သင့်ဘဝအဆုံးသတ်လိုက်တာနဲ့ အားလုံးငြိမ်းချမ်းသွားမှာလား

blank

အသက်တစ်ရာ မနေရပေမယ့် အမှုတစ်ရာပွေရတာ လူ့ဘဝပါ။ လူရယ်လို့ ဖြစ်လာတာနဲ့ စိတ်ညစ်စရာ လောကဓံနဲ့ ကြုံရတတ်တာ မဆန်းကြယ်ပါဘူး။ လောကဓံရဲ့ ထိုးနှက်ချက်တွေကို မခံနိုင်တဲ့ လူတချို့ကတော့ အရာရာကို လက်မြှောက်အရှုံးပေးပြီး လောကကြီးထဲကနေ ထွက်သွားတတ်ကြတယ်။ အဲ့ဒီလို ဘဝကို အဆုံးသတ်လိုက်တာနဲ့ပဲ တကယ်ငြိမ်းချမ်းသွားမှာလား။ သင်ရော… ဘဝကို အဆုံးသတ်ဖို့ ဘယ်နှခါ စီရင်ဖူးသူလဲ။ ဒါမှမဟုတ် အဆုံးသတ်ချင်တဲ့သူ ဖြစ်နေပြီလား။ ဘာကိုမှမဆုံးဖြတ်ရသေးခင် ဒီစာစောင်လေးကို ဖတ်ကြည့်လိုက်ပါ။

ကျွန်မရဲ့နေ့ရက်တွေတိုင်းက စိတ်ချောက်ချားစရာ၊ စိတ်ဓာတ်ကျစရာကိစ္စတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။ ဒါ့ကြောင့် အရာရာကို လက်လျှော့ အရှုံးပေးဖို့ အသင့်ဖြစ်နေခဲ့ပြီ။ ဒီနေ့တော့ ကျောင်းကနေအိမ်ကို စောစောပြန်လာခဲ့တယ်။ ဘယ်သူနဲ့မှစကားမပြောပဲ အခန်းထဲကို တန်းဝင်ပြီး တံခါးပိတ်လိုက်တယ်။ ကျွန်မ မှာစရာရှိတာတွေကို စာရွက်လေးထဲ ရေးတယ်။ စိတ်တိုင်းမကျမခြင်း ထပ်ခါထပ်ခါ ပြန်ရေးတယ်။ ပြီးတော့ အိပ်ဆေးပုလင်းကို ယူပြီး အိပ်ဆေးတွေ တစ်လုံးမကျန် အကုန်သောက်ပစ်ခဲ့တယ်။ အိပ်ရာပေါ်လှဲအိပ်လိုက်တယ်။ နောက်ဆုံးမှာတမ်းလေးကို ရင်ဘတ်ပေါ်မှာ တင်၊ လက်နဲ့ ဖိထားပြီး မနိုးသောအိပ်ခြင်းနဲ့ အိပ်စက်ဖို့ မျက်လုံးတွေကို အနားပေးခဲ့တယ်။

နောက်တစ်နာရီလောက်ကြာတဲ့အခါမှာ ကျွန်မမောင်လေးက ကျွန်မကို ညစာစားဖို့လာခေါ်တယ်။ တံခါးခေါက်တာကို ကျွန်မပြန်မထူးတဲ့အတွက် သူအခန်းထဲကို ဝင်ခဲ့တယ်။ ကျွန်မအိပ်နေတယ်လို့ပဲ ထင်တာကြောင့် မနှိုးတော့ဘဲ အောက်ထပ်ဆင်းပြီး အမေ့ကို အကျိုးအကြောင်းပြောခဲ့တယ်။ အမေက ကျွန်မကို နှိုးဖို့ တက်လာခဲ့တယ်။ အခန်းထဲရောက်တော့ ကျွန်မကို နှိုးမရဘဲ တစ်ခုခု ထူးခြားနေမှန်း သတိပြုမိခဲ့တယ်။ ကျွန်မလက်ထဲက စာရွက်လေးကို မြင်သွားပြီး ချက်ချင်းပဲ ဖတ်ကြည့်ခဲ့တယ်။ စာဖတ်ပြီးပြီးချင်း အလန့်တကြားနဲ့ ကျွန်မကိုအတင်းနှိုးတယ်၊ ကျွန်မနာမည်ကို အော်ခေါ်တယ်။ ကျွန်မမောင်လေးက ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး၊ အဖေ့ဆီကိုပြေး၊ အကျိုးအကြောင်းပြောပြခဲ့တယ်။ အဖေက ကျွန်မအိပ်ခန်းဆီပြေးလာခဲ့တယ်။ စာရွက်ပိုင်းလေးကို ကိုင်ပြီး အသက်မရှိတော့တဲ့ ကျွန်မခန္ဓာကိုယ်ဘေးမှာ အရုပ်ကြိုးပြတ်ထိုင်နေတဲ့ အမေ့ကို တွေ့သွားတယ်။ အဖေက ယူကျုံးမရတဲ့စိတ်၊ ဒေါသစိတ်တွေကို နံရံကိုလက်သီးနဲ့ ထိုးပြီးပေါက်ကွဲလိုက်တယ်။ အမေ့နားသွားပြီး ဒူးထောက်ထိုင်ချပြီး မျက်ရည်တွေကျနေခဲ့တယ်။ အမေလည်း အဖေ့နားတိုးကပ်သွားလိုက်ပြီး တစ်ယောက်လက် တစ်ယောက်ကိုင်ကာ ဝမ်းပန်းတနည်း ငိုယိုနေခဲ့ကြတယ်။

