအိမ်ကို ပို့ပေးလိုက်ပါခင်ဗျာ။  အိုရာမ့်ကိုသာခေါ်လာခဲ့မယ်ဆိုရင် ဝင်းဝမှာကတည်းက ဘောလုံးတွေ၊ ပန်းတွေနဲ့ ကြိုဆိုနေပါ့မယ်။ သားရဲ့အိမ်မှာ သူ့အတွက် မိသားစုရဲ့ နွေးထွေးမှု၊ ညီအစ်ကိုတွေရဲ့ ချစ်ခင်မှုတွေ ရစေရပါမယ်။  တကယ်လို့ အိုမ်ရာမ်သာ သားနဲ့အတူကျောင်းတက်ရင် အိုမာလို့ခေါ်တဲ့ ဆီးရီးယားနိုင်ငံသား သူငယ်ချင်းနဲ့လည်း မိတ်ဆက်ပေးပါဦးမယ်။ ကျောင်းမှာ ကျွန်တော်တို့ အတူတူကစားကြမယ်။ အိုမ်ရာမ်ကို အင်္ဂလိပ်စကားပြော သင်ပေးပြီး  အိုမ်ရာမ်ရဲ့ ဘာသာစကားကိုလည်း သားသင်ချင်ပါသေးတယ်။ အိုရာမ်က အရုပ်တွေပါလာမှာမဟုတ်ဘူးဆိုတော့ သားရဲ့ညီမလေး ကတ်သရင်းက အိုရာမ့်ကို သူမရဲ့အပြာရောင် ယုန်လေးကို ပေးမယ်တဲ့။ သားဆီမှာ ပေးစရာအရုပ်မရှိပေမယ့် သားရဲ့စက်ဘီးကိုတော့ သူ့ကိုပေးစီးမှာပါ” လို့ရေးသားခဲ့ပါတယ်။

ဒီစာကိုဖတ်ပြနေတဲ့ အဲလက်စ်ရဲ့ဗွီဒီယိုဖိုင်ကို အိမ်ဖြူတော်ရဲ့ ဖေ့စ်ဘုတ်စာမျက်မှာ တင်လိုက်တဲ့အခါ ကြည့်ရှုသူပေါင်း ၇သန်းကျော်ရှိခဲ့ပါတယ်။  အိုဘားမားက အဲဒီစာရဲ့တစ်စိတ်တစ်ပိုင်းကို နယူးယောက်မှာကျင်းပခဲ့တဲ့ ဒုက္ခသည်များ ကယ်ဆယ်ရေးအစည်းအဝေးမှာ ဖတ်ပြခဲ့ပါတယ်။

ပရိသတ်ကြီးရေ…

ခြောက်နှစ်အရွယ်ကလေးတစ်ယောက်က ကျွန်မတို့အားလုံးကို သင်ခန်းစာကောင်းတစ်ခုပေးခဲ့ပါတယ်။ မေတ္တာရဲ့လွှမ်းခြုံမှုဟာ ပေးသူနဲ့ယူသူသာမကဘဲ မြင်ရကြားရသူအားလုံးကိုပါ နွေးထွေးစေတယ်ဆိုတာ အဲလက်(စ်)က သက်သေပြခဲ့ပါတယ်။ တစ်ဦးအပေါ်တစ်ဦးမေတ္တာတွေဝေမျှပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြပါစေရှင်။

ဒီဆောင်းပါးလေးဖတ်ပြီး အဲလက်စ်လေးရဲ့စိတ်ဓာတ်ကို လေးစားတယ်ဆိုရင် SHARE ပြီး ဂုဏ်ပြုလိုက်ရအောင်နော်။