“အာရုံစုစည်းရခက်နေတဲ့ အခုခေတ်မှာ စိတ်တည်ငြိမ်မှုရအောင် ဘယ်လိုအလုပ်လုပ်ကြမလဲ။”

blank

ယခုခေတ်ကြီးမှာ ဖုန်းတွေ၊ Social Media တွေဆီက မကြာခဏလာနေတဲ့ Notification ကြောင့် စိတ်တည်ငြိမ်မှုရဖို့၊ အာရုံစူးစိုက်မှုရဖို့ တော်ရုံနဲ့ မလွယ်ကူတဲ့ခေတ်ဖြစ်လာပါတယ်။ ကျွန်မတို့ အားလုံးရဲ့လက်ထဲမှာ ဖုန်းရှိနေတယ်။ ဖုန်းမြည်တဲ့အသံပြောမလား။ အခုဆိုရင် အင်တာနက်ဈေးနှုန်းတွေကအစ လူတကာလက်လှမ်းမီတာမျိုး ဖြစ်လာတဲ့အခါမှာ ကျွန်မတို့တွေက အချိန်ပြည့် ဖုန်းဒေတာတွေ ဖွင့်ထားချင်တယ်။ ဒါမှမဟုတ်တွေ Wifi တွေကိုလည်း နေရာတကာမှာ ချိတ်ဆက်ပြီး ရရှိနိုင်ကြတယ်။

ဒီတော့ အချိန်ပြည့် message ဝင်နေမယ်။ Notification တွေ ဝင်နေတယ်။ Facebook, Instagram, Youtube , Tik Tok စတဲ့ Application တွေကလည်း များလာတယ်။ အဲ့ဒီအခါမျိုးမှာ ဖုန်းထဲကနေ Notification တွေ တစ်ခုပြီးတစ်ခု တက်နေတယ်။ ကိုယ့်ဖုန်းကို အိတ်ကပ်ထဲထည့်ရင်တောင်မှ အသံမြည်နေတာ လေးတွေက “ဘယ်သူများ စာပို့နေပြီလဲ” ဆိုပြီး ကိုယ့်အိတ်ကပ်ထဲ အာရုံကရောက်သွားတယ်။ စားပွဲပေါ်တင်ထားရင်လည်း ဖုန်းက အောက်ကို မှောက်ထားတယ်ဆိုရင်တောင် ဖုန်းက Vibrate ဖြစ်သွားတဲ့အခါ “ဘယ်သူများ ဘာပို့လိုက်ပြီလဲ။ ငါကြည့်လိုက်ရမလား” ဆိုတဲ့ အတွေးတွေ ဖြစ်စေတယ်။

ဒါက ဘာဖြစ်စေလဲဆိုရင် ကိုယ်လုပ်နေတဲ့အရာကို အာရုံစုစည်းပြီးတော့မှ လုပ်ဖို့အတွက် အရမ်းအနှောင့်အယှက်ဖြစ်စေတယ်။ “မပြောပလောက်ပါဘူး”ဆိုပြီး ဒါတွေက ကိစ္စသေးသေးလေးတွေပါလို့ ထင်ကောင်းထင်မိတတ်ကြတယ်။ ဒါပေမဲ့ ကြာလာတဲ့အခါမှာ မပြောပလောက်ဘူး ဆိုတာတွေက အနှောင့်အယှက်အများကြီး ပေးပြီးသား ဖြစ်နေတတ်တယ်။
ကျွန်မအနေနဲ့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အချိန်ကို ကန့်သတ်ထားတယ်။ အလုပ်လုပ်နေချိန် ၃ဝ မိနစ်ဆိုရင် ၃ဝ လုံးဝ ဖုန်းကို မကြည့်ဘူး။ ဖုန်းအသံကြားလည်း လှည့်မကြည့်ဘူးလို့ စိတ်ပိုင်းဖြတ်ထားတဲ့အခါ ဒီ ၃ဝ မိနစ်ပြီးသွားမှ ဖုန်းထဲဝင်လာတဲ့ noti တွေ၊ စာတွေကို ကြည့်တာမျိုး လုပ်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ခါတလေမှာ အလုပ်အရမ်းဈာန်ဝင်ရင် ဘာလုပ်လဲဆိုတော့ ၃ဝ မိနစ်၊ ၃ဝ မိနစ်စီ အချိန်ပေးထားတဲ့အလုပ်တွေကို ဇယားငါးကွက်ချထားပြီးမှ ဒီဖုန်းကို ကြည့်မယ်။ ဒီငါးကွက်ပြီးမှ “ကိုယ့်ကို ဖုန်းပြန်ခေါ်ထားတဲ့သူကို ပြန်ခေါ်မယ်၊ ပြန်ပြီး စာပြန်မယ်” ဆိုတာမျိုးလေးတွေ လုပ်ထားတယ်။ ဒီလိုလုပ်ထားခြင်းအားဖြင့် ကိုယ့်အလုပ်ကို အာရုံစိုက်ပြီး ပိုအလုပ်လုပ်ဖြစ်တယ်။ အာရုံစိုက်ပြီး အလုပ်လုပ်တော့ အလုပ်ရဲ့ အရည်အသွေး ကလည်း ပိုတွင်စေတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း စိတ်ဖိစီးတာတွေ လျော့နည်းစေတာမို့ ကျွန်မအတွက်တော့ ဒီနည်းလမ်းလေးက အလုပ်ဖြစ်တာ တွေ့မိပါတယ်။

ဒီတော့ အာရုံစုစည်းမှုက အင်မတန် အရေးကြီးလာတဲ့ အခုလိုခေတ်မှာ၊ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ အခုလိုခေတ်မှာ တည်ငြိမ်အောင်နေနိုင်ဖို့ အရေးကြီးလာပါပြီ။ ဒီလိုမျိုး တည်ငြိမ်အောင် နေဖို့ဆိုရင် စာချစ်သူတို့ကော ဘယ်လိုတွေ လုပ်ဖြစ်လဲဆိုတာ ကျွန်မတို့ ကြားချင်ပါတယ်။ Comment box မှာ ရေးခဲ့ကြပါဦးနော်။