နောက်ရက် ကျောင်းမှာ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တယ်။ မနက်ခင်း စုဝေးချိန်မှာ ကျောင်းအုပ်ဆရာကြီးက ကျောင်းသားအားလုံးကို ကျွန်မရဲ့ သေကြောင်းကြံမှုသတင်းအကြောင်း ဝမ်းနည်းစွာ ပြောပြခဲ့တယ်။ ကျောင်းသားအချင်းချင်း တအံ့တသြနဲ့ တီးတိုးပြောဆိုသံတွေညံသွားခဲ့တယ်။ ခဏကြာတော့ အားလုံးရဲ့ စိတ်ထဲမှာ အတွေးကိုယ်စီနဲ့ ငြိမ်သက်သွားကြတယ်။ နောက်တော့ သူတို့ကိုယ်သူတို့ အပြစ်တင်ကြတယ်။

အတန်းပိုင်ဆရာမက ကျွန်မဒီလိုဖြစ်ရတာ သူကြမ်းကြမ်းတမ်းတမ်းဆူလိုက်လို့ လို့ထင်ခဲ့တယ်။ ကျွန်မကို လှောင်ပြောင်နေကျ နာမည်ကြီးတဲ့ ခပ်ကဲကဲကျောင်းသူတစ်စုကတော့ သူတို့ရဲ့ လှောင်ပြောင်မှုတွေကြောင့် ကျွန်မဒီလိုလုပ်ခဲ့တာလို့ ထင်နေကြပြန်ရော။ ကျွန်မနာမည်ခေါ်ပြီး ကျွန်မကို မထိတထိစနေကျ ကျွန်မအတန်းဖော်ကောင်လေးကတော့ ကျွန်မဘယ်လောက်လှကြောင်း မပြောလိုက်ရလို့ သူ့ကိုယ်သူ အပြစ်တင်နေလေရဲ့။ ကျွန်မအကြောင်း ခရေစေ့တွင်းကျသိတဲ့ ကျွန်မရည်းစားဟောင်းကတော့ သတင်းကြားပြီးပြီးချင်း မျက်ရည်တွေကျပြီး အရူးတစ်ယောက်လို ကျောင်းထဲကနေပြေးထွက်သွားခဲ့တယ်။ ကျွန်မသူငယ်ချင်းတွေလည်း ရှိုက်ကြီးတငင် ငိုခဲ့ကြတယ်။

ဘာတွေများဖြစ်ခဲ့လို့ ကျွန်မဒီလိုလုပ်သွားရတာလဲ၊ ဘာလို့ သူတို့ကို ဖွင့်မပြောတာလဲ ဆိုတာကိုလည်း သိချင်နေကြတယ်။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းကတော့ ရှော့ခ်ရသွားသလိုပါပဲ။ သူမလုံးဝ မယုံနိုင်ခဲ့ဘူး။ ကျွန်မဖြစ်နေခဲ့တဲ့ ပြဿနာတွေကို သူမသိတယ်။ ဒါပေမယ့် ဒီလိုလုပ်လိမ့်မယ်လို့ မထင်မိဘူး။ သူမ ငိုတောင်မငိုနိုင်တော့ဘူး။ ဘာကိုမှ မခံစားနိုင်တော့ဘူး။ စာသင်ခန်းထဲကနေ ထွက်သွားပြီး မြေပြင်ပေါ်မှာ လဲကျသွားခဲ့တယ်။ သူမတစ်ကိုယ်လုံး တုန်လှုပ်နေပေမယ့် မျက်ရည်မကျခဲ့ဘူး။

