၂၀၂၁ အစမှာ ချမှတ်လိုက်တဲ့ ပန်းတိုင်တွေကို ၂၀၂၁ အဆုံးမှာ တကယ်ဖြစ်စေချင်သလား။

blank

နှစ်သစ်အစမှာ ၂ဝ၂၁ ကို ဘယ်လိုအကောင်းဆုံးထုဆစ်သွားမလဲဆိုတာနဲ့ ပတ်သက်ပြီး လူတိုင်းက ရည်ရွယ်ချက်တွေ ချမှတ်ကြတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေကို ဘယ်နှယောက်လောက်ကများ တကယ် အကောင်အထည်ဖော်ဖြစ်ကြသလဲ။

လူအများစုဟာ ရည်မှန်းချက်တော့ ချမှတ်လိုက်တယ် ပြီးတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက် အထိတော့ ရည်မှန်းချက်အတိုင်း လိုက်လုပ်ဖြစ်တယ်။ မတ်၊ ဧပြီလောက် ရောက်လာတော့ အလုပ်နဲ့ပတ်သက်ပြီး အာရုံတွေက ပိုအရေးကြီးတဲ့ ကိစ္စတွေကို ကြည့်လိုက်ရ၊ မထင်မှတ်ထားတာတွေ ဖြစ်လိုက်နဲ့ ကြာလာတော့ သွားနေတဲ့ ပန်းတိုင်က ဘယ်ရောက်လို့ရောက်မှန်းမသိတော့ဘူး။ ကိုယ်သွားချင်တဲ့ ဦးတည်ရာမဟုတ်ဘဲ ဖြစ်ချင်တာ ဖြစ်သွားတယ်ပေါ့။ နှစ်ကုန်လို့ ပြန်ကြည့်လိုက်တဲ့အခါမှာ ရည်မှန်းချက်က အကောင်အထည်ပေါ်လားဆိုတော့ အပြည့်အဝမပေါ်ဘူး။ ကိုယ်ဖြစ်ချင်သလို ဖြစ်လားဆိုတော့လည်း မဖြစ်နေဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆိုတာက ရည်မှန်းချက်ပန်းတိုင်ရှိမှ ရမှာပါ။ ပန်းတိုင်ကို အကောင်အထည်ပေါ်အောင် လုပ်ဖို့ဆိုတာက ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကို အချိန်တစ်ခု သတ်မှတ်လိုက်ပြီး ဒီတစ်နှစ်အတွင်းမှာ ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ရအောင်ကြိုးစားလုပ်ဆောင်ရင် ဒီအိပ်မက်တစ်ခုက ပန်းတိုင်တစ်ခုဖြစ်လာတယ်။ ဒီပန်းတိုင်ကို ဘယ်လမှာတော့ ဘယ်လောက်ထိပြီးအောင် လုပ်မယ်ဆိုတဲ့ ကဏ္ဍသေးသေးလေးတွေ ခွဲခြားလိုက်တဲ့အခါမှာ Plan တစ်ခုရလာတယ်။ ရက်လေးတွေ အပိုင်းအခြားလေးတွေ၊ ကဏ္ဍလေးတွေ ခွဲပြီးမှလုပ်သွားတော့ တစ်နှစ်ပတ်လုံးပြီးရင် ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ကို ရောက်သွားနိုင်ပါတယ်။

Goal လည်းရှိပြီ၊ ဒီကိုရောက်မယ့် Plan လည်းရှိပြီ။ ဒါပေမဲ့ လက်တွေ့အလုပ် မလုပ်သေးသရွေ့၊ အကောင်အထည်မဖော်သေးသရွေ့တော့ ဒီနှစ်ခုလုံး အရမ်းကောင်းနေပါစေ။ ပန်းတိုင်ကို ရောက်ဖို ခက်ပါတယ်။ အဲ့ဒီအခါ ကိုယ်က ဘာလုပ်ဖို့လိုပြီလဲဆိုတော့ ဒီကိုရောက်အောင် သွားဖို့အတွက် အလုပ်လုပ်ဖို့လိုပါတယ်။ ဒီသုံးခုလုံးပေါင်းစပ်လိုက်တဲ့အခါမှာမှ ကိုယ့်ရဲ့ အိပ်မက်ကို ကျွန်မတို့ မှန်ကန်တဲ့ အကောင်အထည်တစ်ခုအနေနဲ့ ဖန်တီးလို့ရမှာပေါ့နော်။ ပြီးတော့ ဒီပန်းတိုင်ရှိခြင်းက ကျွန်မတို့ကို ကိုယ်ဘယ်ကို သွားနေလဲဆိုတာ ပိုသိစေတယ်။ ပန်းတိုင်မရှိခြင်းက သွားသာသွားနေတယ်၊ ရောက်ချင်တဲ့နေရာရောက်နေတယ်။ ထွက်လာတာ တစ်နေရာ၊ ရောက်နေတာ တစ်နေရာ ဖြစ်စေနိုင်တယ်။

ဒါကြောင့် စာချစ်သူတို့အနေနဲ့ ကိုယ့်ဆီမှာ ပန်းတိုင်ရှိပြီဆိုရင် ဒါကိုရောက်အောင်သွားနိုင်မယ့် အစီအစဉ်ကော ဆွဲထားပြီလား။ အစီအစဉ်ဆွဲထားပြီဆိုရင် အဲ့ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့ကော ကိုယ့်ကိုယ်ကိုယ် လိုအပ်တဲ့အရည်အချင်းတွေ ဖြည့်နေပြီလားဆိုတာကို ပြန်ပြီးဆန်းစစ်သုံးသပ်စေချင်ပါတယ်။