ဂုဏ်သိက္ခာကို ရှေ့တန်းတင်ရမလား။ ဖောက်ပြန်တဲ့ယောက်ျားကိုပဲ ကွာရှင်းလိုက်ရမလား။

blank

ကျွန်မက ကျောင်းဆရာမတစ်ယောက်ပါ။ သားတစ်ယောက်သမီးတစ်ယောက်ရှိပါတယ်။ ကျွန်မခင်ပွန်းက အပြင်အလုပ်လုပ်ပါတယ်။ အပြင်ပမ်းကကြည့်ရင် ကျွန်မတို့အိမ်ထောင်ရေးက သာယာပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဘယ်လောက်အက်ကြောင်းထင်နေလဲဆိုတာ ကျွန်မတို့နှစ်ယောက်ပဲသိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကလေးတွေလည်းငယ်သေးတော့ ကျွန်မက အိမ်အကူခေါ်ရပါတယ်။ ဆရာမဆိုတော့ ငယ်တဲ့ကလေးလည်း မခိုင်းရက်ဘူး၊ အသက်ကြီးတဲ့သူကျတော့လည်း ခိုင်းရမှာအားနာရလို့ အသက် ၃ဝ ဝန်းကျင် မိန်းကလေးကို ခေါ်ခဲ့တာပါ။ ရုပ်ရည်လည်း မလှပါဘူး။ သာမန်ရွက်ကြမ်းရေကျိုပါ။ အဲ့ဒါကို ကျွန်မယောက်ျားက ဖောက်ပြန်ပါတယ်။ ခေါ်ထားတဲ့ တစ်နှစ်အတွင်းမှာ ဖြစ်ပျက်ကြတာပါ။ ကျွန်မမိတာကတော့ တစ်ခါတည်းပါ။ ကျွန်မယောက်ျားကလည်း တစ်ခါတည်းပါလို့ ပြောပေမဲ့ ကျွန်မတော့မထင်ပါဘူး။ ကောင်မလေးကိုတော့ အဲ့ဒီကတည်းက သူ့နယ်ပြန်ခိုင်းလိုက်ပါတယ်။ ကျွန်မယောက်ျားကိုတော့ ပတ်ဝန်းကျင်ကိုရှက်လို့ မကွဲခဲ့ပါဘူး။ သူကလည်း ကျွန်မကို ရှိခိုးမတတ်တောင်းပန်ပါတယ်။ ဒါပေမဲ့ တစ်အိမ်တည်းအတူတူဆက်နေနေပေမဲ့ သူ့ကို ကျွန်မယောက်ျားလို့ မထင်တော့ပါဘူး။ ရွံလည်းရွံပါတယ်။ ပေါင်းလည်းမပေါင်းတော့ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

လူရိုသေရှင်ရိုသေ တပည့်တပန်းတွေနဲ့ဆရာမမို့ လူတွေရှေ့မှာဟန်မပျက်နေနေပေမဲ့ ကျွန်မမပျော်တော့တာ အဲ့ဒီကတည်းကပါပဲ။ သူ့မျက်နှာမြင်နေရတာ ငရဲလို ခံစားရပါတယ်။ ကလေးတွေကတော့ငယ်သေးတော့ ဘာမှမသိပါဘူး။ အလုပ်သွား နေရတဲ့ ကျွန်မထက် သူတို့အဖေကို ပိုပြီးကပ်ကြပါတယ်။ ဒါကြောင့် ကျွန်မဆုံးဖြတ်ရပိုခက်ခဲ့တာပါ။ သူကတော့ ကျွန်မကို ကြုံတိုင်းတောင်းပန်တုန်းပါ။ အခုဆို ကျွန်မဘာလုပ်လုပ်လည်း ခံပါတယ်။ ဆဲလည်းခံတယ်။ ရိုက်လည်း ခံပါတယ်။ ကျွန်မကတော့ သူ့မျက်နှာမြင်တိုင်း ကျွန်မမှာ ဘာအပြစ်မှမရှိဘဲ၊ ချစ်လို့ယူခဲ့တာကို ဖောက်ပြန်ရက်တဲ့ ကိစ္စပေါ်ပေါ်လာပြီး သူ့ကို လုံးဝခွင့်မလွှတ်နိုင်တာ အခုထိပါပဲ။ ကျွန်မဘယ်လိုလုပ်ရမလဲ။ ခွင့်လွှတ်ဖို့ကြိုးစားပြီး အားလုံးအဆင်ပြေအောင်ပဲ အလိုက်သင့်နေနေလိုက်ရတော့မှာလား။ လုံးဝချစ်ခြင်းမေတ္တာမထားနိုင်တော့ဘဲ ရွံ့မုန်းနေတဲ့သူကို ကွာရှင်းပြီးပဲ ကျွန်မဘဝကို ဆက်လျှောက်တာက ပိုကောင်းမလား။ ခံစားနေရတာ တစ်နှစ်ကျော်ပါပြီ။ ကျွန်မခံစားချက်တွေပြေပျောက်မလားလို့ စောင့်နေပေမဲ့ ကြာလေ သူ့အပေါ် ပိုခွင့်မလွှတ်နိုင်လေပဲဖြစ်နေလို့ပါ။ ကျွန်မပဲမှားနေတာလား။ ဘာဆက်လုပ်သင့်တယ်ထင်လဲ။ ဘဝတူလေးတွေရှိရင် အကြံဉာဏ်လေးတွေများရမလားလို့ ဒီကဏ္ဍမှာ ရင်ဖွင့်မိတာပါ။ ကျေးဇူးတင်ပါတယ် ဂန္ထဝင်။

စာချစ်သူများလည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် ဂန္ထဝင်ရဲ့ “မိန်းမသားတို့ ရင်ဖွင့်သံကဏ္ဍ” ကို လိပ်မူပြီး message box ကနေ ရင်ဖွင့်စာလေးတွေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။