မလှတဲ့သူ မရှိပါဘူး။ ပျင်းနေတဲ့သူတွေပဲ ရှိတာပါ။

blank

မိန်းကလေးတွေမှ မဟုတ်ဘူး။ ယောက်ျားလေးတွေကောပါပဲ။ မလှတဲ့သူမရှိဘူး။ ပျင်းတဲ့သူပဲ ရှိပါတယ်။ ဥပမာ ပြောပြရရင် တချို့သူတွေက အလုပ်သွားတဲ့အခါ ကိုယ့်အလုပ်ဝတ်စုံကို အချိန်ပေးပြီး မီးပူမတိုက်ကြဘူး။ အိပ်ယာနည်းနည်းစောထရမှာ ပျင်းတော့ မီးပူမတိုက်ပဲ ဝတ်သွားတယ်။ အဲ့ဒါဆိုရင် အင်္ကျီက တွန့်ကြေနေပြီး မသပ်ရပ်တဲ့ အသွင်အပြင် ဖြစ်နေမယ်။

တချို့သူတွေဆိုရင်လည်း ပျင်းပြီး ကိုယ်လက်သန့်ရှင်းမှု သေချာမလုပ်ဘူး။ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်ဘူး။ ဒါဆို စကားပြောရင် အာပုပ်စော်နံမယ်။ အရမ်းတန်ဖိုးကြီးပြီး လှပတဲ့အဝတ်အစားတွေ ဝတ်ထားပေမယ့် ကိုယ်အနံ့၊ ချိုင်းအနံ့ ထွက်နေတယ်ဆိုရင်လည်း အပေါ်ယံသွင်ပြင်ပဲ ရှိတော့တယ်။ သူ့အနံ့အသက်ကြောင့် သူ့ဘေးနားသွားရင် ဆွဲဆောင်မှု မရှိတော့ဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုအချက်တွေကြောင့်မို့ တစ်ကိုယ်ရေသန့်ရှင်းမှုအပိုင်းနဲ့ ပတ်သက်ပြီး သူများက ကိုယ့်ကို နှာခေါင်းရှုံ့နိုင်ပါတယ်။ ဒါကြောင့်မို့ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မပျင်းဘဲနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ကြပါ။

ဒါကြောင့် အင်္ကျီအဝတ်အစားကို သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းဝတ်ရမယ်။ အပြင်သွားမှ ကောင်းကောင်းဝတ်တာမဟုတ်ဘဲနဲ့ အိမ်မှာနေတယ်ဆိုပြီး ပစ်စလတ်ခတ် ဝတ်ပုံစားပုံမျိုးတွေ၊ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်အစားမျိုးနဲ့နေတာမျိုးတွေ မလုပ်ပါနဲ့။ တစ်ပတ်တစ်ခါ ခြေသည်းလက်သည်း ညှပ်မယ်။ နေ့တိုင်း ရေမှန်မှန်ချိုးမယ်။ ဆံပင်တွေကို သပ်ရပ်အောင် ဖြီးလိမ်းပြင်ဆင်ရမယ်။ မျက်နှာလေးကို ကြည့်ကောင်းအောင် ပြင်ဆင်သင့်တာ ပြင်ဆင်ရမယ်။ ဒါမှပဲ လူကြားထဲကို သွားလာတဲ့အခါ ပိုသပ်ရပ်ပြီးတော့ ဥပဓိရုပ်ကောင်းပါမယ်။

ပြီးတော့ အပြင်ပိုင်းလှရုံနဲ့လည်းမပြီးသေးဘူး။ အတွင်းပိုင်းကျန်းမာဖို့အတွက်လည်း ကျန်းမာရေးလိုက်စားပါ။ ပျင်းပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် အနေအထားက ကျန်းမာသန်စွမ်းတဲ့အသွင်အပြင် မဆောင်တော့ဘူး။ ဒါဆိုရင် အဝတ်အစားတွေ ဝတ်တဲ့အခါ အချိုးအစားသိပ်မကျတော့ မလှတော့ဘူး။ တချို့တွေက ရောဂါကြောင့်မို့ ကျန်းမာရေး မလိုက်စားနိုင်တာ ကတော့ ခြွင်းချက်ပေါ့။

အဲ့ဒီတော့ ကိုယ့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုလေးတွေကို ဂရုစိုက်မယ်။ ကိုယ့်ရဲ့နေထိုင်စားသောက်ပုံ၊ သွားလာလှုပ်ရှားပုံနဲ့ ကိုယ့်ရဲ့အရာအားလုံးကို သေချာမပျင်းဘဲနဲ့ ဂရုစိုက်မယ်ဆိုရင် လူတိုင်းက လှပတဲ့ အသွင်အပြင်ကို ရရှိနိုင်မှာ အသေအချာပါပဲ။