ကျွန်မတို့တွေအနေနဲ့ ကိုယ့်ဘဝမှာ ရေရှည်အတွက် အကျိုးမပြုစေနိုင်တဲ့ အကျင့်ဆိုးလေးတွေ ရှိနေတတ်တယ်။ အဲ့ဒီလို အကျိုးမရှိတဲ့ အကျင့်တွေ၊ စရိုက်တွေ၊ အတွေးတွေကို ရေရှည်အထိ မဆွဲထားဘဲ တစ်ခုပြီးတစ်ခု ဖြတ်တောက်ပစ်နိုင်ဖို့ အရေးကြီးတယ်။ အကျင့်ဆိုးလေးတွေက ဘယ်လောက်ပဲ သေးငယ်တဲ့အရာဖြစ်နေပါစေ။ ကိုယ့်အတွက် အကျိုးမပြုဘူး။ ထင်မိတယ်ဆိုရင် ဖြတ်တောက်ပစ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
အကယ်၍ ကိုယ်က အရမ်းစိတ်တိုတတ်တယ်ဆိုရင် “ဒီနေ့ကစပြီး စိတ်မတိုတော့ဘူး” လို့ပဲ ကျွန်မတို့ ပြောတယ်ဆိုရင် ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ “လုံးဝစိတ်မတိုဘူး” ဆိုတဲ့ စကားလုံးအကြီးကြီးတွေ ပြောတာထက်စာရင် စိတ်တိုစေတဲ့စကားတွေပြောလာရင် ငါပြန်မတုံ့ပြန်တော့ဘူး” ဆိုတာက ပိုပြီး ဖြစ်နိုင်ခြေရှိတယ်။ စိတ်တိုနေတဲ့အချိန်ဆို ငြိမ်နေလိုက်မယ်။ စိတ်အေးသွားတဲ့အခါမှ ကောင်းကောင်းဖြေရှင်းမယ် ဆိုပြီး ကိုယ့်စိတ်ကို ထိန်းချုပ်ကြည့်တာမျိုး လုပ်ကြည့်နိုင်ပါတယ်။
ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
ကျွန်မတို့တွေဆီမှာ ရှိနေတဲ့ အကျင့်ဆိုးတွေကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားတဲ့အခါမှာ စကားလုံး အကြီးကြီးတွေပြောပြီး ကိုယ့်ကိုယ်ကိုယ် ကတိပေးတာထက် ကိုယ်လက်လှမ်းမီတဲ့ နေရာလောက်ကနေစပြီး ကိုယ့်အတွက်အသုံးမဝင်တဲ့ အကျင့်ဆိုးတွေကို တစ်ရက်ပြီးတစ်ရက် ဖြည်းဖြည်းချင်းစီ ဖြတ်တောက်ပစ်ဖို့ အရေးကြီးပါတယ်။
ကျွန်မတို့ ဆံပင်ပိုသန်ချင်တယ်ဆိုရင် နှစ်ခွဖြစ်တဲ့ ဆံပင်တွေ၊ ဒါမှမဟုတ် မကောင်းတော့တဲ့ ဆံပင်ထိပ်ဖြားပိုင်းလေးကို ဖြတ်ပစ်ကြတယ်မဟုတ်လား။ ဒါမှ ဆံပင်က ကျန်းမာသန်စွမ်းလာပြီး အရှည်မြန်လာမယ်။ ပိုလှလာမယ်။ အဲ့ဒီလိုပါပဲ ကျွန်မတို့ ဘဝမှာလည်း ဘဝကို ပိုပြီးတိုးတက်ချင်တယ် ဆိုရင် ကိုယ့်ဘဝမှာ ကိုယ့်ကို အကျိုးမပြုနေတဲ့ အကျင့်ဆိုးတွေကို ဖြတ်တောက်ပစ်ဖို့ အရေးကြီးပါတယ်။
စာချစ်သူများအားလုံး အကျင့်ဆိုးတွေကို ဖြတ်တောက်ရင်းနဲ့ ကောင်းမွန်တဲ့အကျင့်လေးတွေကိုပါ အစားထိုးမွေးမြူသွားနိုင်ကြပါစေ။
