ကိုယ့်ကိုယ်ကိုယ် ရင့်ကျက်ပြီလို့ ထင်နေပေမယ့် တကယ်ကော ရင့်ကျက်ပြီလား။

blank

ကျွန်မ မကြာသေးခင်ကမှ ဖတ်လိုက်တဲ့ စာလေးမှာ ဘာပြောထားလဲဆိုတော့ လူတစ်ယောက် ရင့်ကျက်ပြီဆိုတာ ဘယ်အချိန်သိရလဲဆိုတော့

  • အလုပ်တစ်ခုခုကို တွန့်ဆုတ်ပြီးတော့မှ နောက်မှလုပ်မယ်ဆိုပြီး ခံစားနေရတဲ့အချိန်မှာ အဲ့ဒါကိုရအောင် ဘယ်လိုလုပ်လဲဆိုတာရယ်၊
  • သူများပြောတဲ့အခါ နားထောင်တတ်နေပြီဆိုရင် ဒီလူစပြီးတော့မှ ရင့်ကျက်ပြီတဲ့။

ဒီအခြေအနေ နှစ်ခုလုံးကို သုံးသပ်ကြည့်မယ်ဆိုရင် တစ်ခါတလေ ဘဝမှာ ရည်မှန်းချက် ပန်းတိုင်တွေ ချမှတ်ပြီး ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို ရောက်အောင်သွားကြတဲ့အခါမှာ ကိုယ့်ကို အဟန့်အတား ဖြစ်နေစေတာက တခြားအရာတွေ၊ တခြားသူတွေမဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဓာတ်ပေါ့နော်။

ကျွန်မတို့ အားလုံးရဲ့ စိတ်ထဲမှာ ကျွန် စိတ်မရှိချင်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ကိုယ့်ကို ကျွန်စိတ်ရှိနေစေတဲ့အရာက ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဖြစ်နေတတ်တယ်။ တစ်ခုခုဆိုရင် “မလုပ်သေးပါဘူး၊ နောက်မှလုပ်လိုက်မယ်၊ ပျင်းလိုက်မယ်” ဆိုတဲ့ ပျင်းရိတဲ့စိတ်တွေနဲ့ တစ်ခုခုကို လုပ်စရာရှိနေရဲ့သားနဲ့ “နောက်မှလုပ်လိုက်မယ်လေ” ဆိုပြီးတော့မှ အချိန်ရွှေ့ဆိုင်းနေတာပေါ့နော်။ အဲ့ဒီလို အချိန်ရွှေ့ဆိုင်းနေတာက ပြဿနာတစ်ခုခု အကြီးအကျယ် မဖြစ်သေးသရွေ့ ဒါမှမဟုတ်ရင် ကိုယ်မှန်းထားတဲ့ရက် မရောက်သေးသရွေ့က ကိုယ်ရွှေ့ဆိုင်းနေတော့ နောက်ပိုင်း ပြဿနာကြုံကောင်း ကြုံရမယ်။ နောက်ဆုံးအချိန်ရောက်မှ မနည်းပြီးအောင် လုပ်တဲ့အခါမှ အရည်အသွေး မရှိတော့တာလည်း ဖြစ်တတ်တယ်။ အဲ့ဒါကြောင့် ကိုယ်လုပ်တဲ့အရာကို ဘယ်လိုပဲ စိတ်ရှိနေပါစေ၊ ဒီစိတ်ကို နိုင်နင်းပြီးတော့မှ ကိုယ့်အနေနဲ့ ရအောင်လုပ်တတ်တဲ့စိတ်က ကိုယ့်အနေနဲ့ ရင့်ကျက်နေပြီဆိုတာကို ပြစေပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

‌နောက်တစ်ခုက ကျွန်မတို့တွေအနေနဲ့ လူတွေကို အကြံပေးဖို့ အရမ်းလွယ်တယ်။ တစ်ခါတလေကျရင် သူများတွေက သူတို့ပြဿနာကို လာပြောပြပြီဆိုရင် အကြံတွေ ပေးလိုက်တာပဲ။ ဒါပေမဲ့ သူတို့တကယ်လိုနေတာ အကြံမဟုတ်ဘူး။ ကိုယ့်ရဲ့ နားထောင်မှုတစ်ခုပဲ။ ကိုယ်က သူတို့ကို ဘာမှမပြောဘဲနဲ့ နားထောင်ပေးတာတစ်ခုပဲ သူတို့လိုချင်တာ။ အဲ့ဒါကို ကျွန်မတို့က မသိတဲ့အခါမှာ သူတို့ကို ပြန်ပြီးတော့မှ ပြောမိနေတတ်တယ်ပေါ့နော်။ ကိုယ်သိတယ်၊ ကိုယ်ခံခဲ့ရဖူးတယ်ဆိုတာလေးတွေနဲ့ ပြန်ပြီး မျှဝေနေတတ်တယ်။ ရင့်ကျက်တဲ့အချိန်တွေက ဘယ်အချိန်တွေလဲဆိုရင် အဲ့ဒီလိုပြောချင်စိတ် ဖြစ်တဲ့အချိန်မှာတောင်မှ သူများကို နားထောင်ပေးမယ်ဆိုတဲ့ စိတ်ပေါ့နော်။

အဲ့ဒီတော့ ဒီနှစ်ချက်လေးက လူတစ်ယောက် ရင့်ကျက်နေပြီဆိုတာကို ပေါ်လွင်စေပါတယ်။ ဒီနှစ်ခုတည်းနဲ့တော့ လူတစ်ယောက်ရင့်ကျက်တယ်၊ မရင့်ကျက်ဘူးဆိုတာကို ပိုင်းဖြတ်လို့မရပေမယ့်လည်းပေါ့။

စာချစ်သူတို့အနေနဲ့ကော ဒီစာလေး ဖတ်ပြီးတဲ့နောက်မှာ ပိုပြီးတော့ အသိရှိသွားလား။ ကိုယ့်ရဲ့ခံယူချက်လေးတွေကို Comment box မှာ မျှဝေပေးလိုက်ပါဦးနော်။