ဘဝမှာ အသေးအဖွဲလေးတွေကအစ သတိရှိရှိ ရွေးချယ်တတ်ဖို့ လိုတယ်။

blank

စာချစ်သူတို့ရေ…။

ကျွန်မတို့ တစ်နေ့တာမှာ ကိစ္စသေးသေးလေးတွေကနေ ကြီးမားတဲ့ကိစ္စတွေအထိ ဆုံးဖြတ်ချက်ချပြီး ရွေးချယ်တတ်ကြတယ်။

ဥပမာပြောရရင် ကျွန်မတို့အနေနဲ့ ကျန်းမာတဲ့အစားအစာတွေ စားသောက်ပြီး လေ့ကျင့်ခန်းတွေလုပ်ခြင်းအားဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရွေးချယ်မလား။ ဒါမှမဟုတ် လေ့ကျင့်ခန်းမလုပ်တဲ့အပြင် အဆီ၊ အဆိမ့်တွေစားပြီး ရောဂါဘယတွေ များစေတဲ့ ဘဝကို ရွေးချယ်မလား ဆိုတာကလည်း ကျွန်မတို့ရဲ့ ရွေးချယ်မှုပါ။ ဒီအစားအစာက ကျန်းမာရေးနဲ့ မကိုက်ညီပေမဲ့ ချိုလို့၊ ကောင်းတယ်ထင်လို့၊ ပါးစပ်အရသာခံဖို့ တစ်ခါတလေလေး စားလိုက်တာ ဘာမှမဖြစ်ဘူးဆိုပြီး စားမိမယ်။ တစ်ခါကနေ နှစ်ခါဖြစ်လာမယ်၊ သုံးခါဖြစ်လာမယ်၊ လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ် ကြာလာတဲ့အခါမှာ ဒီလိုအကြိမ်ပေါင်းများစွာက ကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေက များနေလောက်ပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်အနေနဲ့ တစ်ခါတလေတွေအများကြီးနဲ့ စိတ်အလိုလိုက်ပြီးတော့ ရွေးချယ်မလား။ ဒါမှမဟုတ်ရင် စည်းကမ်းနဲ့ တစ်ခါဆိုရင် တစ်ခါပဲစားမယ်၊ ဒါမှမဟုတ် ကိုယ်နဲ့ မတည့်ဘူးဆိုရင် လုံးဝမစားဘူးဆိုတဲ့ စည်းကမ်းနဲ့ ဆက်နေသွားမယ်ဆိုတာ ရွေးချယ်မလား။ နောက်ဆုံးတော့ ကျွန်မတို့ရဲ့ ရွေးချယ်မှုကပဲ ရေရှည်အတွက် အဖြေတစ်ခုထွက်လာတာဖြစ်ပါတယ်။

ကိုယ်ရွေးချယ်လိုက်တဲ့အချိန်က အခိုက်အတန့်လေးဆိုပေမယ့် ဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲတွေက ကိုယ့်ဘဝမှာ အမြဲတမ်း တန်ပြန်သက်ရောက်မှုတွေ ရှိနေစေတတ်ပါတယ်။
ပြီးတော့ တစ်ခါတလေမှာ ကိုယ့်သိစိတ်ကဖြစ်ဖြစ်၊ မသိစိတ်ကပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုချမိရင်း ရွေးချယ်လိုက်တာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီအခါမှာ ကိုယ့်ဆုံးဖြတ်လိုက်တာရဲ့ တန်ပြန်သက်ရောက်မှုက ကြာလာရင် ကိုယ့်ဘဝရပ်တည်မှု ဖြစ်သွားတတ်တာမို့ သတိရှိရှိနဲ့ ရွေးချယ်တတ်ဖို့၊ ဆုံးဖြတ်ချက်ချဖို့အတွက် လိုအပ်တယ်မဟုတ်လား။

စာချစ်သူတို့အနေနဲ့ကော ကိုယ့်ရဲ့ဘဝမှာ အချိန် ခဏလေးပေးပြီး ရွေးချယ်ရတဲ့ ရွေးချယ်မှုတွေ၊ ဒါလေးက မပြောပလောက်ဘူးဆိုပြီးတော့မှ လွယ်ကူတဲ့ရွေးချယ်မှုတွေ လုပ်နေလား။ စိတ်အလိုလိုက်မှုတွေ လုပ်နေလားဆိုတာကို ပြန်ပြီးတော့မှ သုံးသပ်ကြည့်စေချင်ပါတယ်။