ဂရုဏာသက်ဖွယ် အနှိုင်းမဲ့တဲ့ ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်

blank

“ကျွန်မ သားလေးကို ကြည့်လို့ ရမလား” ဆိုတဲ့ အသံတစ်သံ…

သားဖွားခန်းထဲက အမျိုးသမီးတစ်ယောက်ရဲ့ အသံပါ။ သူနာပြုဆရာမက သားလေးရဲ့ အနှီးလေးကို ဖယ်ပြီးပြတော့မယ်အလုပ်မှာ ဆရာဝန်က စိတ်မကောင်းစွာနဲ့ တစ်ဖက်ကို မျက်နှာ လွှဲသွားခဲ့တယ်။ အကြောင်းကတော့ ကလေးက နားရွက်နှစ်ဖက်လုံး မပါဘဲ မွေးဖွားလာလို့ပါ။

ကံကောင်းတာတစ်ခုက ကလေးဟာ နားမပါပေမယ့် အကြားအာရုံ ထိခိုက်ခြင်း မရှိခဲ့ပါဘူး။ သို့ပေမယ့်လည်း ကျောင်းနေတဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ သူ့ရဲ့ ချို့ယွင်းချက် တစ်ခုကြောင့် ကလေးဟာ အတန်းဖော်တွေရဲ့ လှောင်ပြောင်ခြင်းကို စတင် ခံစားရပါတော့တယ်။

တစ်နေ့ ကောင်လေးဟာ ကျောင်းက ပြန်ရောက်ရောက်ချင်း သူ့အမေ ဖြစ်သူရဲ့ ရင်ခွင်ထဲတိုးဝှေ့ပြီး ဝမ်းနည်းပက်လက် ငိုကြွေးတော့တယ်။ သူ့အမေကလည်း ချက်ချင်းသိလိုက်တယ်။ သူ့သားလေး ကျောင်းမှာ လှောင်ပြောင် ခံခဲ့ရပြီ ဆိုတာကိုပေါ့။ သူမ သက်ပြင်းတစ်ချက်ရှိုက်ရင်း တွေးလိုက်မိတာက ငါ့သားလေးတော့ ဒီလိုပဲ တစ်သက်လုံး လူအကဲ့ရဲ့ခံ ဘဝနဲ့ အဆုံးသတ်တော့မလား ဆိုပြီးတော့ပါ။

ကလေးက အရမ်းထူးချွန်ပေမယ့် သူ့ရဲ့ ဒီနားရွက်မပါတဲ့ ချို့ယွင်းမှုတစ်ခုကြောင့် သူဟာ အမြဲ မျက်နှာငယ်ခဲ့ရတယ်။ ဒါနဲ့ မဖြစ်သေးပါဘူးဆိုပြီး အဖေဖြစ်သူက ဆရာဝန်နဲ့ တိုင်ပင်ကြည့်တော့ “ကလေးက ရုပ်ပိုင်းပဲ ချို့ယွင်းနေတာ ဖြစ်လို့ နားရွက် လေးသာ အစားပြန်တပ်ပေးနိုင်မယ်ဆို အားလုံး အဆင်ပြေသွားပါလိမ့်မယ်” လို့ ပြောပါတယ်။ ဒါနဲ့ အဖေဖြစ်သူဟာ နားရွက်အလှူရှင်လေးများ ရှိနိုင်မလား ဆို ရှာဖွေခဲ့တော့တယ်။

(၂) နှစ်လောက် ကြာတဲ့ အချိန်မှာတော့ သားဖြစ်သူကို “သား ဒီနေ့ ဆေးရုံသွားပြီး ခွဲစိတ်မှုပြုလုပ်ရမယ်။ သားနားရွက်တွေ အစားထိုးဖို့ အလှူရှင်ရပြီ။ ဒါပေမယ့် အလှူရှင်က သူဘယ်သူလဲဆိုတာတော့ မပြောပြဖို့ ဖေဖေတို့ကို လျှို့ဝှက်ခိုင်းထားတယ။် ” ဆိုပြောပြခဲ့ပါတယ်။ အဲဒီနေ့ပဲ ခွဲစိတ်ဖြစ်ကြတယ်။

ခွဲစိတ်မှု အားလုံး ချောချောမွေ့မွေ့နဲ့ အောင်မြင်ခဲ့ပါတယ်။ အခုဆိုရင် ကောင်လေးဟာ နဂိုကတည်းကလည်း ပါရမီရှိပြီးသားမို့ အရမ်းကို ထူးချွန်ပြောင်မြောက်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်လို့နေပါပြီ။ အရွယ်ရလာတဲ့ အခါ အိမ်ထောင်ပြုပြီး သံရုံးတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

ဒီလို သူအောင်မြင်လာတာနဲ့ အမျှ သူ့ကို နားရွက်တွေ လှူပေးခဲ့တဲ့ အလှူရှင်ကို သိချင်စိတ်တွေ ပိုမို ပြင်းပြလာတော့တယ်။ ဒါနဲ့ သူ့အဖေကို ဇွတ်မေးခဲ့တယ်။ အဖေဖြစ်သူကလည်း “မဖြစ်ဘူး သား လုံးဝပြောလို့ မဖြစ်ဘူး” လို့ပဲ ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းအတော်ကြာတဲ့ အထိ ဒီလျှို့ဝှက်ချက်ကြီးကို ထိန်းသိမ်းလာခဲ့ကြတယ်။

တစ်ရက်မှာတော့ ကောင်လေးရဲ့ အမေ ကံကုန်နေ့စေ့ပြီး လောကကြီးထဲက ထွက်ခွာသွားပါတော့တယ်။ ကောင်လေးဟာ သူ့အဖေနဲ့အတူ အမေဖြစ်သူရဲ့ အလောင်းနားမှာ ရပ်နေခဲ့တယ်။ အဖေဖြစ်သူက သူ့ဇနီးရဲ့ ရုပ်အလောင်းလေးကို ကြည့်ရင်း ဆံပင်လေးတွေကို ညင်သာစွာ ပွတ်သပ်ပေးနေပါတယ်။ ကောင်လေး သေချာကြည့်လိုက်တော့မှ အမေဖြစ်သူမှာ နားရွက်နှစ်ဖက်လုံး မပါတာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ နားလည်လိုက်တာက သူ့အမေက သူ့အတွက် နားရွက်လေးတွေ လှူပေးခဲ့တဲ့ အလှူရှင်မှန်း သိသွားတော့တယ်။

ဒါကြောင့် သူ့အမေက ဆံပင်မဖြတ်ချင်တာဆိုပြီး တော့လည်း တွေးလိုက်မိတယ်။ သူ့အမေရဲ့ ကြီးမားလှတဲ့ မေတ္တာတရားတွေကြောင့်လည်း ယူကြုံမရ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတော့တယ်။

တစ်ကယ်တော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေဆိုတာ မြင်သာအောင် ထုတ်ပြနေမှ မဟုတ်ပါဘူး။ ရုပ်တွေအပေါ်မှာပဲ မှီခိုနေတာလည်း မဟုတ်ပါဘူး။ မျက်လုံးနဲ့ ကြည့်လို့ မမြင်နိုင်တဲ့ နေရာတွေမှာလည်း နက်ရှိုင်းတဲ့ မေတ္တာတရားတွေ ရှိနေနိုင်တယ်ဆိုတာ သတိရလိုက်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တစ်ခုခု ခံစားလိုက်ရတယ်ဆိုရင် သူငယ်ချင်းတွေနဲ့လည်း SHARE လိုက်ပါ။