“”မမေဇွန်ဝင်း” ပြောတဲ့ သူမအကြောင်း

blank
မမေဇွန်ဝင်းဆိုတာ ဘယ်သူလဲ။

ခရီးထွက်ရတာကို ကြိုက်တဲ့ သူမဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းက Travel blogger အဖြစ် ရပ်တည်ခဲ့ပြီး ET ခရီးသွားလုပ်ငန်းကုမ္ပဏီကိုလည်း ဦးစီးလျက်ရှိပါတယ်။ ၂ဝ၁၇ ခုနှစ်က ကျင်းပတဲ့ Myanmar Influencer Award မှာ The first Myanmar Travel influencer award ကို ရရှိထားသူလည်းဖြစ်ပါတယ်။

သူမနဲ့ ခေတ်မီတိုးတက်တဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ…

အစ်မတို့ ပတ်ဝန်းကျင်က အမျိုးသမီးအများစုဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေတတ်ကြတယ်။ ကိုယ်ဘာဖြစ်ချင်နေလဲဆိုတာ သေချာသိပြီးတဲ့နောက် ကိုယ်ဖြစ်ချင်တာတွေကို စလုပ်တဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ စကားသံအချို့ကို လျစ်လျူရှုနိုင်ရမယ်။ ကိုယ်လုပ်လိုက်တဲ့အလုပ်ကို ကိုယ်သေချာတာဝန်ခံတတ်ရမယ်။ မိန်းကလေးလူငယ်အများစုဟာ ကိုယ်တစ်ခုခုလုပ်လိုက်လို့ မဖြစ်မြောက်လိုက်တဲ့အခါ၊ မှားတဲ့အခါ ကိုယ့်ဘေးကလူတွေဖြစ်ဖြစ်၊ ကိုယ့်ရည်းစား၊သူငယ်ချင်းကို ဖြစ်ဖြစ် အပြစ်ပုံချတတ်တယ်။ အစ်မအမြင်အရ ကိုယ်လုပ်တဲ့အရာတစ်ခုအတွက် တာဝန်ယူတဲ့စိတ်ရှိတဲ့သူဟာ အလုပ်လုပ်တဲ့အခါ ပိုပြီးတော့ တိကျသေချာပါတယ်။ ခေတ်မီတယ်။

သူမ ဖွင့်ဆိုတဲ့ အောင်မြင်မှု

လူတစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုအပေါ် အမြင်တွေက မတူကြဘူး။ နောက်ပိုင်း ခရီးနဲ့ပတ်သက်ပြီး အစ်မ စာတွေရေးလာတယ်။ လူသိများလာတယ်။ လူတွေက အစ်မကို အောင်မြင်လာတယ်လို့ ပြောကြတယ်။ ဟုတ်ချင်လည်း ဟုတ်မှာပါ။ အောင်မြင်မှုဆိုတာ လူတွေက သတ်မှတ်ထားတာကို။ အစ်မကတော့ ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်သွားမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမ ခရီးသွားလုပ်ငန်းကို လုပ်ဖို့ တွန်းအားတစ်ခု

အစ်မတို့ငယ်ငယ်တုန်းက အခုလို အင်တာနက်တွေကလည်း ခေတ်မစားသေးတော့ အလုပ်တစ်ခုရဖို့ဆိုရင် စာရွက်လေးကိုင်ပြီး မြို့တစ်ပတ်ပတ်ခဲ့ရတာ သတိရမိတယ်။ အစ်မက ကိုယ့်အတွေးအခေါ်တွေ ပွင့်ချင်တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် ပြည်ပနဲ့ အဆက်အသွယ်များတဲ့ ခရီးသွားကုမ္ပဏီတွေမှာ လုပ်ဖို့ စိတ်ဝင်စားခဲ့တယ်။ တစိုက်မတ်မတ်လည်း လုပ်ခဲ့တယ်။ ကုမ္ပဏီတစ်ခုမှာ ၂ဝဝ၅ ခုနှစ်ကတည်းက စတင်လုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှာ ကိုယ်ပိုင် ခရီးသွားလုပ်ငန်းကို စထောင်ဖြစ်ခဲ့တာပါပဲ။

