အချစ်စစ်ရဲ့ အလှတရား

blank

တစ်နေ့မှာ အညတရ ကောင်လေးတစ်ယောက်နဲ့ သူဌေးသမီးလေးတို့ဟာ မေတ္တာမျှသွားကြပါတယ်။ ကောင်လေးက ဆင်းရဲတဲ့ မိသားစုကနေ ကြီးပြင်းလာတာ ဆိုတော့ ကောင်မလေးမိဘတွေက သိပ်ပြီး သဘောမတွေ့လှဘူးပေါ့။

ဒီတော့ ကောင်လေးဟာ ကောင်မလေးတင် သူ့ဘက်မှာ ရှိနေလို့မဖြစ်ဘူး၊ သူမရဲ့မိဘတွေကိုပါ သူ့ဘက်ပါလာအောင် လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီး ပိုကောင်းအောင် ကြိုးစားနေထိုင်ပြလိုက်တယ်။ အဲ့ဒီအခါမှာတော့ ကောင်မလေးမိဘတွေလည်း “ဒီကောင်လေးက ဆင်းရဲပေမယ့် မဆိုးပါဘူး” ဆိုပြီး သမီးဖြစ်သူနဲ့ သဘောတူသွားတော့တာပေါ့။

နောက်ထပ် ပြဿနာတစ်ခုက ကောင်လေးက စစ်သားဖြစ်နေတာပါပဲ။ ဒီတော့ ချစ်သူဖြစ်ပြီး သိပ်မကြာခင်မှာပဲ စစ်ပွဲတစ်ခုအတွက် ကောင်လေးဟာ နိုင်ငံရပ်ခြားကို အချိန်တစ်နှစ်လောက် ထွက်သွားရပါတော့တယ်။ သူ မသွားခင် တစ်ပတ်လောက် အလိုမှာ ကောင်လေးဟာ သူ့ချစ်သူရှေ့မှာ ဒူးထောက်ပြီး “ငါ့ကို လက်ထပ်နိုင်မလား” ဆိုပြီး လက်ထပ်ခွင့်တောင်းလိုက်တယ်။ ကောင်မလေးမျက်ဝန်းမှာတော့ ဝမ်းသာမျက်ရည်တွေ စို့ပြီး ချက်ခြင်းဆိုသလို “လက်ထပ်ပါ့မယ်”လို့ ဖြေလိုက်တာပေါ့။ ပြီးတော့ သူတို့စေ့စပ်လိုက်ကြတယ်။ ကောင်လေးပြန်လာတဲ့ အခါ လက်ထပ်ကြဖို့လည်း ဂတိပြုထားလိုက်ကြပါတယ်။

ဒါပေမယ့် ကံကြမ္မာရဲ့ ရက်စက်လွန်းပုံက ကောင်လေးထွက်သွားလို့မှ သိပ်မကြာသေးဘူး၊ ကောင်မလေးဟာ ကြီးမားတဲ့ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရသွားပါတော့တယ်။

ဆေးရုံပေါ်မှာ သူမ သတိရလာတဲ့အခါ သူမရဲ့ အဖေနဲ့ အမေ ငိုနေတာကို တွေ့လိုက်ရတယ်။ ချက်ချင်းဆိုသလိုပဲ တစ်ခုခုတော့ မှားနေပြီဆိုတာ သူမ ရိပ်မိလိုက်ပါတယ်။

နောက်မှ သိလိုက်ရတာက သူမရဲ့ ဦးနှောက်ကို ထိခိုက်မိသွားပြီး မျက်နှာကြွက်သားတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်း တစ်ခုလုံး ပျက်စီးသွားတယ် ဆိုတာကို ပါပဲ။ တစ်ချိန်တုန်းက သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးဟာ အခုတော့ အကျည်းတန်သွားပြီလေ။ မှန်ထဲက သူမပုံကို ကြည့်ရင်း “မနေ့ကအထိ ရှိနေတဲ့ ကျွန်မရဲ့ အလှအပတွေ ဘယ်ရောက်ကုန်ပြီလဲ၊ အခုတော့ ကျွန်မက သရဲ သဘက်လို ဖြစ်နေပြီ” ဆိုပြီး ယူကြုံးမရစွာ အော် အော်ပြီး ငိုပါတော့တယ်။ သူမတစ်ကိုယ်လုံးကလည်း မြင်မကောင်းအောင်ကို ပတ်တီး အဖွေးသားနဲ့ ဖြစ်နေပါပြီ။

