ဘဝမှာ ထင်ထားထက် အရှေ့ရောက်နေတဲ့သူတွေဟာ စူးစမ်းသင်ယူတတ်တဲ့ စိတ်တွေ ရှိကြတယ်။

blank

လူတွေအနေနဲ့ ဘဝမှာ အရှေ့ရောက်နေတယ်၊ လေ့လာသင်ယူပြီး တိုးတက်ကြတယ် ဆိုတာတွေက ဘယ်လိုစိတ်ကြောင့်လဲမေးရင် စူးစမ်းသင်ယူတတ်တဲ့စိတ်တွေကြောင့်လို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။

စူးစမ်းတယ်ဆိုတာက ကိစ္စတစ်ခုခုကို တွေ့ကြုံပြီးတဲ့နောက်ပိုင်းမှာ ကြုံတယ်။ မေ့ပျောက်ပြီး ပြီးသွားတယ် ဆိုတာမျိုး လုံးဝ မဟုတ်ပါဘူး။ ပြဿနာတစ်ခုကို ကြုံတွေ့ပြီးတဲ့နောက်ပိုင်းမှာ နောက်တစ်ခါ ဒါမျိုးမဖြစ်အောင် ဘယ်လိုဆက်လုပ်သွားမလဲ။ ဒီပြဿနာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တာလား။ တခြားသူတွေကော ဘယ်လိုဖြေရှင်းနေလဲ။ နောက်တစ်ခါဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ။ နောက်တစ်ခါ မဖြစ်လာအောင် ကော ဘယ်လိုကာကွယ်ထားမလဲ။ ဒါမျိုးလေးတွေ လုပ်နိုင်ဖို့ဆိုတာ လူတစ်ယောက်ဆီမှာ စူးစမ်းတဲ့စိတ်ရှိဖို့ လိုပါတယ်။
စူးစမ်းတဲ့စိတ်မရှိတဲ့သူက ကိစ္စတစ်ခုခုကြုံလာရင် ဖြေရှင်းလိုက်တယ်။ ပြီးသွားရင် ဒီအတိုင်းပဲ ထားလိုက်ပြီး ရှေ့ဆက်တယ်။ နောက်တစ်ခါ ဒီလိုမျိုးအလားတူ ကိစ္စတွေပဲ ဖြစ်လာပြန်ရင် နဂိုတုန်းကလိုပဲ တုံ့ပြန်တယ်။

ဥပမာပြောရရင် တချို့သူတွေရဲ့ Relationship က စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရတဲ့ အခြေအနေလေးတွေ ရှိတယ်။ လုံးဝအဆင်မပြေဘဲ ညှိမရတာမို့ နောက်ဆုံးမှာ ချစ်သူနဲ့ ပြတ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် မကြိုးစားဘဲ နောက်တစ်ခါ Relationship ပြန်ထားတယ်။ နောက်ထပ်ထားတဲ့ ချစ်သူကလည်း အဲ့ဒီလိုအကျင့်တွေရှိတဲ့သူပဲ ဖြစ်နေပြန်တယ်။ ကိုယ့်ကိုစိတ်ဆင်းရဲစေပါတယ်ဆိုပြီး နောက်တစ်ယောက်ကိုပဲ ထပ်အပြစ်တင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကျတော့ မဆန်းစစ်ဘူး။ ကိုယ့် Relationship အကြောင်းကို မစူးစမ်းဘူး။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တဲ့လူတွေကိုမှ “ကိုယ်က ပိုပြီးကြိုက်နေရတာလဲ။ ကိုယ်က ဘာလို့ တွဲချင်ရတာလဲ” ဆိုတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်မမေးမိဘူး။
ဒီလိုမျိုးလူတွေနဲ့ပဲ Relationship ဖန်တီးနေမိတယ်ဆိုရင် ရေရှည်မှာ ကိုယ့်ဘဝအတွက် မကောင်းဘူး။ အဲ့ဒီလိုမျိုးကျတော့ ဘဝက သနားစရာ မဟုတ်တော့ဘူး။ ကိုယ်ကိုယ်တိုင်က ဒီလိုမျိုးခံစားနေရတာကို ကြိုက်နေတယ် ဆိုတဲ့သဘော ဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့ ပထမဆုံးအခြေအနေကတည်းက စူးစမ်းစိတ်မရှိခဲ့လို့ပါပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တကယ်လို့သာ ကိုယ်က စူးစမ်းလေ့လာတတ်တဲ့သူဆိုရင် ကိုယ်စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံနေရတဲ့ Relationship ဆိုတာ Abusive Relationship မှန်းသိသွားမယ်။ ဒါဆိုရင် ကိုယ်တွဲမယ့်သူရဲ့ အကျင့်စရိုက်ကို လေ့လာအကဲခတ်မယ်။ ကိုယ်အရင်က ကြုံခဲ့ဖူးတဲ့လူရဲ့ ပုံစံမျိုးဆိုရင် ရှေ့ဆက်မတိုးနိုင်အောင် ကိုယ့်အနေနဲ့ ရှောင်နိုင်မယ်။ ဆင်ခြင်လို့ ရသွားမယ်။ ဒီလိုလူတွေနဲ့ နောက်တစ်ခါ မကြုံအောင် ဘယ်လိုရှောင်မလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိလာမယ်။

စူးစမ်းစိတ်ရှိရင်ကျတော့ အဖြေရှာတယ်။ ပိုကောင်းအောင်လုပ်တယ်။ ကိုယ်သင်ယူစရာရှိတဲ့အရာတွေမှာ သင်ယူတယ်။ လေ့လာတဲ့ နောက်ပိုင်းမှာ ကိုယ်သိပြီ၊ တတ်ပြီဆိုတော့ အရင်က မသိခဲ့လို့ အထင်နဲ့လုပ်ခဲ့တဲ့အရာတွေကို ဒီထက်ပိုကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်လေးထားနိုင်လာမယ်။ ဒါမျိုးလေးတွေက ကြာလာတဲ့အခါမှာ ကိုယ့်ဘဝရဲ့ အရည်အသွေးကို ပိုပြီးတော့မှ မြင့်တက်စေနိုင်တယ်။

ဒီ Relationship ကိစ္စလေးကို ဥပမာတစ်ခုအနေနဲ့ ဖော်ပြခဲ့တာမို့ တခြားဘဝကဏ္ဍအသီးသီးမှာလည်း ကိုယ်က စူးစမ်းလေ့လာပြီးရင် အကောင်းဆုံးဖြစ်အောင် အဖြေရှာပြီး အသုံးချတတ်သူလား။ ဒါမှမဟုတ် ကိုယ်က မစူးစမ်းမလေ့လာဘဲ ဘယ်အရာမဆို ဒီတိုင်း ပေါ့ပေါ့တန်တန်သဘောထားတဲ့သူလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါလို့ အကြံပြုပါရစေ။