“သင်ယူလေ့လာမှုကို ရပ်တန့်လိုက်တဲ့သူဟာ ဘဝမှာ အသက်ရှင်နေပေမယ့် သေတဲ့သူနဲ့ အတူတူပါပဲ။

blank

ကျွန်မတို့ လူမှုပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချက်တွေကတော့ အသက် ၂၃ နှစ်၊ ၂၅ နှစ်ဆိုရင် တက္ကသိုလ်ပြီးရမယ်။ အဲ့ဒါပြီးတာနဲ့ လုပ်ငန်းခွင်ထဲ ဝင်ရမယ် ဆိုတာတွေ ရှိကြတယ်။ အသက် ၄ဝ ၊ ၄၅၊ ၅ဝ လောက်ဆိုရင် အန်တီကြီးတွေ၊ ဦးလေးကြီးတွေ ဖြစ်ပြီမို့ အိုသွားကြပြီလို့ ထင်ကြတယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင် အသက် ၄ဝ ကျော်မှ ဘဝစတဲ့သူတွေလည်းရှိသလို အသက် ၄ဝ ကျော်မှ ကိုယ့်ရဲ့ အောင်မြင်မှု လမ်းကြောင်း၊ ဒါမှမဟုတ်ရင် ကိုယ်အရမ်းစိတ်ပါဝင်စားတဲ့ ဘဝလမ်းကြောင်းကို ရှာဖွေတွေ့ရှိတဲ့သူတွေလည်း ရှိတယ်။ တချို့သူတွေဆိုရင် ငယ်ငယ်ကတည်းက ကျောင်းတက်ခွင့် မရခဲ့တော့ အသက် ၄ဝ လောက်မှာမှ ပညာသင်ယူပြီး အသက် ၆ဝ လောက်မှာမှ ပညာဆည်းပူးလို့ ပြီးတဲ့သူတွေလည်းရှိကြတယ်။ တကယ်တော့ လူတိုင်းက တစ်ယောက်နဲ့ တစ်ယောက် အခွင့်အရေးရပုံချင်း၊ ကြီးပြင်းပုံချင်း၊ မွေးတဲ့ မိသားစုချင်း၊ ပတ်ဝန်းကျင်ချင်း မတူကြဘူးမဟုတ်လား။ အခွင့်အရေးရပုံချင်း မတူညီတဲ့အခါ တချို့သူတွေ အတွက် နှောင့်နှေးစေနိုင်တဲ့ ကိစ္စတွေဆိုတာ အများကြီးရှိပါတယ်။

အဓိကကတော့ အသက်ကြီးကြီး၊ ငယ်ငယ် ကိုယ့်ရဲ့ပန်းတိုင်ကို သွားတဲ့အခါ သူများတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ဘဲ ကိုယ်လိုချင်တဲ့နေရာကို ရောက်အောင်သွားဖို့ပါပဲ။ အဲ့ဒီအခါမှာ စဉ်ဆက်မပြတ်လေ့လာသင်ယူမှုဆိုတာ လိုအပ်လာပါတယ်။ ဒါကို တချို့လူတွေက “အသက် ၄ဝ ကျော်ပြီမို့ သင်ယူဖို့ မလိုတော့ပါဘူး၊ ငါတို့ခေတ်တုန်းက သင်ယူပြီးပြီ” ဆိုနဲ့ စိတ်နဲ့ ရပ်တန့်ပစ်လိုက် ကြတယ်။ သင်ယူလေ့လာမှုနဲ့ ကိုယ့်အသက်အရွယ်ဆိုတာက ဘာမှဆိုင်ပါဘူး။ သင်ယူလေ့လာမှုကို ကိုယ့်စိတ်က ရပ်တန့်ပစ်လိုက်တာပါ။

အဲ့ဒီလိုစိတ်ထားတဲ့အခါ ဘာဖြစ်လဲဆိုရင် ပြောင်းလဲတဲ့ခေတ်ကို လိုက်လို့ မမီတော့ဘူး။ ဘာကြောင့်လဲဆိုရင် လေ့လာမှုကို ရပ်တန့်လိုက်လို့ပါပဲ။ အခုခေတ်က အင်တာနက်ခေတ်ဖြစ်နေပြီ။ Animation ၊ 2D ၊ 3D ၊ AR နဲ့ VR တွေ အများကြီး ပေါ်လာပြီ။ အရင်ဆယ်နှစ်တုန်းက အမြင်နဲ့ တူချင်မှတူလိမ့်မယ်။ ဒီတော့ အင်တာနက်ခေတ်မှာ ကိုယ့်အနေနဲ့ လည်လည်ဝယ်ဝယ် ဖြစ်နေဖို့၊ လူတကာနဲ့ ပေါင်းသင်းဝင်ဆံ့နေဖို့ ဆိုတာက ကိုယ်ကိုယ်တိုင်က နည်းပညာကို စွဲလမ်းနေအောင် မသုံးလည်း ဘယ်နေရာတော့ ဘာရှိတယ်။ ဘယ်နေရာတော့ ဘယ်လိုသုံးရတယ်ဆိုတာကို သိဖို့လိုပါတယ်။ ဒါလေးတွေ သိဖို့ ဆိုတာက ကိုယ့်အနေနဲ့ သင်ယူဖို့ လိုတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ဒါကြောင့်မို့ သင်ယူဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အိုလှပြီလို့ ယူဆနေတဲ့သူက ရှင်နေလျက် ဘဝသေနေတဲ့သူပါပဲ။ ကျွန်မတို့ ဘဝမှာ တစ်ကြိမ်ပဲ အသက်ရှင်ခွင့်ရကြတာပါ။ ဒါကြောင့်မို့ “ငါ အသက်ရှင်သေးတယ်။ မသေမချင်း နောက်ထပ် လေ့လာသင်ယူမယ်။” ဆိုတဲ့ စိတ်ထားကြရင် မကောင်းဘူးလား။

ဒါကြောင့်မို့ ဘဝမှာ သေဆုံးသွားခဲ့ရင် “ငါဘာမှ မလုပ်ခဲ့ရဘူး” ဆိုတဲ့ နောင်တစိတ်ထက် “ကိုယ်က မွေးဖွားလာရကျိုးနပ်တယ်” ဆိုတဲ့ စိတ်မျိုးနဲ့ ရှင်သန်သွားဖို့အတွက် လိုအပ်တဲ့ သင်ယူမှုတွေ၊ လေ့လာမှုတွေနဲ့ ကိုယ့်ဘဝကို အမြဲတိုးတက်အောင် လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုက်ပါရစေ။