ပြဿနာကို တစ်ဖက်သတ်ဖြေရှင်းသောကြောင့် ဖြစ်ပေါ်လာသော ချစ်သူနှစ်ဦးကြားက ရင်နင့်စရာဖြစ်ရပ်။

blank

ကျွန်မမှာသိပ်ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။

ချစ်သူတွေထက်ပိုတဲ့ချစ်ခြင်းမျိုးနဲ့ ချစ်ရတဲ့သူငယ်ချင်းကောင်လေးပေါ့။

ကျွန်မတို့နှစ်ယောက်အတူရှိနေတိုင်း အရာရာဟာပြည့်စုံနေတဲ့ ခံစားမှုမျိုးကို ခံစားရစေတဲ့သူငယ်ချင်းလေးပေါ့။

ကျွန်မတို့ တစ်ရက်ကိုတစ်ခေါက်တော့ တွေ့ကြပြီး စကားတွေဖောင်ဖွဲ့ပြောကြတယ်။ နှစ်ယောက်သားနေ့ခင်းမှာ ဆုံပြီး စကားတွေဘယ်လောက် ပြောကြပြောကြ ညဖက်မှာလည်းဖုန်းဆက်ကြသေးတယ်။ အလုပ်တွေနဲ့မအားလို့ ဖုန်းမပြောအားတဲ့အခါမှာတော့ မက်ဆေ့ဂ်ျတွေ အပြန်အလှန်ပို့နေတတ်ကြတယ်။

တစ်နေ့မှာတော့ သူကျွန်မကိုစိမ်းကားစွာ ဆက်ဆံလာပါတော့တယ်။ ကျွန်မဖုန်းဆက်တဲ့အခါမှာ အသံတိုပြတ်ပြတ်နဲ့ ကျွန်မစကားမဆုံးခင်မှာဘဲ ဖုန်းချပစ်တတ်တယ်။ မိန်းကလေးမာနက တင်းခံလာတာကြောင့် ကျွန်မကလည်းသူ့ကို ဖုန်းမဆက်တော့ဘူး။ ရင်ထဲမှာတော့ မုန်တိုင်းတစ်ရာဖြတ်တိုက်ထားသလို ဆောက်တည်ရာမရဖြစ်နေပါတော့တယ်။ တစ်ခါတလေ ညဘက်အိပ်မပျော်တဲ့အခါ သူ့ဆီဖုန်းခေါ်ချင်ပေမယ့် သူရဲ့သွေးအေးတဲ့လေသံကို ရင်မဆိုင်နိုင်တာနဲ့ ဖုန်းမဆက်ဖြစ်တော့ပါဘူး။ သူရုတ်တရတ်စိမ်းကားသွားမှပဲ သူဟာကျွန်မအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို ကျွန်မသိလာရပါတယ်။

တစ်နေ့မှာတော့ မမြည်တာကြာပြီဖြစ်တဲ့ ကျွန်မရဲ့ဖုန်းလေးမှာ သူ့အသံလေးကိုကြားရပါတော့တယ်။ သူကျွန်မကိုကြာကြာ မဆက်သွယ်ဘဲမနေနိုင်ပါဘူး၊ စိတ်ကောက်ပစ်လိုက်ဦးမယ်လို့ စဉ်းစားပြီးဖုန်းကိုင်လိုက်ပေမယ့်-

“ဒီနေ့ကစပြီး ငါ့ကိုမပတ်သက်ပါနဲ့တော့။ နင်နဲ့ သူငယ်ချင်းဖြစ်နေရတာက ငါ့အချိန်တွေကုန်စေတယ်။ နင်နဲ့အဆက်အသွယ် မလုပ်ခဲ့တဲ့နောက်ပိုင်းမှာ ငါ့ဘဝအတွက် အကျိုးရှိတာတွေ အများကြီးလုပ်နိုင်ခဲ့တယ်” လို့ ကျွန်မမျှော်လင့်မထားတဲ့ စကားတွေပြောပြီး သူက ဖုန်းချသွားတော့တယ်။

