အခုခေတ်မှာ လူတွေအနေနဲ့ မအားလပ်တာကို အရမ်းဂုဏ်ယူတဲ့ခေတ်ဖြစ်လာတယ်။ တစ်ခုခုဆိုရင် “ငါအလုပ်များနေတယ်” လို့ ပြောရတာကို ကျေနပ်တဲ့စိတ်လေးတွေ ဖြစ်လာတယ်။ ဒီတော့ အလုပ်များတိုင်း အလုပ်တွင်နေတာလား။ အလုပ်များတိုင်း ကောင်းနေတာလားဆိုတာမျိုးက စဉ်းစားစရာပါပဲ။ အခုခေတ် ယဉ်ကျေးမှုမှာ အလုပ်များတယ်ဆိုတာကို ဂုဏ်တစ်ခုလို ယူဆလာတဲ့ခေတ်မှာ အလုပ်တွင်ဖို့ ဆိုတာက အလုပ်တွင်အောင် လုပ်တတ်ဖို့နဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်တတ်ဖို့ လိုအပ်တယ်။
အရင်တုန်းက အချိန်ကို စီမံခန့်ခွဲမှုအပိုင်းကို ကောင်းကောင်းလေး မပိုင်နိုင်ခင်တုန်းက မနက်အိပ်ယာထကတည်းက စပြီး ညနေထိ အလုပ်လုပ်ခဲ့ဖူးတယ်။ အလုပ်တွေက များတာမို့ ၂၄ နာရီ မလုံလောက်ဘူးလို့ ခံစားခဲ့ရတယ်။ ကြာလာတဲ့အခါမှာ အလုပ်များတာက အလုပ်တွင်တာ မဟုတ်ဘူးဆိုတာကို သိပြီးကတည်းက အလုပ်တွင်အောင် မှန်ကန်တဲ့ နည်းလမ်းလေးတစ်ခုကို ကိုယ်ကိုယ်တိုင် ဖန်တီးဖို့လိုလိမ့်မယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
ဘယ်လိုမျိုးလဲဆိုရင် အလုပ်များတယ်ဆိုပြီး တစ်နေကုန် အအိပ်၊ အစားမေ့ပြီးတော့မှ အလုပ်လုပ်မှာထက် အလုပ်လုပ်နေတဲ့အချိန်ကို အပြည့်အဝ အာရုံစိုက်ပြီး အလုပ်လုပ်ပါ။ ပြီးတော့ စားတဲ့အချိန်မှာ စားပါ။ အိပ်တဲ့အချိန်မှာ အိပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ နားတဲ့အချိန်မှာ လုံးဝနားပစ်ပါ။ Social Media သုံးတဲ့ အချိန်မှာ လုံးဝသုံးလိုက်ပါ။ မသုံးတော့တဲ့ အချိန်မှာ စိတ်ကို လုံးဝတိခနဲ ဖြတ်ပြီးတော့မှ ကိုယ်လုပ်တဲ့အရာဘက်ကို ပြန်ပြီး အာရုံစိုက်လိုက်ပါ။ မိသားစုနဲ့ အချိန်အတူတူ သုံးနေတဲ့ အချိန်မှာ ကျန်တဲ့အရာတွေမေ့ပြီး မိသားစုနဲ့ အချိန်ကုန်လိုက်ပါ။ ဒါမျိုးလေးတွေ လုပ်တဲ့အခါမှာ ကျွန်မတို့ ဘာဖြစ်မလဲဆိုရင် ဘဝရဲ့ ကဏ္ဍအသီးသီးမှာ စိတ်ပြည့်ဝမှုတစ်ခုရမယ်။
အလုပ်လုပ်နေတဲ့အခါမှာလည်း ဒါပြီးရင် ကျန်တဲ့အရာတွေအတွက် အချိန်ပေးရတော့မှာဆိုတော့ ဒီအချိန်အတောအတွင်း လက်ရှိမှာ အလုပ်ကို အာရုံအပြည့်အဝစိုက်မှရတော့မယ်ဆိုတဲ့ စိတ်ဖြစ်တဲ့အခါမှာ အလုပ်တွင်နှုန်းကလည်း ပိုကောင်းလာတယ်။ အာရုံစိုက်မှုလည်း ပိုကောင်းလာတယ်။ အလုပ်မှာ ဈာန်ဝင်ပြီး လုပ်လာတယ်။ အလုပ်တွင်တယ်ဆိုတာက အလုပ်များတာနဲ့ တိုက်ရိုက်သက်ရောက်မှုမရှိသလို အလုပ်များနေတယ်ဆိုတာကလည်း တကယ်အလုပ်တွင်နေလားဆိုတာနဲ့ တိုက်ရိုက်သက်ရောက်မှု မရှိနေပါဘူး။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ။ ကိုယ်လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတယ်၊ ကိုယ်မိသားစုဘဝလေး ရှိနေတယ်ဆိုရင် ကိုယ်ကိုယ်တိုင်က တစ်ရက်တစ်ရက် အလုပ်များနေတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရပ်တည်နေတဲ့သူတစ်ယောက်လား။ တကယ်အလုပ်တွင်အောင် လုပ်နေတဲ့သူတစ်ယောက်လားဆိုတာကို ပြန်ပြီးတော့မှ သုံးသပ်ပြီးတဲ့နောက်ပိုင်းမှာ အချိန်ကိုကော၊ အလုပ်ကိုကော တွင်အောင် ပြန်ပြီးတော့မှ လုပ်နိုင်စေဖို့အတွက်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်စေဖို့အတွက် ဒီစာလေးက အထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
