ရုပ်ချောတဲ့ကောင်လေးကို ရည်းစားတော်ထားရတဲ့ဒုက္ခကို ကယ်တင်ပေးကြပါဦး။

blank

ဂန္ထဝင်ရေ…

စိတ်ဆင်းရဲနေလို့ ရင်ဖွင့်တာပါ။ ကျွန်မက သာမန်ရွက်ကြမ်းရေကျိုပါ။ အလုပ်က ဘွဲ့တစ်ခုရထားပြီး ဆယ်တန်းကလေးတွေကို စာသင်ပေးပါတယ်။ ကျွန်မကောင်လေးကတော့ ရုပ်ချောပါတယ်။ ချောလွန်းလို့ အ ထက်တန်းကျောင်းကတည်းက ကောင်မလေးတွေဘက်ကတောင် စကြိုက်ရတဲ့သူပါ။ သူကတော့ တည်တည် တံ့တံ့နေပါတယ်။ ကျွန်မတို့နှစ်ယောက်တွဲဖြစ်တာကတော့ သူ့ဘက်က စကြိုက်တာပါ။

သူ ကျွန်မကို ၂ နှစ်လိုက် ပြီးမှ ပြန်ကြိုက်ခဲ့တာပါ။ ပြောချင်တာက အခုမှစတာပါ။ လူတွေက ကျွန်မကို သူနဲ့ မတန်ဘူးလို့ ပြောကြပါတယ်။ သူကစကြိုက်လို့ ကျွန်မက ပြန်ကြိုက်ခဲ့တာတောင် ကျွန်မကပဲ သူ့ချစ်သူဖြစ်ခွင့်ရတာ တအားကံကောင်းသလို ပြောကြပါတယ်။ မရင်းနှီးသူတွေက ပေါ်တင်ပဲ အတင်းပြောပါတယ်။ ရင်းနှီးသူတွေကတော့ စနောက်သလိုပြော ကြပါတယ်။ ကျီးကန်းဘဲဥချီတို့၊ တရုတ်မင်းသားနဲ့ကုလားမလေးတို့ဆိုတာ စကြတဲ့စကားတွေပါ။ ( သူက အသား ဖြူပြီး ကျွန်မက အသားညိုပါတယ်) ပြောချင်တာက ကြာတော့ ကျွန်မလည်း စိတ်ညစ်လာပါပြီ။ သူနဲ့တွဲရတာ တောင် သိမ်ငယ်သလိုခံစားလာရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အရင်က ကျွန်မမှာ သိမ်ငယ်စိတ်မရှိပါဘူး။ ကျွန်မက မိကောင်းဖခင် သားသမီး၊ ဘွဲ့ရပြီး ကိုယ့်အလုပ်အကိုင်လေးနဲ့ကိုယ် ဝင်ငွေရှိတယ်ဆိုတဲ့ ကိုယ့်ကိုယ် ကိုယ်သင့်တင့်တဲ့ ယုံကြည်မှု ရှိပါတယ်။ အခုတော့ သူနဲ့တွဲပြီးတော့ ကြာလေလေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးလေပါ။ အတူတွဲသွား လို့ ကြည့်လာတဲ့ မျက်လုံးတွေကိုက အစရင်မဆိုင်ရဲတော့ပါဘူး။ သူနဲ့ပတ်သက် ရင် ကျွန်မက ဘာမှမဟုတ်တဲ့ တန်ဖိုးမဲ့မိန်းကလေးလို့တောင် ထင်လာမိပါတယ်။ သူကတော့ ကျွန်မကို ချစ်ပါတယ်။ ကျွန်မလည်း သူ့ကိုချစ်ပါ တယ်။ ဒါပေမဲ့ သူနဲ့ကို မတွေ့ချင်တော့ပါဘူး။ မပျော်တော့လို့ပါ။ ယူပြီးရင်ကော ကျွန်မတို့ကို ပတ်ဝန်းကျင်က အဲ့ဒီလိုပဲ အမြဲတမ်းလိုက် ကဲ့ရဲ့နေမှာလားလို့တွေးမိတော့ သူ့ကိုလည်း မယူချင် တော့ပါဘူး။ ကျွန်မမှားလား။ ကျွန်မဘာဆက်လုပ်သင့်တယ် ထင်လဲဟင်။
စာချစ်သူများလည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “မိန်းမသားတို့ ရင်ဖွင့်သံကဏ္ဍ”ကို လိပ်မူပြီး message box ကနေ ရင်ဖွင့်စာလေးတွေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။