အဲ့ဒီ အခိုက်အတန့်မှာပဲ သူမ ဆုံးဖြတ်လိုက်တာက သူမတို့ ချစ်သူနှစ်ဦးကြားက ကတိစကားကို ဖျက်လိုက်ဖို့ပါပဲ။ ကောင်လေးအနေနဲ့ သူမကို လိုလားတော့မှာ မဟုတ်ဘူးဆိုတာ ကြိုသိနေပြီလေ။ ဒီတော့ သူ့ကို မေ့နိုင်အောင်၊ သူနဲ့ တစ်သက်လုံး မတွေ့တော့ဘဲ နေနိုင်အောင်ပဲ မြိုသိပ်ကြိတ်မှိတ်ပြီး ကြိုးစားရတော့မှာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဝေးက ကောင်လေးကတော့ ချစ်သူကောင်မလေးဆီကို စာတွေရေး၊ သတင်းတွေမေးနဲ့ပေါ့၊ ကောင်မလေးကတော့ လုံးဝကို စာမပြန်တော့ပါဘူး။ ဖုန်းတစ်ဂွမ်ဂွမ် ဆက်တော့လည်း လုံးဝကို လျစ်လျူရှုနေခဲ့ပါတယ်။

တစ်နှစ်ပြည့်ပြီး တစ်နေ့မှာတော့ သူမရဲ့ အမေဖြစ်သူက ကောင်မလေးရဲ့ အခန်းထဲဝင်လာပြီး “သမီးလေး… သူရှေ့တန်းက ပြန်လာပြီ” ဆိုပြီး ပြောပြပါတယ်။

ကြားကြားချင်းပဲ ကောင်မလေးဟာ “မဖြစ်ဘူး… သူ့ကို ကျွန်မအကြောင်း မပြောပါနဲ့၊ ကျွန်မ ဒီမှာ ရှိတယ်လို့လဲ မပြောပါနဲ့” ဆိုပြီး အရူးမီးဝိုင်း အော်ပါတော့တယ်။

သူမရဲ့ အမေကတော့ အလိုက်မသိစွာနဲ့ “သူလက်ထပ်တော့မယ်တဲ့ သမီးရေ” ဆိုပြီး ဆက်ပြောရင်း မင်္ဂလာဆောင် ဖိတ်စာလေး တစ်ဆောင်ကို ကမ်းပေးပါတယ်။

ကောင်မလေးတော့ ရင်ကွဲရပါပြီ။ အခုထိ သူ့ကို ချစ်နေတုန်းပဲဆိုတာ သူမကိုယ် သူမ သိတာပေါ့။ ဒါပေမယ့် အခုတော့ သူမနှလုံးသားထဲကနေ သူ့ကို အပြီးပိုင် ထုတ်လိုက်ရတော့မယ်လေ။

ကံကြမ္မာရယ်… ဘယ်အငြိုးနဲ့များ ဒီလောက်ထိ ရက်စက်နိုင်ရတာလဲ။

နှလုံးသားတစ်ခုလုံး နာကျင်နေတဲ့ကြားကနေ သူမဟာ ဖိတ်စာလေးကို ဖွင့်ဖတ်လိုက်တယ်။

အို…ဖိတ်စာထဲက သတို့သမီးနေရာက သူမနာမည်ပါလား…။

သူမ နားမလည်စွာနဲ့ “ဒါကဘယ်လိုဖြစ်တာလဲ” ဆိုပြီး မေးလိုက်တယ်။

ဒီအချိန်မှာပဲ သူမသိပ်ချစ်ရတဲ့ ကောင်လေးက ပန်းစည်းတစ်စည်းကို ကိုင်ပြီး အခန်းထဲကို ဝင်လာပါတယ်။ ပြီးတော့ ကောင်မလေးရှေ့မှာ ဒူးထောက်ပြီး “ငါ့ကို လက်ထပ်နိုင်မလား” ဆိုပြီး မေးလိုက်ပါတော့တယ်။

ကောင်မလေးကတော့ လက်နဲ့ သူမမျက်နှာကို အုပ်ပြီး “ငါအရင်လို မလှတော့ဘူး၊ ငါ အရမ်းရုပ်ဆိုးနေပြီ ” ဆိုပြီး ငိုယိုပြီး ပြောပါတယ်။

ကောင်လေးက ကောင်မလေးကို စူးစူးနစ်နစ်ကြည့်ပြီး ပြန်ပြောလိုက်တယ်။ “မင်းမသိအောင် မင်းအမေက မင်းဓာတ်ပုံတွေကို ငါ့ဆီပို့ပေးခဲ့တာ။ မင်းပုံတွေကို မြင်လိုက်ရလို့လည်း ငါ့ရင်ထဲမှာ အရင်အတိုင်းပဲ ဘာမှ ပြောင်းလဲမသွားဘူး ဆိုတာ ယုံပေးပါကွာ။ အခုထိ မင်းဟာ ငါ့ရင်ထဲမှာ နင့်နေအောင် ချစ်ရတဲ့သူပါပဲ။ ပြီးတော့ ငါ့မျက်လုံးထဲမှာ မင်းဟာ အမြဲလှနေတဲ့ ပန်းလေးတစ်ပွင့်လိုပါပဲကွာ။ အဲ့ဒါဘာလို့လဲ သိလား…ချစ်သူ…ငါမင်းကို အရမ်းချစ်လို့ပေါ့…” ။

သဘောကျတယ်ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။