ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင်ထားတာက အမြဲတမ်းပဲ လုပ်နေရမယ့် ကိစ္စလား၊ “ဒါဆိုရင် အရမ်းပင်ပန်းမှာပေါ့ ” ဆိုပြီးတော့မှ စဉ်းစားနေတဲ့သူတွေအတွက် ဒီစည်းကမ်းကို ကျွန်မတို့ ဘယ်အခြေအနေထိ ဖန်တီးသွားသင့်လဲ။ ပြီးတော့ ဘယ်အခြေအနေထိ အကျင့်ဖြစ်သွားအောင် လုပ်သင့်လဲဆိုတာလေးကို မျှဝေချင်ပါတယ်။
ဥပမာ – “မနက်အိပ်ယာထတယ်၊ သွားတိုက်ပါ”လို့ ဘယ်သူမှမပြောဘူး၊ ကျွန်မတို့ ဘာလုပ်လဲ အိပ်ယာထထချင်း သွားတိုက်တယ်။ ဘာကြောင့်လဲဆိုရင် မနက်ထတာနဲ့ သွားတိုက်ရမယ်ဆိုတဲ့ အကျင့်တစ်ခုက ကိုယ်သိတတ်တဲ့ အရွယ် ငယ်ငယ်လေးကတည်းက လုပ်ခဲ့ရတာမို့ ကြာလာတော့ အကျင့်ဖြစ်နေပြီ။ သွားတိုက်တယ်ဆိုတာကြီးကို အလုပ်ကြီးတစ်ခု အနေနဲ့ ကျွန်မတို့ ပြောမနေတော့ဘူး။
ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ဘယ်အလုပ်မဆို အမြဲတမ်းလုပ်ဆောင်နေတဲ့အခါမှာ ကြာလာတော့ စည်းကမ်းသေးသေးလေးက အကျင့်ဖြစ်သွားတယ်။ အကျင့်ဖြစ်သွားကတည်းက ဒီစည်းကမ်းကို တကူးတက လုပ်နေရတာ မဟုတ်တော့ဘူး။ အလိုအလျောက်လုပ်မိနေတာမို့ ပင်ပန်းလားဆိုရင် ဘာမှမပင်ပန်းဘူး။ ပြောတောင် မပြောပလောက်ဘူး။ “ဒီနေ့ မနက်သွားမတိုက်ရင်မရဘူး” ဆိုတဲ့ အခြေအနေမျိုးထိ စိတ်မှာ ဖြစ်လာတယ်။
ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင် နေထိုင်တဲ့အခါ အစပိုင်းခက်ပါတယ်။ အဲ့ဒီအခါ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ ပထမလမို့ ခက်တာ၊ ပထမ တစ်လ၊ နှစ်လ ခက်လိမ့်မယ်။ ကြာလာတာနဲ့အမျှ အကျင့်ဖြစ်သွားပြီးတော့မှ အရမ်းလွယ်သွားမယ်ဆိုတာကို သိထားပါ။
ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
လူအများစုက အပြုအမူကောင်းတစ်ခုခုကို သင်ယူချင်တယ်ဆိုရင်၊ အကျင့်ကောင်းတစ်ခုခုကို စလုပ်တော့မယ်ဆိုရင် “ရက် (၂ဝ) လောက် လုပ်ကြည့်၊ အဆင်ပြေပါတယ်”လို့ ပြောကြတယ်။ အမှန်တကယ်က ရက် (၂ဝ) နဲ့ မလုံလောက်ဘူးပေါ့နော်။ အကျင့်စရိုက်တစ်ခုခုကို ခိုင်ခိုင်မာမာ ဖြစ်စေချင်တယ် ဆိုရင် အနည်းဆုံး ရက် (၉ဝ) တော့ အချိန် ပေးရပါတယ်။ ကိုယ့်ဆီမှာ လိုအပ်တဲ့အပြုအမူကောင်းတစ်ခုခု၊ ကောင်းမွန်တဲ့ အကျင့်စရိုက်တစ်ခုခု စွဲမြဲသွားစေဖို့အတွက် ရက် ၉ဝ မပျက်မကွက်နီးပါး တစိုက်မတ်မတ်လုပ်ဆောင်သွားဖို့ အရေးကြီးလှပါတယ်။ ဒါမှသာ ကြာလာရင် ကိုယ့်လုပ်ဆောင်မှုတွေက တကူးတကလုပ်စရာမလိုတော့ဘဲ အကျင့်တစ်ခုဖြစ်သွားမှာပါ။ အကျင့်လည်း ဖြစ်သွားပြီဆိုရင် ကိုယ်လုပ်တဲ့အရာတစ်ခုကို အားစိုက်ပြီး လုပ်ရတာမျိုး မဟုတ်ဘဲနဲ့ ဒါပုံမှန်လုပ်နေကျဆိုတာ ဖြစ်သွားပါပြီ။
ကိုယ်က တစ်ခုခုမှာ တိုးတက်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်အတွက် တိုးတက်မှု၊ အောင်မြင်မှုကို ပံ့ပိုးပေးမယ့် အကျင့်စရိုက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖန်တီးထားနိုင်ရမယ်။ လူတိုင်းက မွေးကတည်းက ဒီလိုအကျင့်စရိုက်တွေမပါလာကြပါဘူး။ စည်းကမ်းရှိတဲ့အကျင့်၊ အကျင့်ကောင်းမွေးမြူတဲ့အကျင့်ကို လူတိုင်းက ဖန်တီးယူရတာပါ။ ဖန်တီးယူတဲ့အခါမှာလည်း အဆင်ပြေတဲ့နေ့လုပ်မယ်၊ အဆင်မပြေတဲ့နေ့ မလုပ်ဘူးဆိုတဲ့စိတ်မထားဘဲ မိုးရွာရွာ၊ နေပူပူ မရှောင်ဘဲ အမြဲလုပ်ဆောင်မယ်ဆိုတဲ့ စိတ်လေးပဲ မွေးမြူဖို့ လိုပါတယ်။