ခံပြင်းစိတ်၊ နာကျည်းစိတ်၊ ဝမ်းနည်းကြေကွဲစိတ်တို့ ပေါင်းဆုံပြီး ကျွန်မရင်ဝမှာ မီးစနဲ့ထိုးသလို ပူလောင်မှုတွေနဲ့ မျက်ရည်တွေဒလဟော ကျလာတော့တယ်။

ကျွန်မတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ သူ့အတွက် တကယ်ပဲ အချိန်ဖြုန်းမှုသက်သက်တဲ့လား။ သူဘာကြောင့် ရုတ်တရက် အဲ့ဒီလိုတွေးမိသွားတာလဲဆိုတာကို ကျွန်မသူ့ကိုနောက်ဆုံးအနေနဲ့ မေးကြည့်ချင်တယ်။ သူစိတ်ဆိုးအောင်ကျွန်မဘာတွေများ လုပ်မိခဲ့တာလဲ။ ကျွန်မသူ့ကို ရှင်းပြခွင့်လေးတော့ ရသင့်တယ်လေ။ ဒါ့ကြောင့် သူ့ဆီကိုဖုန်းခေါ်လိုက်တယ်။

ကျွန်မ။   ။ ဟဲလို။

သူ။   ။ နင်ငါ့ဆီကို ဘာလို့ဖုန်းဆက်တာလဲ။ ငါ့ကိုအဆက်အသွယ်မလုပ်နဲ့လို့ ပြောထားတယ်လေ။

ကျွန်မ။   ။ နင် အဆင်ပြေရဲ့လား။ နင်နေကောင်းရဲ့လားဟင်။

သူ။    ။ အဲဒါက နင့်ကိစ္စမဟုတ်ပါဘူး။ ငါ့ကိုဘာကြောင့်ဖုန်းခေါ်တာလဲ။

ကျွန်မ။   ။ နင်ဘာဖြစ်လို့ ရုတ်တရတ် ငါနဲ့ စကားမပြောချင်တော့တာလဲဆိုတာကို မေးကြည့်ချင်လို့ပါ။

သူ ။   ။ ငါနင့်ကိုပြောပြပြီးပြီလေ။ နင်နဲ့ပတ်သက်နေတာက ငါ့အတွက်အချိန်ကုန်တာကလွဲပြီး ဘာမှအကျိုးမထူးလို့ပါဆို။ ငါ့ကိုဖုန်းဆက်တာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ။

ကျွန်မတစ်ကိုယ်လုံးက အားအင်တွေဆုတ်ယုတ်သွားသလို ခံစားလိုက်ရတယ်။ ကျွန်မသူ့ကိုမုန်းတယ်။ သူ့ကိုသိပ်ချစ်မိနေတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်။ နာကျည်းမုန်းတီးမှုတွေနဲ့ မျက်ရည်တွေဒလဟောကျလာပါတော့တယ်။ ကျွန်မအမြင်တွေ ဝေဝါးသွားပြီး အိမ်ထဲကနေ သွေးရူးတန်းလန်း ပြေးသွားမိတော့တယ်။ အိမ်ရှေ့ကနေ ရုတ်တရတ်ဖြတ်မောင်းလာတဲ့ကားကိုတော့ ကျွန်မမမြင်နိုင်ခဲ့ဘူးပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မသတိရလာတော့ ဆေးရုံကိုရောက်နေတယ်ဆိုတာကိုသိလိုက်ရတယ်။ ကျွန်မကိုစိုးရိမ်တကြီးငုံ့ကြည့်နေတဲ့မေမေ။ ပြီးတော့မေမေ့နောက်ကအရိပ်တစ်ခု။ မေမေကသူ့ကို ဖုန်းဆက်ပြီးခေါ်ခဲ့တယ်တဲ့လေ။

သူကကျွန်မလက်ကို ခပ်ဖွဖွလေးကိုင်ပြီး “နင်မကြာခင် နေကောင်းလာတော့မှာပါ။ နင်နေကောင်းသွားတဲ့အခါ ငါတို့တွေလျှောက်လည်ကြမယ်” လို့ပြောတယ်။