သူမနဲ့ တိုးတက်အောင်မြင်ဖို့အတွက် အခြေခံ ( ၃ ) ချက်

(၁) အချက်အနေနဲ့ ကိုယ်လုပ်ချင်တာကို ကိုယ်သေချာသိရမယ်။

(၂) အချက်အနေနဲ့ တစိုက်မတ်မတ်လုပ်ရမယ်။

(၃) အချက်အနေနဲ့ ခေတ်ရေးစီးကြောင်းကို သေချာလိုက်နိုင်ရမယ်။ လူကိုယ်တိုင် မလိုက်နိုင်ရင်တောင် ကမ္ဘာမှာ ဘာတွေ ခေတ်စားနေလဲဆိုတာ သိနေရမယ် လို့ မြင်ပါတယ်။

သူမ ခရီးသွားအတွေ့အကြုံတွေကို မျှဝေခြင်း

စာရေးဖြစ်တဲ့အကြောင်းက အစ်မတို့နိုင်ငံမှာ ပြည်ပနိုင်ငံတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ရှားတယ်။ ပြည်ပခရီးတွေကို ဦးစားပေးတဲ့ အစ်မတို့ခရီးသွားလုပ်ငန်းအနေနဲ့ ခရီးအကြောင်း လာရောက်စုံစမ်းတဲ့သူတွေကိုပဲ ပြည်ပနိုင်ငံတွေအကြောင်း ရှင်းပြတာ မလုံလောက်ဘူးလို့ မြင်တဲ့အတွက် စာလေးတွေ စရေးဖြစ်တယ်။
စာတွေ ရေးတဲ့အခါ ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့ အရာတွေကို အရိုးသားဆုံးဖြစ်အောင် ပြန်မျှဝေတယ်။ လူတွေဟာ တစ်နှစ်နေလို့မှ တစ်ခါ ခွင့်ရလို့ ခရီးသွားရတယ်။ တချို့ဆို ၂ နှစ်၊ ၃ နှစ်လောက်နေမှ ခရီးသွားဖြစ်တဲ့အခါလည်းရှိတယ်။ သူတို့ခရီးသွားတဲ့အခါ အစ်မ တလွဲရေးထားတဲ့စာတွေ ဖတ်ပြီး ဒုက္ခရောက်သွားတယ်ဆိုရင် သူတို့ မျှော်မှန်းထားတဲ့ အပျော်လေးတွေ ပျက်သွားနိုင်တယ်။ အဲ့ဒီလိုမဖြစ်ရအောင် အစ်မ စာတွေရေးတဲ့အခါ ကိုယ်ဘာကြုံခဲ့လဲ။ သူတို့တွေအတွက် ဘာတွေက သတိထားစရာဖြစ်မလဲစတာတွေကို လူပေါင်းစုံဘက်ကနေ စဉ်းစားပြီး ရေးဖြစ်ပါတယ်။

သူမနဲ့ အကြံပေးစကား

လူငယ်တော်တော်များများကို အစ်မ အမြဲတမ်း ပြောနေကျဖြစ်တဲ့ တစ်အချက်အနေနဲ့ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သေချာသိရမယ်။ နောက်တစ်ခုအနေနဲ့ ဘယ်အရာမဆို သေချာအချိန်ယူ စဉ်းစားရမယ်။ စဉ်းစားတယ်ဆိုတာ ကိုယ်ခေါင်းတစ်လုံးသုံးရင် ရတဲ့အလုပ်ဖြစ်တာကြောင့် ဘာမဆို သေချာစဉ်းစားပါ။ နောက်ဆုံးတစ်ချက်က ကိုယ်ဘာလုပ်ချင်လဲဆိုတာ သေချာသိပြီဆိုရင် သေသေချာချာ တစိုက်မတ်မတ် လုပ်ဖို့ အကြံပေးချင်ပါတယ်။

စာချစ်သူတို့ကော မမေဇွန်ဝင်းရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။