နောက်ရက်အနည်းငယ်ကြာတော့ ကျွန်မရဲ့ ဈာပနပွဲကို ကျင်းပခဲ့တယ်။ ကျွန်မရဲ့ နောက်ဆုံးခရီးကို တစ်မြို့လုံးနီးပါး လိုက်ပို့ပေးခဲ့ကြတယ်။ စကားပြောကောင်းပြီး တောက်ပတဲ့ အပြုံးပိုင်ရှင်လေးအဖြစ် ကျွန်မကို လူတိုင်းက သိနေကြတယ်။ ကျွန်မသူငယ်ချင်းတော်တော်များများကလည်း သူတို့အတွက် အချိန်တိုင်းအသင့်ရှိနေတဲ့၊ သူတို့ရဲ့ အားပေးနှစ်သိမ့်ဖော်ဖြစ်တဲ့ ကျွန်မအတွက် နှမျောတသ ဖြစ်နေခဲ့ကြတယ်။ လူတော်တော်များများကလည်း ကျွန်မရဲ့ ကောင်းတဲ့အပြုအမူလေးတွေကို ပြောနေကြတယ်။ လူတိုင်းကလည်း မျက်ရည်တွေကျနေခဲ့တယ်။ ကျွန်မမောင်လေးက ကျွန်မကိုယ်ကျွန်မသတ်သေမှန်း မသိသေးဘူး။ သူကအရမ်းငယ်သေးတယ်လေ။ ကျွန်မ ဒီတိုင်းပဲသေသွားတယ်လို့ အမေကသူ့ကို ပြောပြခဲ့တယ်။ ကျွန်မရဲ့သေဆုံးခြင်းက သူ့ကို နာကျင်စေတယ်ထင်ပါရဲ့။ သူတစ်ချိန်လုံး ငိုနေတော့တာပါပဲ။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ ကျွန်မက သူ့ရဲ့ တစ်ဦးတည်းသော အစ်မပဲ။ သူ့ကို တစ်ဘဝလုံးကာကွယ်ပေးသင့်တာပေါ့။ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ ဈာပနတစ်ခုလုံးမှာ စိတ်ကိုတင်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မရဲ့ရုပ်အလောင်းကို မြေချတဲ့ အချိန်မှာတော့ အရာအားလုံးဆုံးရှုံးခဲ့ရလို သူမ ကျူကျူပါအောင် ငိုပါတော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပါသည်။

ရက်ကိုလစား၊ လကိုနှစ်စားပြီး အချိန်တွေကုန်လွန်ခဲ့တာ နှစ်နှစ်တောင်ကြာခဲ့ပြီ။ ကျောင်းမှာတော့ သူငယ်ချင်းတွေက တစ်ပတ်မှာ တစ်ကြိမ်လောက် ကျွန်မအကြောင်းကို ပြောကြတုန်းပါပဲ။ ကျွန်မရဲ့ အတန်းပိုင်ဆရာမလည်း အလုပ်ကထွက်သွားခဲ့တယ်။ ကျွန်မကို လှောင်ပြောင်သရော်နေကြ ကျောင်းသူတစ်စုကလည်း နောင်တတွေရပြီး အချိုးတွေပြောင်းသွားခဲ့တယ်။ ကျွန်မကို မခံချင်အောင် စနေကျ ကောင်လေးက သူ့ကိုယ်သူအပြစ်ပေးတဲ့အနေနဲ့ လက်ကိုဓားနဲ့လှီးခဲ့တယ်။ ကျွန်မရဲ့ ရည်းစားဟောင်းကတော့ ဘယ်မိန်းကလေးကိုမှ ချစ်ဖို့မကြိုးစားတော့ပါဘူး။ ကျွန်မရဲ့ သူငယ်ချင်းတွေလဲ စိတ်ဓာတ်တွေကျနေတုန်းပဲ။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းကတော့ ကျွန်မလို သူ့ကိုယ်သူ သတ်သေဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ ကျွန်မရဲ့ မောင်လေးကတော့ ကျွန်မကိုယ့်ကိုယ်ကို သတ်သေမှန်း သိသွားခဲ့တယ်။ နာကျင်ကြေကွဲစွာနဲ့ ညတိုင်းလိုလို ငိုနေခဲ့တယ်။ ကျွန်မကိုယ့်ကိုယ်ကို သတ်မသေခင်က လုပ်ခဲ့သလိုပဲ တစ်ထပ်တည်း လိုက်လုပ်နေတယ်။ ကျွန်မ မိဘတွေလား။ သူတို့ ကွာရှင်းလိုက်ကြတယ်လေ။ ကျွန်မရဲ့ ရင်နင့်စရာအဖြစ်တွေကို မေ့နိုင်ဖို့ အဖေက အလုပ်ကိုပဲ အာရုံစိုက်နေခဲ့တယ်။ အမေကတော့ ကျွန်မစိတ်နဲ့ အိပ်ရာထဲလဲသွားခဲ့ပါတယ်။

