ကိုယ်တော့ ဒီလူခိုင်းတာလုပ်ပြီး သူ့အနားမှာ ကျွန်ပြုနေမယ်လို့ တွေးတဲ့သူများရှိမလား။ ဘယ်ရှိပါ့မလဲနော်။ လူတိုင်းက သခင်ပဲဖြစ်ချင်ကြတယ်။ ဒါပေမဲ့ ကိုယ့်အတွင်း စိတ်ထဲ သေချာပြန်ဆန်းစစ်ကြည့်ပါ။ သူများရဲ့ကျေးကျွန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ရဲ့ကျေးကျွန်ဖြစ်နေသူတွေအများကြီးပါပဲ။
တစ်ခါ တလေမှာ သူများရဲ့ကျေးကျွန်ဖြစ်နေတယ်ထင်ပေမယ့် တကယ်တမ်းက ကိုယ့်အတွင်းစိတ်၊ ကိုယ့်ခံယူချက်၊ ကိုယ့်ခံစားချက်တွေကြောင့် ဒီလိုအမူအကျင့်တွေဖြစ်နေတာလည်း ရှိပါတယ်။ ကိုယ့်အတွင်းစိတ်ကိုသာ ပိုင်နိုင်အောင် ကိုင်တွယ်နိုင်ရင် ဘယ်သူ့ရဲ့ကျေးကျွန်မှ ဖြစ်နေစရာအကြောင်းမရှိပါဘူး။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ကျွန်မတို့တွေဟာ တစ်ခါတလေမှာ ကိုယ်ရွေးချယ်လိုက်တဲ့အရာတွေရဲ့ နောက်ဆက်တွဲတာဝန်တွေကို ကိုယ့်ကြောင့်လို့မမြင်ဘဲ သူများကြောင့်လို့ လွယ်လွယ် လက်ညှိုးထိုးပစ်လိုက်တတ်ကြ တယ်။ ကိုယ့်အတွင်းစိတ်ကို ပြန်ကြည့်ပြီး “ ဒါ ငါ့ကြောင့်” လို့ ပြောဖို့တွန့် ဆုတ်ကြတယ်။ ဥပမာ- နေ့တိုင်းလေ့ ကျင့်ခန်းလုပ်မယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင်စားမယ် ဆိုပါစို့။ ကိုယ်မလုပ်နိုင်တာကို မလုပ်နိုင်ဘူးလို့ မပြော ဘူး။ “ အမေက နေ့တိုင်းဟင်းကောင်းကောင်းချက်နေတော့ ဘယ်လိုလုပ်ပြီး အစားလျှော့လို့ရတော့မှာလဲ။ သူငယ်ချင်းတွေက စားသောက်ဖို့ အမြဲခေါ်နေလို့ ဘယ်လိုဝိတ်လျှော့လို့ရတော့မှာလဲ ” ဆိုတာမျိုးနဲ့ တခြားသူတွေ အပေါ် အပြစ်ပုံချပစ်လိုက်တတ်ကြတယ်။
ကျွန်မတို့တွေအနေနဲ့ ကိုယ့်စည်းကမ်းကိုယ်မလိုက်နာနိုင်တိုင်း ပြင်ပကအရာတွေကို အပြစ်တင်ဆင်ခြေပေးတာမျိုးမဖြစ်အောင် ကြိုးစားသင့်ပါတယ်။ အစားလျှော့နေချိန်မှာ ကိုယ့်ဘေးက တစ်ယောက်ယောက်က ချောကလက်စားနေရင်တောင် ကိုယ်က ယူစားချင်မှဖြစ်တာပါ။ ကိုယ့်ပါးစပ်ထဲကို သူ အတင်းခွန့်ကျွေးလို့မရပါဘူး။ ဆိုလိုတာက ကိုယ့်ရဲ့စည်းကမ်းလိုက်နာခြင်း၊ မလိုက်နာခြင်းဆိုတာ ကိုယ်နဲ့ပဲ အဓိကသက်ဆိုင်ပါတယ်။ ကိုယ့်တာဝန်ပါ။ ကိုယ့်ကိုယ်ကိုယ်ရဲ့သခင်ဖြစ်အောင် မနေဘူးဆိုရင် ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်ရဲ့ ကျေးကျွန်အဖြစ် နဲ့ပဲ ဘဝကို အဆုံးသတ်ရပါလိမ့်မယ်။
ကိုယ့်စိတ်ကိုယ်နိုင်အောင် လုပ်ထားရင်၊ ကိုယ့်ကိုယ်ကိုယ်ရဲ့ကျေးကျွန်ဘဝက ရုန်းထွက်ထားရင် ကိုယ့်ကိုယ်ကိုယ်ပိုင်နိုင်တဲ့ သခင်တစ်ယောက်ဖြစ်လာမှာပါ။
သင်ကော သင့်ကိုယ်သင်ရဲ့ကျေးကျွန်ဘဝက ရုန်းထွက်ပြီးပြီလား။
