ကျွန်မသမီးလေး သင်ပြပေးခဲ့တဲ့ အလွယ်ကူဆုံး ပြဿနာဖြေရှင်းနည်း

blank

ကျွန်မအိမ်ရှေ့ဧည့်ခန်းမှာထိုင်ပြီး မဂ္ဂဇင်းတစ်စောင်ကို စိတ်ဝင်တစားဖတ်နေတဲ့အချိန်မှာပေါ့။ ကျွန်မရဲ့ချစ်လှစွာသောသမီးလေးက ကျွန်မနားမှာ မျောက်ရှုံးအောင်ဆော့ရင်း ကျွန်မစာဖတ်နေတာကို နှောင့်ယှက်နေခဲ့တယ်လေ။ ကျွန်မလည်း စာကောင်းကောင်းဖတ်ချင်တာနဲ့ ကမ္ဘာ့မြေပုံစာရွက်ကို တစ်စစီဖြဲ သူ့လက်ထဲထည့်ပြီး ပြန်ဆက်ခိုင်းလိုက်တယ်။ ဒါမှ ကျွန်မကို မနှောင့်ယှက်တော့မှာလေ။ သူကလည်း ကစားစရာရသွားတဲ့အလား အခန်းထဲယူသွားပြီး စိတ်ဝင်တစားပြန်ဆက်နေလေရဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သေချာပါတယ်။ ကျွန်မသမီးလေး ဒါကိုပြန်ဆက်ဖို့ တစ်နေ့လုံးကြာမှာပါ။ ကျွန်မ စာကိုပဲ အေးအေးဆေးဆေးပြန်ဖတ်နေလိုက်တယ်။ ဟော… ဘာမှတောင်မကြာလိုက်ဘူးရှင်။ မိရွှေချောက သေချာပြန်ဆက်ထားတဲ့ မြေပုံကားချပ်ကြီးကိုင်ပြီး ရောက်ချလာပါရော။ ကျွန်မလည်း တအံ့တသြနဲ့ “မြန်လိုက်တာသမီးရယ်။ ဘယ်လိုပြန်ဆက်လာတာလဲ။” လို့ မေးလိုက်တယ်။

သမီးလေးက “မေမေရယ်။ မြေပုံရဲ့နောက်ကျောမှာ လူတစ်ယောက်ရဲ့ မျက်နှာပုံကြီးပါနေတယ်လေ။ အဲဒီ့မျက်နှာပုံကိုပဲကြည့်ပြီး ဆက်လိုက်တာ ဟိုဘက်ကမြေပုံလည်း ဆက်ပြီးသားဖြစ်သွားတာပေါ့” လို့ သူ့ကိုယ်သူ အောင်နိုင်သူသဖွယ် ဂုဏ်ယူစွာဖြေကြားခဲ့ပါတယ်။ ကျွန်မလည်း ပါးစပ်အဟောင်းသားနဲ့ပဲ ကျန်ခဲ့တော့တယ်။

ဒီနေ့ သမီးလေးက ကျွန်မကို သင်ခန်းစာတစ်ခုပေးခဲ့တယ်။ “ကျွန်မတို့ ကြုံတွေ့လာရသမျှ ကိစ္စရပ်တွေတိုင်းမှာ ကျွန်မတို့မမြင်ကြတဲ့ ဆန့်ကျင်ဖက်တစ်ဖက် ရှိနေတတ်ပါတယ်။ စိန်ခေါ်မှုတစ်ခု ဒါမှမဟုတ် ဖြေရှင်းရမယ့်ပြဿနာတစ်ခုကြုံလာခဲ့ရင် တစ်ဖက်တည်းကိုပဲ မကြည့်ပါနဲ့။ တခြားဘက်ကနေပါ သေချာကြည့်ရှုသုံးသပ်ပါ။ ပြဿနာကို ဖြေရှင်းဖို့ ပိုမိုလွယ်ကူတဲ့ နည်းလမ်းတွေကို တွေ့လာရပါလိမ့်မယ်” ဆိုတာပါပဲ။