စံထားရမယ့် လူတစ်ယောက်ဖြစ်ချင်ရင် ကိုယ့်လုပ်ရပ်နဲ့ကိုယ့်အပြောကို ညီပါစေ။

blank

လူတစ်ယောက်ကို ဒီလိုလုပ်ပါ။ ဟိုလိုလုပ်ပါလို့ လူတိုင်းကပြောတတ်ကြပါတယ်။ အဲ့ဒီလို ပြောနေတာထက်စာရင် ကိုယ်တိုင်က ကိုယ်ပြောတဲ့စကား၊ အမူအကျင့်၊ အတွေးအခေါ်မှာကအစ အကောင်းဆုံးဖြစ်အောင် ကျင့်ကြံနေထိုင်တဲ့လူတစ်ယောက်အဖြစ် အရင်ပြောင်းလဲသင့်ပါတယ်။ အပြောနဲ့အလုပ်ညီတဲ့ လူမှန်တစ်ယောက်အဖြစ် ဥပမာအနေနဲ့ ရပ်တည်ပြတာမျိုးက လူတွေအတွက် ပိုပြီး စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။

ဥပမာပြောရရင် ပတ်ဝန်းကျင်မှာတွေ့ရတာက မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို အချိန်အကြာကြီး ဖုန်းမသုံးစေချင်ဘူး လို့ ပြောကြတယ်။ ဒါပေမဲ့ လူကြီးတွေ ကိုယ်တိုင်က ဖုန်းတွေ အချိန်ကြာကြာသုံးတယ်။ အချိန်ပြည့်နီးပါး TV ကြည့်ရင် ကြည့်နေတယ်။ လူကြီးတွေက အပြောနဲ့အလုပ်ညီမှ ကလေးတွေကလည်း လူကြီးတွေကို ကြည့်ပြီး အတုယူမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လုပ်ငန်းခွင်မှာဆိုရင်လည်း တချို့လုပ်ငန်းရှင်တွေက လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေကို ဟိုလိုနေပါ၊ ဒီလိုနေပါ ပြောပြီး သူတို့ကိုယ်တိုင်ကျတော့ သူတို့ပြောစကားအတိုင်း မရပ်တည်နေဘူးဆိုရင် ဒါက အပြောပဲ ဖြစ်သွားပါပြီ။ အပြောနဲ့အလုပ် မညီရင်တော့ လက်အောင်ဝန်ထမ်းတွေက ကြာရင် လေးစားမှု လျော့လာနိုင်ပါတယ်။

အပြောတစ်ခုတည်းသက်သက်ကတော့ လူတိုင်းက ပြောနိုင်ကြပါတယ်။ ဒါပေမဲ့ ခက်တာက ဘယ်နေရာလဲဆိုရင် အဲ့ဒီအတွေးတွေကို လက်တွေ့အကောင်အထည်ဖော်ပြတဲ့အခါပါပဲ။ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းရှိတာလား။ အချိန်မှန်တာလား။ ကိုယ်ပြောတဲ့စကား တည်အောင် လုပ်တာလား။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိတာလား။ သူတစ်ပါးကို လေးစားမှု ရှိတာလား စသဖြင့် ကိုယ်ပြောထားတဲ့အရာတွေကို ကိုယ်ကိုယ်တိုင်က လက်တွေ့လုပ်ပြနိုင်တဲ့အခါမှာ လူတွေအနေနဲ့လည်း ကိုယ့်ကို မှန်ကန်တဲ့လူ၊ စံပြထားစရာလူတစ်ဦးဆိုပြီး မြင်လာမှာ အမှန်ပါပဲ။

ကိုယ့်လုပ်ရပ်နဲ့ ကိုယ့်အပြောကို ညီအောင် ရပ်တည်နိုင်မှ ကိုယ်ပြောထားတဲ့စကားကလည်း တန်ဖိုးပိုရှိတာမို့ စာချစ်သူတို့အနေနဲ့လည်း ကိုယ်ဟာ အပြောတစ်လိုင်းလား၊ ဒါမှမဟုတ် အပြောနဲ့အလုပ်ညီတဲ့သူလားဆိုတာ သုံးသပ်ဆန်းစစ်ဖို့ အတွက် တိုက်တွန်းလိုက်ပါရစေ။