အပြစ်တင်ခြင်းက မှန်ကန်သော ပြဿနာဖြေရှင်းနည်း မဟုတ်ကြောင်း

blank

သိပ်ချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ကလေးအရမ်းလိုချင်ကြပေမယ့် အိမ်ထောင်သက်(၁၁) ကျော်မှ ရင်သွေးရတနာလေး ရလာခဲ့ပါတယ်။ ဒီကလေးလေးဟာ သူတို့ဇနီးမောင်နှံအတွက်တော့ အိမ်ရဲ့ ဆည်းလည်းလေးပါပဲ။ လင်မယားနှစ်ယောက်လုံး သားလေးကို အသက်တမျှ ချစ်မြတ်နိုး ကြတာပါ။

တစ်နေ့ ဖခင်ဖြစ်သူ အလုပ်သွားခါနီး ဆေးပုလင်းသိမ်းဖို့ အချိန်မရတာနဲ့ ” မိန်းမရေ ဆေးပုလင်းလေး အဖုံးပိတ်ပြီး သိမ်းလိုက်ပါကွာ ကိုယ်နောက်ကျနေလို့” ဆိုပြောပြီး ရေးကြီးသုတ်ပျာ ထွက်သွားခဲ့ပါတယ်။ မိန်းမဖြစ်သူကလည်း အိမ်အလုပ်တွေ လုပ်ရင်း သတိလက်လွတ်နဲ့ မသိမ်းဖြစ်လိုက်ဘူး။ ဘူးလေးက အရောင်လေးကလည်း ချစ်စရာလေးဆိုတော့ သားငယ်လေးက ဆေးပုလင်းနားသွား ပြီး အကုန်ယူမော့ ပစ်လိုက်တော့တယ်။

ဆေးက လူကြီးတွေတောင် နည်းနည်း ပဲ သောက်လို့ရတဲ့ ဆေးပြင်းတစ်မျိုးပါ။ နုနယ်တဲ့ ကလေးလေးအတွက် အဆိပ်အတောက်ဖြစ်သွားပြီး ကလေးက ဆေးသောက်ပြီးပြီးချင်း လဲကျသွားပါတော့တယ်။ မိခင်ဖြစ်သူလည်း ဆေးရုံကို အလျှင်အမြန်ပြေး ဆေးကုသမှုခံယူခဲ့ပေမယ့် ကလေးအသက်ကို မကယ်လိုက်နိုင်ပါဘူး။ ဝမ်းပမ်းတနည်း ငိုကြွေးပြီးတဲ့နောက် သတိရလိုက်တာက ခင်ပွန်းဖြစ်သူကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာပါပဲ။ သူမပေါ့ဆမှုကြောင့် ကလေးအသက် ဆုံးရှုံးလိုက်ရတာ ဘယ်လောက်တောင် ဒေါသထွက်၊ မုန်းတီးသွားမလဲ ဆိုတာ မစဉ်းစားရဲလောက်အောင်ပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူမခင်ပွန်းဟာ ရောက်ရောက်ချင်းပဲ နှမြောတသမှု၊ ဝမ်းနည်းကြေကွဲမှုအပြည့်နဲ့ သူ့မိန်းမကို ပြောလိုက်တာကတော့ ” ကိုယ်မင်းကို အရမ်းချစ်တယ်။ ဘာမှအားမငယ်နဲ့။ မင်းအပြစ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကိုယ်လည်း ဆေးဘူးပိတ်ဖို့ အချိန်လေး နည်းနည်းယူလိုက်မယ်ဆို ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ အရာအားလုံး ဖြစ်ချင်လို့ ဖြစ်လာတာမှ မဟုတ်တာ။ ကျန်တဲ့အချိန်တွေ သတိရှိရှိနဲ့ အကောင်းဆုံး ဖြတ်သန်းကြစို့နော်။” ဆိုတဲ့ စကားသံတွေပါ။ ဒီလို ကြားလိုက်ရတဲ့အခါ မိန်းမဖြစ်သူဟာ သိပ်ကို လွတ်လပ်ပျော်ရွှင်သွားခဲ့ပါတယ်။ သူမ ဒီလိုတုန့်ပြန်မှုမျိုး လုံးဝမျှော်လင့် မထားခဲ့တာပါ။

ယောက်ျားဖြစ်သူ စဉ်းစားလိုက်တာကတော့ ဖြစ်ပြီးသွားမှတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေလဲ ဘာထူးတော့မှာလဲ။ ကလေးကပြန်ရှင်လာမှာမှ မဟုတ်တော့တာလေ။ ကျန်တဲ့သူနှစ်ယောက်ပါ အမုန်းဆက်ပွားနေကြမယ်ဆို ဘဝက ဘယ်လိုလုပ် နေပျော်တော့မှာလဲ။

ဒီလိုပါပဲ ကျွန်ုပ်တို့နေ့စဉ်ဘဝမှာ ပြဿနာတစ်ခုဖြစ်လာရင် တစ်ယောက်တစ်ယောက် အပြစ်တွေတင်၊ တာဝန်တွေလွှဲချပြီး ခေါင်းရှောင်တတ်ကြပါတယ်။ ကြာလာတဲ့အခါ အမုန်းတွေသာ အဖက်တင်ခဲ့ပြီး တစ်ဦးနဲ့ တစ်ဦးကြား အစားထိုးမရနိုင်တဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ ဆိတ်သုဉ်းကုန်ပါတော့တယ်။

ဒါကြောင့် အမုန်းတရားတွေ ကင်းဝေးပြီး ချစ်ခြင်းတွေနဲ့ သာယာလှပတဲ့ ဘဝတစ်ခုကို ဖြတ်သန်းဖို့ ဒီနေ့ကစလို့ သည်းခံခွင့်လွှတ်ခြင်းတွေနဲ့ ရှေ့ဆက်လိုက်ပါ။ မနာလိုမုန်းတီးမှုတွေ၊ အတ္တတွေ အကြောက်တရားတွေနဲ့ အငြှိုးအတေးတွေကိုတော့ အဝေးမှာ စွန့်ပစ်ခဲ့လိုက်ပါ။ ဘဝဟာ ကျွန်တော်တို့ တွေးထားသလောက် ခက်ခဲရှုပ်ထွေး မနေပါဘူး။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။