လူအများစုက ကိုယ့်အနေနဲ့ မအောင်မြင်နေတာ၊ မတိုးတက်နေတာက ကိုယ့်ဆီမှာ လိုအပ်တဲ့ အရည်အချင်းမရှိလို့ပါ၊ ကိုယ်က မထက်မြက်လို့ပါဆိုပြီး ထင်တတ်ကြတယ်။ အောင်မြင်တဲ့သူတွေကို ကြည့်ပြီးရင် “ သူက ထူးချွန်တာကို၊ သူကထက်မြက်တာကို၊ ငါတို့နဲ့မှ မတူတာ” ဆိုပြီး ထင်တတ်ကြတယ်။
တကယ်တမ်းကျတော့ လူတစ်ယောက် ထက်မြက်ရုံနဲ့ ဘဝက အရှေ့ကို အများကြီး မရောက်ပါဘူး။ ထက်မြက်တယ်ဆိုရင် ဘဝမှာ အရှေ့ရောက်စေဖို့အတွက် အထောက်အကူအများကြီး ဖြစ်စေတယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ထက်မြက်ရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဘာလိုသေးလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင် နေထိုင်နိုင်ခြင်းလိုပါတယ်။ Self-discipline ပါပဲ။
ကိုယ်ပိုင်စည်းကမ်းထားရှိတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းနဲ့ ထိန်းကျောင်းတဲ့သူတွေက ဆင်ခြေတွေ မသုံးတတ်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပေးထားတဲ့ကတိကို တည်အောင် လုပ်ဆောင်ကြပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
ဥပမာ – ကိုယ်က ကိုယ်ကာယလေ့ကျင့်ခန်းကို တစ်ပတ်မှာ ငါးရက်ပြည့်အောင်လုပ်မယ်ဆိုရင် မိုးရွာရွာ၊ နေပူပူ ရအောင် လုပ်ပါတယ်။ ကိုယ်လုပ်ချင်ချင်၊ မလုပ်ချင်ချင် တစ်ခုခုကို ရအောင်လုပ်မယ်ဆိုရင် ဇောက်ချပြီးတော့ ရအောင် စည်းကမ်းရှိရှိနဲ့ သတ်မှတ်ထားတာတွေကို လုပ်ဆောင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ခိုင်ခိုင်မာမာသိနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းရှိအောင် နေထိုင်ရမယ်ဆိုတာကို နားလည်နေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် “ ငါ မလုပ်နိုင်ပါဘူး” ဆိုတဲ့ အပျက်သဘောဆောင်တဲ့ စကားတွေ ပြောမယ့်အစား ကိုယ့်ကိုယ်ကိုယ် စည်းကမ်းနဲ့ ထိန်းသိမ်းပြီး လုပ်ဆောင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အမှန်တကယ် ကျွန်မတို့ လိုအပ်တဲ့အရာက Self-discipline ပါပဲ။
ဒီတော့ စာချစ်သူတို့အနေနဲ့ ကိုယ့်ဘဝရဲ့ ကဏ္ဍအသီးသီးမှာ ကိုယ်ထင်နေတဲ့နေရာမရောက်နေဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးဆန်းစစ်ပါ။ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုခုဆိုရင် ဇောက်ချပြီး မလျှော့သောဇွဲနဲ့လုပ်နိုင်ဖို့ ကိုယ့်ဆီမှာ စည်းကမ်း ဘယ်လောက်ရှိနေပြီလဲ။ ဆန်းစစ်ပြီးတဲ့နောက် ဘယ်လိုအရည်အချင်းတွေ ဖြည့်သွင်းရမယ်၊ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင် နေရမလဲဆိုတာ ထည့်သွင်းစဉ်းစားဖို့ကတော့ အင်မတန်အရေးကြီးပါတယ်လို့ ပြောလိုက်ပါရစေ။
