မြန်မာနိုင်ငံမှာစတင်ထိုးနှံနေပြီဖြစ်တဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး Covishield (Oxford-AstraZeneca vaccine) အကြောင်း သိကောင်းစရာ….

blank

စာချစ်သူတို့ရေ…

အိန္ဒိယကနေ တင်သွင်းလိုက်တဲ့ Covishield (Oxford-AstraZeneca vaccine) ကိုဗစ်ရောဂါ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ထိုးပေးနေပြီဖြစ်တယ်။ မကြာခင်အချိန်အတွင်းမှာ အလုပ်တွေပုံမှန်လုပ်နိုင်အောင်၊ သွားလာလှုပ်ရှားမှုတွေ လုပ်နိုင်အောင် ကူညီပေးမယ့် ဒီကာကွယ်ဆေးဟာ အားလုံးရဲ့ မျှော်လင့်ချက်တစ်ခုပါ။

ကာကွယ်ဆေးကို အသက် ၁၈ နှစ် နဲ့ အထက်ရှိတဲ့သူတွေ ထိုးရမှာဖြစ်ပြီး ပထမအကြိမ်ထိုးပြီး ၄ ပတ် အတွင်းမှာ ဒုတိယဆေးကို ထိုးရမှာဖြစ်ပါတယ်။ နှစ်ကြိမ်လုံး ထိုးပြီးတဲ့နောက်မှာတော့ ကိုဗစ်ရောဂါကို ၉ဝ% အထိ ကာကွယ်နိုင်မယ်လို့ ဖော်ပြထားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကာကွယ်ဆေးထိုးဖို့အတွက် ထူးထူးခြားခြားပြင်ဆင်ထားစရာမရှိပေမယ့် အခြားဆေးတွေနဲ့ ဓာတ်မတည့်မှုတွေ ခံစားခဲ့ဖူးရင်၊ အဖျားရှိရင် အခြားကိုယ်လက်မအီမသာဖြစ်နေတဲ့ လက္ခဏာတွေရှိနေရင် ကျန်းမာရေး ဝန်ထမ်းတွေကို ကြိုတင်ပြောပြထားသင့်ပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ၊ရောဂါလက္ခဏာခံစားရပြီး ၁၄ ရက်မကျော်သေးတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးယူဖို့ အစီအစဉ်ရှိတဲ့သူတွေ၊ နို့တိုက်မိခင်ဖြစ်နေရင်တော့ ကာကွယ်ဆေးထိုးလို့မရပါဘူး။

စမ်းသပ်စစ်ဆေးချက်တွေအရ Covishield ဟာ ထိရောက်မှုရှိတဲ့အပြင် လူဆယ်ယောက်မှာ တစ်ယောက်ကသာအနည်းငယ်နာကျင်ခြင်း၊ ကိုယ်ပူခြင်း၊ အနီစက်မှာထွက်ခြင်း၊ ယားယံခြင်း၊ အော့အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့လက္ခဏာတွေနဲ့ တချို့လူတွေကတော့ ၊ ဆေးထိုးထားတဲ့နေရာမှာ အဖုထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ အဆစ်အမြစ်နဲ့ ကြွက်သားတွေနာကျင်ခြင်းစတဲ့  ဝေဒနာတွေကို ခံစားရတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ အကယ်၍ သင့်အနေနဲ့ အဲ့ဒီဘေးထွက်ဆိုးကျိုးတွေကြုံတွေ့နေရရင် ကျန်းမာရေးဌာနကို ချက်ချင်း ဆက်သွယ်သင့်ပါတယ်။

အထူးသတိပြုရမယ့်အချက်ကတော့ ကာကွယ်ဆေးထိုးပြီးပြီဆိုပြီး Mask မတပ်တော့တာ၊ လက်မဆေးတော့တာနဲ့ လူစုလူဝေးလုပ်တာတွေကို ပေါ့ပေါ့ဆဆမလုပ်ဖို့ပါပဲ။ ဒီကပ်ဆိုးကြီးကို နိုင်နိုင်နင်းနင်း မထိန်းချုပ်နိုင်သေးသရွေ့ အားလုံးတက်ညီလက်ညီနဲ့ စည်းကမ်းလိုက်နာကြရအောင်နော်။

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အားလုံးသိသင့်တဲ့ဗဟုသုတလေးဖြစ်တာကြောင့် ချစ်ခင်ရသူတွေအတွက် ဝေမျှပေးလိုက်ပါဦး။