ကျွန်မ ဘဝခြားသွားခဲ့ပေမယ့် သူတို့တွေကို မြင်နိုင်နေဆဲပဲ။ ကျွန်မဘဝကို အဆုံးမသတ်ခင်က ကျွန်မသေသွားရင် သူတို့ဘာမှမဖြစ်လောက်ဘူးလို့ ထင်နေမိခဲ့တယ်။ ကျွန်မသေသွားရင် ကျွန်မဘဝကြီး ငြိမ်းချမ်းသွားမယ်လို့ထင်ခဲ့တယ်။ တကယ်တော့ ကျွန်မဘဝ မငြိမ်းချမ်းတဲ့အပြင် သူများဘဝတွေကိုပါ ပူလောင်စေခဲ့မိပြီလေ။ ကျွန်မသာ မသေခဲ့ရင် သူတို့လည်း ကျွန်မနားမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေကြမယ်။ အခု ကျွန်မ သူတို့ကို မနှစ်သိမ့်နိုင်တော့ဘူးလေ။ ဘဝခြားနေပြီကိုး။

ကျွန်မအခု အဖြစ်ချင်ဆုံးက လွန်ခဲ့တဲ့နှစ်နှစ်က ရင်နင့်စရာညနေခင်းဆီ ပြန်သွားပြီး ကိုယ့်ကိုယ်ကို သတ်မသေမိအောင် ကြိုးစားချင်နေမိတယ်။ ဒါပေမယ့် ပြင်ဆင်လို့မရတော့ဘူးလေ။ အညွန့်တလူလူနဲ့ ကျွန်မဘဝလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အဆုံးသတ်သွားခဲ့ပြီလေ။ ကျွန်မရဲ့ ရွေးချယ်မှုကကျွန်မအပေါ်ပဲ အကျိုးသက်ရောက်စေတာ မဟုတ်ပါဘူး။ ကျွန်မ ပတ်ဝန်းကျင်ကလူတွေကိုပါ အကျိုးသက်ရောက်စေပါတယ်။ သင့်နားမှာ ဘယ်သူမှမရှိဘူး၊ သင့်ကိုဘယ်သူမှမချစ်ဘူးလို့ သင်ထင်ကောင်းထင်မိလိမ့်မယ်။ တကယ်တော့ သင့်နားမှာ သင်မမြင်တဲ့ ချစ်ခြင်းမေတ္တာတွေ အများကြီးပါ။ သင့်ဘဝကို အဆုံးသတ်တော့မယ်ဆိုရင် သင့်ဘဝကို ဖန်ဆင်းပေးခဲ့တဲ့ သင့်မိဘတွေကို မြင်ယောင်ကြည့်လိုက်ပါ။ သင်မရှိတော့လို့ သင့်ကို တမ်းတနေမယ့်သူတွေ အများကြီးပါ။

ဒါကြောင့် ဘာကိစ္စပဲဖြစ်နေနေ သင့်ဘဝကို အဆုံးမသတ်လိုက်ပါနဲ့။ သင့်မှာ ဆက်လက်ရှင်သန်စရာ ဘဝတွေ ကျန်နေပါသေးတယ်။ သင်အရှုံးပေးလိုက်လို့ ဘယ်အရာမှ ပိုကောင်းမလာနိုင်ဘူးဆိုတာ သတိပြုပါ။