ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင်ထားတယ်ဆိုတာ အမြဲတမ်း တစိုက်မတ်မတ်လုပ်နေရမယ့် ကိစ္စပါ။

blank

အခုလို ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ လွန်ခဲ့တဲ့ငါးနှစ်လောက်က အတွေးတွေနဲ့ အမြင်တွေက ဟိုတုန်းက အမြင်တွေနဲ့ လုံလောက်သေးလားဆိုရင် မလုံလောက်တော့ပါဘူး။ နောက်ထပ်အမြင်သစ်တွေ ပြန့်ကျက်အောင် လေ့လာရမယ်။ သင်ယူရမယ်ဆိုတဲ့ အပိုင်းတွေ အများကြီးပေါ်လာတယ်။ ထိုနည်းတူပါပဲ။ Self-discipline ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင်နေထိုင်တာနဲ့ ပြီးပြီလားဆိုရင် မပြီးသွားသေးပါဘူး။ ဒါ့အပြင် ကိုယ့်အနေနဲ့ ကိုယ့်ဘဝကဏ္ဍအသီးသီးမှာ စည်းကမ်းရှိနေအောင် ဘယ်လိုနေရမလဲ ဆိုတာ အရေးပါလာပြီ။
ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာအတွေ့အကြုံအရ လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်က စပြီး လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် မနက်ငါးနာရီခွဲထပြီးတော့မှ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကို အကျင့်ဖြစ်တဲ့အထိ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းသတ်မှတ် ထားတယ်။ ကိုယ့်စိတ်က “အဆင်ပြေပြေ၊ မပြေပြေ ရအောင် လေ့ကျင့်ခန်းလုပ်မယ်”လို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ရအောင် လုပ်တယ်။ ဒီလိုစိတ်ပိုင်းဖြတ်ထားပြီး တစိုက်မတ်မတ်လုပ်ခြင်းက ကြာလာတဲ့အခါမှာ အကျင့်တစ်ခု ဖြစ်လာတယ်။ ကိုယ့်စည်းကမ်းတစ်ခုဆိုပြီး အသားကျလာတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီလောက်နဲ့ ပြီးသွားလားဆိုရင် မပြီးသေးပါဘူး။ ဒါကို တည်မြဲနေတဲ့အကျင့်တစ်ခု ဖြစ်အောင် ကိုယ့်အနေနဲ့ ဒါကို ဘယ်လိုဆက်လုပ်မလဲ ဆိုတာက ပြန်ပြီးတော့မှ မေးခွန်း ထွက်လာတယ်။ အဲ့ဒီတော့ ကျွန်မအနေနဲ့ ဘာစလုပ်လဲဆိုရင် ပြေးတဲ့အဖွဲ့လေးတွေနဲ့ ဆက်သွယ်တယ်။ ဒါမှမဟုတ် ရန်ကုန်မှာဆိုရင် ရိုးမမာရသွန်၊ 100 plus စသဖြင့် ဆက်သွယ်လိုက်ပြီး အပြေးပြိုင်ပွဲဝင်တယ်။ ဒီလိုလုပ်တဲ့အခါမှာ တခြား ပြေးတဲ့သူတွေကိုလည်း မြင်၊ သူများတွေလေ့ကျင့်ခဲ့တာတွေလည်း မြင်တော့ “ကိုယ်ကိုယ်တိုင် ပြေးဖို့အတွက်လေ့ကျင့်ရမယ်”ဆိုတဲ့စိတ် ဖြစ်တယ်။ ဒီလေ့ကျင့်ရမယ်ဆိုတဲ့စိတ် ဖြစ်ကတည်းက ဒီအပြေးပြိုင်ပွဲကို “ငါ့အနေနဲ့ ဘာမှ မလေ့ကျင့်ဘဲ ဒီတိုင်း သွားတာထက် ကြိုတင် ပြီးတော့မှ လေ့ကျင့်ရမယ်။ ပြေးတာ အသားကျအောင် ကိုယ့်ကိုယ်ကိုယ် ဖန်တီးယူရမယ်” ဆိုတာကို နားလည်လာတယ်။ အဲ့ဒီတော့ ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင်တစ်ခုရှိတဲ့အခါမှာ ဒီပန်းတိုင်ကို ရောက်ဖို့အတွက် လူတစ်ယောက်က စည်းကမ်းတစ်ခုတည်းမဟုတ်ဘူး။ စိတ်ဓာတ်လည်း ပိုပြီးတက်ကြွတယ်။ မနက်စောစောထပြီး အပြေးလေ့ကျင့်ဖို့အတွက် ပိုပြီး စိတ်ခွန်အားရတယ်။

ကိုယ့်စည်းကမ်းကို ကိုယ်လိုချင်တဲ့ ပြင်ပက ပန်းတိုင်၊ ရည်ရွယ်ချက်တွေနဲ့ ပူးပေါင်းလိုက်တဲ့အခါမှာ ကျွန်မတို့တွေအနေနဲ့ တိုးတက်အောင် ဖန်တီးယူဖို့အတွက် အများကြီး အထောက်အကူဖြစ်စေတယ်။ ဒါက ဒီနေရာမှာတင်မဟုတ်ဘူး။ ဘဝကဏ္ဍအသီးသီးရဲ့ ပညာရေးမှာ ပြောမလား။ ကိုယ့်ရဲ့စီးပွားရေးနဲ့ ပတ်သက်ပြီးတော့မှ ကိုယ့်အရည်အချင်းတွေ ဖြည့်စွက်ရာနဲ့ ပတ်သက်ပြီးပြောမလား။ ဘယ်ကဏ္ဍမှာမဆို ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင်ထားတဲ့အကျင့်ကို ပိုပြီးတိုးတက်အောင် လုပ်စေမယ့်အရာတွေနဲ့ ပူးပေါင်းလိုက်ခြင်းအားဖြင့် ကိုယ့်အဆင့်က မြင့်တက်လာတာ အရမ်းမြန်ပါတယ်။

စာချစ်သူတို့ကိုယ်တိုင်အနေနဲ့ကော ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင် ထားနိုင်နေပြီလား။ စည်းကမ်းရှိနေတဲ့အကျင့်ကို တစ်သမတ်တည်းအနေနဲ့ သွားနိုင်နေပြီလား။ ဒီထက် ပိုကောင်းလာအောင်ကော ဘယ်လိုမျိုး ပြင်ပရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေနဲ့ ပြန်ပြီးတော့မှ ချိတ်ဆက်ပြီးတော့ သွားနေဖြစ်လား ဆိုတာကို မျှဝေဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။