“ဟင့်အင်း… ငါနေကောင်းလာတော့မှာ မဟုတ်ဘူး။ ငါသေရတော့မယ်ဆိုတာ ငါသိတယ်” လို့ပြောတော့ သူ့မျက်လုံးမှာ မျက်ရည်တွေရစ်ဝိုင်းလို့…

“အဲဒီလိုမပြောပါနဲ့ဟာ နင်နေကောင်းလာမှာပါ။ ငါနင့်အပေါ် ခါးခါးသီးသီးဆက်ဆံခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်။”

“ရပါတယ်ဟာ… ငါနင့်ကိုဘယ်တုန်းကမှ စိတ်မဆိုးခဲ့ပါဘူး”လို့ပြောရင်းကျွန်မတို့ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်း ငိုချင်းချမိလိုက်တော့တယ်။ ကျွန်မမှာအသက်ရှင်ရဖို့ အချိန်မရှိတော့ဘူးဆိုတာ ကျွန်မသိပါတယ်။ ကျွန်မချစ်တဲ့သူတွေကို ကျွန်မမထားခဲ့ချင်သေးဘူး။ ဒါပေမယ့် မရဏမင်းဟာ ကျွန်မအကြိုက်ကို မလိုက်ခဲ့ပါဘူး။ ကျွန်မရဲ့အမြင်တွေဝေဝါးလာပြီး အားလုံးနဲ့ဝေးတဲ့ လေဟာနယ်ထဲကို ရောက်ရှိသွားပါတော့တယ်။

ကောင်လေးဟာ ကောင်မလေးရဲ့အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ဘေးမှာ သည်းထန်စွာငိုနေမိတော့တယ်။

သူ့ဘဝကောင်းကင်မှာ သာစရာလမင်းကြီးမရှိတော့တဲ့ခံစားမှုဟာ သူ့ကိုဆောက်တည်ရာမဲ့ဖြစ်စေပါတယ်။

တကယ်တော့ကောင်မလေးကို သူ မရက်စက်ချင်ခဲ့ပါဘူး။ သူ့ဆီမှာ သေစေလောက်တဲ့ နှလုံးရောဂါဖြစ်နေတယ်ဆိုတာ သိလိုက်ရပြီးတဲ့နောက်ပိုင်း၊ သူမကြာခင် လူ့လောကကြီးကနေ ထွက်သွားရတော့မယ်ဆိုတာကို သိလိုက်ရတဲ့နောက်ပိုင်း၊ သူမရှိတော့တဲ့အခါ ကောင်မလေးနာကျင်ခံစားကျန်ရစ်ရမှာကို တွေးပူပြီးကောင်မလေးသူ့ကို မုန်းသွားအောင်လုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် သူကောင်မလေးကို စောစီးစွာဆုံးရှုံးလိုက်ရတယ်။ အသည်းနင့်အောင် ချစ်ကြပေမယ့် ပြဿနာတွေကို အတူရင်မဆိုင်ဘဲ တစ်ဖက်သက်ဖြတ်တောက်ပစ်လိုက်တဲ့အခါ ချစ်သူကောင်မလေးဟာ မသေသင့်ဘဲသေခဲ့ရတာပါ။ သူကတော့ ရောဂါကြောင့်မသေဘဲ နောင်တတွေကြောင့် ငရဲသမျှပူလောင်ရင်းကျန်ရစ်ခဲ့ရတော့တာပေါ့။

အချစ်လမ်းခရီးကို လျှောက်လှမ်းနေကြတဲ့ ချစ်ရသူတွေအားလုံး

အရာရာကိုလက်တွဲညီညီရင်ဆိုင်ရင်း

အခက်အခဲတွေကို အတူကျော်လွှားရင်း

သာယာပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့

ဆန္ဒပြုရင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားလိုက်ရပါတယ်ရှင်။