“ဒီနေ့ကစပြီး  လူတိုင်းအပေါ်  ကြင်နာတတ်တဲ့ လူသားတစ်ယောက်အနေနဲ့ ရပ်တည်ကြရအောင်။”

blank

လူတွေအားလုံးက ၂ဝ၂၁ ကို ပိုကောင်းအောင် လုပ်ကြမယ်ဆိုပြီး စိတ်အားထက်သန်နေတဲ့အချိန်ပါ။ ဒီအချိန်မှာ လူငယ်ပိုင်းပဲဖြစ်ဖြစ်၊ လူလတ်ပိုင်းပဲဖြစ်ဖြစ်၊ လူကြီးပိုင်းပဲဖြစ်ဖြစ် အားလုံးလိုက်လုပ်လို့ ရတဲ့ အရာလေးတစ်ခုကို မျှဝေချင်ပါတယ်။

ဒီနှစ်သစ်လေးမှာ ကြင်နာတတ်တဲ့စိတ်ထားလေးကို လူတိုင်းအနေနဲ့ မွေးမြူစေချင်ပါတယ်။

နေ့စဉ်ဘဝမှာ ကိုယ်သိနေတဲ့သူတွေ သူဘာတွေ ခံစားနေရလဲ၊ ဘာတွေ ဖြစ်နေလဲဆိုတာကို သိတော့ သူတို့ကို ထိခိုက်စေတဲ့အရာတွေကို ဆင်ခြင်မိလိမ့်မယ်။ ကိုယ်နဲ့စိမ်းတဲ့သူတွေကိုကျတော့  သူတို့ဘာခံစားနေလဲမသိတာမို့ ဖတ်ခနဲ ပြောမိဆိုမိတယ်။ မမျှော်လင့်ဘဲ ပြောလိုက်ပေမယ့် ကိုယ်ပြောလိုက်တဲ့ စကား၊ ကိုယ်လုပ်ပြလိုက်တဲ့အပြုအမူတစ်ခုက အဲ့ဒီသူစိမ်းလူကို နာကျင်သွားစေနိုင်ပါတယ်။

လူတိုင်းနဲ့ ပြောဆိုဆက်ဆံကြရာမှာ ကျွန်မတို့သတိရဖို့ လိုတာက လူတိုင်းမှာ စိတ်ထိခိုက်မှုတွေရှိပါတယ်။ လူတကာကို ပြုံးပျော်နေတယ်။ သူတို့အလုပ်ကို ပုံမှန်အတိုင်း လုပ်နေကြတယ်ဆိုရင် “ သူအဆင်ပြေနေတယ်”  လို့ ကျွန်မတို့ ထင်တတ်ကြတယ်။ အမှန်တကယ်က လူတိုင်းမှာ ခံစားနေရတဲ့ ခံစားချက်တွေ ရှိတယ်။ နာကျင်မှုတွေ ရှိတယ်။ ပူပင်သောကတွေ ရှိကြတယ်။  ဘယ်သူက ဘာအပူ ရှိနေလဲဆိုတာကို အပေါ်ယံကြည့်ရုံနဲ့ မမြင်ရပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့်မို့ ဘယ်သူ့အပေါ်မှာမဆို ကျွန်မတို့တွေအနေနဲ့ ကြင်ကြင်နာနာ ဆက်ဆံတတ်ဖို့ လိုအပ်ပါပြီ။ ကြင်နာတဲ့ စကားလုံး၊ ကြင်နာတဲ့ အပြုအမူ၊ ကြင်နာသော အပြုံးတွေ တစ်ဖက်လူကို ပေးလိုက်လို့ ကိုယ်ကိုယ်တိုင်ကလည်း အရမ်းပင်ပန်းသွားတာမဟုတ်ပါဘူး။ ကိုယ့်ဆီက ကြင်နာမှုတွေကို နည်းနည်းလေးပဲ အားစိုက်ထုတ်ပြီးပေးလိုက်တာနဲ့ တခြားသူတွေအတွက် ပိုပြီးသာယာတဲ့ နေ့တစ်နေ့ဖြစ်သွားစေတယ် ဆိုရင် ဒီလုပ်ဆောင်ချက်လေးတွေက သိပ်ကောင်းမွန်ပါတယ်။ အချိန်ကြာလာတဲ့အခါ ကိုယ်ကလည်း သူများအပေါ် နားလည်စာနာပြီးသား ဖြစ်လာမှာပါ။

ဒါဆိုရင် ကြင်နာတတ်တဲ့သူတွေ များလာတာနဲ့အမျှ ကျွန်မတို့နေထိုင်တဲ့ လူ့အသိုင်းအဝိုင်းလေးဟာ ဘယ်လောက်တောင် သာယာလိမ့်မလဲ။ အဲ့ဒီတော့ အခြားလူတွေ ပြောင်းလဲလာဖို့ စောင့်နေမယ့်အစား ကိုယ်က စတင်ပြီး ပြောင်းလဲမှုတစ်ခုဖြစ်အောင် စတင်ကြရအောင်နော်။

သင်ကော… ကြင်နာမှုတွေပေးဖို့ အဆင်သင့်ဖြစ်နေပြီလား။