“ပြဿနာကြီးကြီးတွေ မဖြစ်ချင်ရင် ပြဿနာသေးသေးလေးတွေကို အချိန်မီဖြေရှင်းနိုင်ရမယ်။’’

blank

မကြာသေးခင်က စာစောင်တစ်ခုမှာ ဖတ်လိုက်ရတယ်။ ကျွန်မတို့ အသက်အရွယ်ကြီးလာတာနဲ့အမျှ ပြဿနာတွေ သောင်းပေါင်းခြောက်ထောင် ကြုံတွေ့ရတယ်။ ဒီလို သောင်းပေါင်း ခြောက်ထောင်သော ပြဿနာ အများစုကို လျှော့ချမယ့်နည်းလမ်းက ကျွန်မတို့ နေ့စဉ်လုပ်ဆောင်နေတဲ့ အရာတွေမှာပဲ ရှိပါတယ်တဲ့။

တစ်ပတ်မှာ ပုံမှန် လေးငါးရက် လေ့ကျင့်ခန်းလုပ်နေတယ်ဆိုရင် နောက်ကြာလာတဲ့အခါမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အများကြီးကို လျှော့ချနိုင်တယ်။ နေ့တိုင်း မှန်ကန်တဲ့ အစားအစာ စားနေတယ်ဆိုရင် ရေရှည်မှာ မဖြစ်သင့်တဲ့ ရောဂါတွေကနေလည်း ကိုယ့်ကိုယ်ကိုယ် တားဆီးပြီးသားဖြစ်တယ်။

ငွေကြေးပိုင်းဆိုင်ရာမှာဆိုရင်လည်း အချိန်ပြည့်အလုပ်အပြင် နောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခုကို လုပ်တာတို့၊ ငွေစုရွှေဝယ်စုတာတို့၊ တခြားလုပ်ငန်းတစ်ခုမှာ ငွေကို ရင်းနှီးထားတာတို့ လုပ်ထားရင် ကိုယ့်အနေနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ ရေရှည်အတွက် စိတ်ပင်ပန်းရတာမျိုးတွေ၊ အကြွေးပိတာမျိုးတွေကနေ ရှောင်ကြဉ်နိုင်မယ်။
စိတ်ပိုင်းဆိုင်ရာ ပိုပြီးကျန်းမာဖို့ဆိုရင် ကိုယ်အမြဲတမ်းရင်ဖွင့်လို့ရတဲ့သူ၊ ကိုယ်ရှိတဲ့ပုံစံမျိုး ကိုယ့်ကိုမဝေဖန်မယ့် စစ်မှန်တဲ့ သူငယ်ချင်းမျိုး သုံးယောက်လောက်ရှိတာက ဘဝအတွက် ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူ ဖြစ်စေနိုင်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်ဆုံးတစ်ခုအနေနဲ့ အခုခေတ် Relationship မှာ အိမ်ထောင်ဖက်တိုင်း၊ စုံတွဲတွေတိုင်း ပြဿနာတွေ အများကြီး ဖြစ်ကြတယ်။ အဲ့ဒီတော့ Relationship ကိစ္စတွေမှာလည်း ကိုယ်ချစ်တဲ့သူ၊ ကြိုက်တဲ့သူတွေနဲ့ စပတ်သက်ကတည်းက သေချာစိစစ်ပြီး ရွေးချယ်ခဲ့မယ်ဆိုရင် အိမ်ထောင်ရေးပြဿနာတွေ၊ သားသမီးပြဿနာတွေ အများကြီး လျှော့ချနိုင်ပါလိမ့်မယ်။
အဲ့ဒီလိုလုပ်ဖို့အတွက် ကိုယ့်အနေနဲ့ ဘဝမှာ ကိုယ့်နေ့စဉ်လုပ်ဆောင်ချက်တွေကို ရွေးချယ်တဲ့အခါမှာ သတိရှိရှိနေတတ်ဖို့ရယ်၊ ကိုယ်ပိုင်စည်းကမ်းရှိဖို့ရယ်၊ နေ့စဉ်ဘဝမှာ ဖြစ်ပျက်လာတဲ့ ပြဿနာသေးသေးလေးကို “ဒါသေးပါတယ်” ဆိုပြီးတော့မှ လွှတ်ထားတဲ့အကျင့်မလုပ်ဘဲ အချိန်မီ ဖြေရှင်းနိုင်ဖို့ဆိုတာ အင်မတန်အရေးကြီးပါတယ်။

နေ့စဉ်လုပ်ဆောင်နေတဲ့အပြုအမူ၊ လုပ်ဆောင်ချက်တွေဟာ ရေတိုမှာ မသိသာပေမဲ့ ရေရှည်အတွက်ဆိုရင် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီစာလေးကို ဖတ်ပြီး တွေးစရာလေးတွေရခဲ့ရင် စာချစ်သူတို့အမြင်ကိုလည်း မျှဝေခဲ့ပါဦးနော်။