အချစ်စစ်တို့မည်သည်…

blank

ကျွန်မယောက်ျားက သိပ်တော်တဲ့ အင်ဂျင်နီယာတစ်ယောက်ပါ ။ ကျွန်မသူ့ကို သူ့ရဲ့ သွေးအေးအေးနေတတ်တဲ့ အကျင့်ကြောင့်ပဲ စွဲလန်းခဲ့ရတာ ဆို မမှားပါဘူး။ သူ့ရဲ့ ပခုံး ကျယ်ကြီးတွေပေါ် မှေးစက်ရတယ်ဆိုရင်ပဲ ကျွန်မဘဝ သိပ်ကို လုံခြုံနေပြီလို့ ခံစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အိမ်ထောင်သက် (၂) နှစ်ကျော်လာတဲ့အခါမှာတော့ ကျွန်မ သူ့ရဲ့ သွေးအေးတတ်တဲ့ အကျင့်ကြီးကို စိတ်ကုန်စပြုလာပါပြီ။

ကျွန်မက ခံစားချက်ကို သိပ်အလေးအနက်ထားတဲ့သူ၊ ချစ်ခြင်းမေတ္တာဆိုတာကို “မိန်းမငယ်လေး ချိုချဉ်တောင်းသလို တောင့်တခဲ့သူ” မို့ သူ့ရဲ့အေးစက်စက်နိုင်မှုတွေက ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေကိုပါ ဆူးခလုတ် ဖြစ်သွားစေခဲ့တယ်လေ။ ကျွန်မက ကျွန်မတို့နှစ်ယောက်ကြား စိတ်ကူးယဉ်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေ ရှိဖို့ လိုလားပေမယ့် သူကတော့ ခံစားမှုမရှိတဲ့ စက်ရုပ်ကြီးလိုပါပဲ။ ကြာလာတော့ ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။ ဒါနဲ့ ကျွန်မကို ကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်။

အဲဒီအချိန် သူသိပ်ကို တုန်လှုပ်သွားပြီး ကျွန်မကို “ဘာလို့လဲ ။ ကိုယ့်ကို ဘာလို့ကွာရှင်းချင်ရတာလဲ “ ဆို ပျာယာခတ်သွားခဲ့တယ်။ ဒီတစ်ခါတော့ ကျွန်မကသွေးအေးအေးနဲ့ “ ဘာလို့လဲ မမေးပါနဲ့။ လောကကြီးမှာ အကြောင်းပြချက်မရှိဘဲ ဖြစ်ပျက်နေတဲ့ အရာတွေ အများကြီးပဲ“ လို့ ပြန်ဖြေလိုက်တယ်။ အဲဒီညက သူတစ်ညလုံး မအိပ်ဘူး။ တောင်လျှောက်မြောက်လျှောက်နဲ့ ဆောက်တည်ရာမရ ဖြစ်နေပုံ ပေါက်ပါတယ်။ ကျွန်မဖြင့် ဒီလို မပြတ်သားတတ်တဲ့ အိစိအိစိနဲ့ လူတစ်ယောက်ကို ပိုပြီးတော့တောင် စိတ်ပျက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူကျွန်မကို “မင်းစိတ်တွေ ပြောင်းလဲလာဖို့ ကိုယ် ဘာတွေ လုပ်ပေးရမလဲ” ဆိုပြီး မေးလာပါတော့တယ်။

ကျွန်မတွေးလိုက်မိတာက ဘယ်လိုဖြစ်နိုင်မှာလဲ ။ လူတစ်ယောက်ဟာ သူ့ရဲ့ ဗီစစိတ်နဲ့ အကျင့်စရိုက်တွေကို ပြောင်းလဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်မသူ့အပေါ်လည်း အယုံအကြည်မရှိတော့တာကြောင့် သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်း “ သေချာနားထောင် ။ ကျွန်မက တောင်စွန်းတစ်ခုပေါ်က ပန်းလေး တစ်ပွင့်ကို လိုချင်တယ်။ အဲဒီပန်းလေးကို ရှင်ခူးပေးမယ်ဆို ရှင်ချောက်ထဲ ပြုတ်ကျပြီး သေသွားမှာ ကလည်း ၇၀% လောက် သေချာနေပြီ ။ ကဲ ဘယ်လိုလဲ ရှင်ခူးပေးနိုင်မလား “ လို့ မေးလိုက်တယ်။ သူပြန်ပြောလာတာက “မနက်ဖြန်ကျရင် အဖြေပေးမယ် ”တဲ့။ သူ့အဖြေကြားကြားချင်း ကျွန်မ စိတ်ပျက်လက်ပျက်နဲ့ အိပ်ပစ်လိုက်တယ်။

မနက်ကျတော့ အခန်းထဲမှာ သူမရှိတော့ဘူး။ သူထိုင်နေကျ စာကြည့်စားပွဲလေးပေါ်မှာ စာရွက်လေး တစ်ရွက်တင်ထားခဲ့တယ်။

စာရွက်ထဲမှာ ရေးထားတာက “ ကိုယ်မင်းလိုချင်တဲ့ ပန်းလေးကို ခူးမပေးနိုင်တာ စိတ်မကောင်းပါဘူး။ ကိုယ်ဘာလို့ခူးမပေးနိုင်လဲ ဆိုတာကိုတော့ အောက်မှာရေားထားတဲ့ စာလေးတွေ ဖတ်ကြည့်လိုက်ရင် မင်းသိလာမှာပါ။ “

ကျွန်မလည်း စိတ်ဝင်တစားနဲ့ ဆက်ဖတ်လိုက်တယ်။

သူဆက်ရေးထားတာက “ တစ်ခါတစ်လေ ကွန်ပျူတာကြီးရှေ့မှာ ခေါင်တွေခြောက်ပြီး အိပ်ပျော်သွားတတ်တဲ့ မင်းရဲ့ မပြီးပြတ်သေးတဲ့ အလုပ်တာဝန်တွေကို အပြီးသတ်ဖို့ င့ါလက်ချောင်းလေးတွေ ရှိနေဖို့ လိုအပ်လို့ပါ။ နောက် ပြီး အမြဲတမ်းမေ့တတ်တဲ့ မင်းက အပြင်ထွက်ရင် အိမ်သော့ယူဖို့ မေ့မေ့သွားတတ်တာကြောင့် မင်းပြန်မလာခင်တံခါးဖွင့်ထားပြီးသားဖြစ်အောင် အိမ်ကို အရင်ပြန်နှင့်ဖို့ ငါ့ခြေထောက်တွေ မရှိတော့လို့ မဖြစ်ဘူး။

ဒီလိုပဲ ခရီးထွက်ရတာ ကြိုက်တတ်တဲ့မင်းက အမြဲတမ်း မရောက်ဖူးတဲ့ မြို့တွေဆို လမ်းပျောက်နေတတ်တော့ လမ်းမတွေပေါ် မှာ မင်းကို လမ်းပြဖို့ ငါ့မျက်လုံးတွေ ရှိနေမှဖြစ်မယ်။

မင်းသူငယ်ချင်းတွေလာလို့ မုန့်တွေလုပ်စားရင်း မင်းဗိုက်တွေနာတဲ့အခါ မင်းဗိုက်လေးကို ကြင်ကြင်နာနာ ပွတ်သပ်ပေးဖို့ ငါ့လက်ဖျံလေးတွေ ရှိနေဖို့ လိုအပ်သေးတယ်။

အပြင်ထွက်ရတာ မကြိုက်တဲ့မင်း…အိမ်ထဲမှာ အထီးကျန်နေမယ့်အချိန်တွေမှာ မင်းစိတ်ပျော်ရွှင်မယ့် စကားတွေ ပြောပေးဖို့ ငါ့ပါးစပ်တွေ သက်ဝင် လှုပ်ရှားနေဖို့ လိုအပ်တယ်။

ကွန်ပျူတာတွေ အသုံးများတဲ့ မင်း အသက်တွေကြီးလာလို့ မျက်စိတွေမှုန်သွားတဲ့အခါ မင်းဝေယျာဝစ္စတွေကို လုပ်ပေးဖို့၊ မင်းနဲ့အတူ ကမ်းခြေကို ခရီးအတူသွားကြတဲ့အခါ လှပတဲ့ သဲသောင်ပြင်လေးကို ပုံဖော်ပြဖို့၊ မင်းရဲ့ငယ်စဉ်က သွက်လက်ဖျတ်လတ်ခဲ့တဲ့ အချိန်တုန်းကအကြောင်းလေးတွေ ပြန်ပြောပြဖို့၊ မင်းနာမကျန်းတဲ့အချိန်မှာ ပြုစုပေးဖို့ ငါအသက်ရှင်နေမှ ဖြစ်မှာမို့ပါ။

သေချာတာတော့ မင်းကို ငါ့ထက်ချစ်နိုင်တဲ့သူ မရှိလာသေးသရွေ့ ငါသေသွားလို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ငါအဲဒီပန်းကို သွားခူးလို့ မဖြစ်သေးဘူး။”

ကျွန်မဖြင့်စာဖတ်ရင်း ဝမ်းနည်းလွန်းလို့ မျက်ရည်တွေ သူ့စာပေါ် တစ်ပေါက်ပေါက် ကျအောင် ငိုပစ်လိုက်တော့တယ်။

ဆက်ဖတ်ကြည့်လိုက်တော့ “ကဲ မင်းလည်း စာဖတ်လို့ပြီးရောပေါ့ တစ်ကယ်လို့ ငါ့အဖြေကို မင်းသဘောကျတယ်ဆို အိမ်ရှေ့တံခါးကို ဖွင့်ကြည့်လိုက်။ မင်းကြိုက်တတ်တဲ့ နွားနို့နဲ့ ပေါင်မုန့်လေးကိုင်ပြီး ကိုယ်စောင့်နေမယ်။” ကျွန်မလည်း ချက်ချင်းပဲ သူ့ဆီပြေးသွားလိုက်တယ်။ ဟုတ်ပါတယ်။ အခုဆို ကျွန်မ သိပ်သေချာသွားခဲ့ပါပြီ။ ကျွန်မအပေါ် သူ့လောက်ကောင်းနိုင်တဲ့သူ၊ သူ့လောက်ချစ်နိုင်တဲ့သူဆိုတာ မရှိနိုင်တော့ဘူး ဆိုတာကိုပေါ့။

ဒီလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာကို ပုံဖော်နည်းတွေ မတူကြတဲ့အခါ သံသယတွေ အထင်လွဲစရာတွေ ဖြစ်လာတတ်တာ သဘာဝပါ။

တစ်ကယ်တော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ အပေါ်ယံစကားချိုချိုတွေထဲမှာသာ တည်ရှိတာမဟုတ်ပါဘူး။ ကိုယ့်ချစ်သူအတွက် အသေးစိတ်လေးတွေက အစ လိုက်ဖြည့်ဆည်းပေးချင်တာ နားလည် ပေးချင်တာကသာ အချစ်စစ် အချစ်မှန် ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။