အသက် (၃ဝ) အရွယ် ကျွန်မအတွက် ကျွန်မရေးတဲ့ ရည်းစားစာ

blank

သို့ …

ချစ်လှစွာသော ကျွန်မရေ….။

အခုအချိန်အထိ ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့နှစ်သုံးဆယ်ကို ပြန်တွေးကြည့်မယ်ဆိုရင် အတိတ်မှာ ပျော်စရာတွေကော၊ ဝမ်းနည်းစရာတွေကော အများကြီးရှိခဲ့ပါတယ်။ ဘဝမှာ အမှုမဲ့အမှတ်မဲ့နေပြီး ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေ၊ ကြေကွဲခဲ့ရတဲ့ အချိန်တွေ၊ စိတ်ဖိစီးမှုတွေ ကြုံခဲ့ရတယ်။ ကျွန်မ ငိုနေတဲ့ပုံရိပ်တွေကိုလည်း ပြန်မြင်ယောင်မိတယ်။ တစ်ခါတစ်လေဆို ကျွန်မက အရူးတစ်ယောက်လိုပဲ အော်ရယ်လိုရယ်၊ သီချင်းတွေ အကျယ်ကြီး အော်ဆိုချင်ဆိုနဲ့ ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုမပြုတော့မိတဲ့အထိ အိမ်မှာ ရယ်ရယ်မောမောနဲ့ ကခုန်ခဲ့ဖူးပါတယ်။ အဲ့ဒီလို ဘဝကို ဖြတ်သန်းလာတဲ့ ကျွန်မရဲ့ အကြောင်းတွေကို ပြန်တွေးရင်း ကျွန်မ ပြုံးမိလာတယ်။

ကျွန်မရဲ့ဘဝမှာ အခွင့်အရေးကောင်းတွေလည်း ရရှိခဲ့ဖူးသလို လက်လွတ်ခဲ့ဖူးတာလည်း ရှိပါတယ်။ မိတ်ဆွေအပေါင်းအသင်း အစစ်အမှန်ကော၊ အတုအယောင်တွေကော ကြုံဆုံခဲ့ဖူးတယ်။ ဆိုးဝါးတဲ့နေ့ရက်တွေ ဖြတ်ကျော်ရင်းနဲ့လည်း ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုရှိဖို့ ပြန်လည်နှစ်သိမ့်ခဲ့ရပါတယ်။ ဒါဟာ ကျွန်မဘဝရဲ့ ပုံရိပ်တချို့ပါပဲ။
ခုတော့ ကျွန်မကိုယ်ကျွန်မ မေးခွန်းမေးမိတယ်။ ရှေ့ဆက်ပြီးတော့ ကျွန်မ ဘာတွေ ဖြစ်ချင်မိပါသလဲ။ တစ်ခုတည်းသောအဖြေက ကျွန်မ အသက်ရှင်နေစဉ်ကာလမှာ ကောင်းမွန်တဲ့ဖြစ်ရပ်တွေပဲ ဖန်တီးသွားပြီး စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ပဲ ဘဝရဲ့ လက်ကျန် အချိန်လေး တွေကို ကုန်ဆုံးချင်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် အကြောက်တရားတွေမရှိဘဲနဲ့ ဘဝကို ဆက်ဖြတ်သန်းမယ်။ ပေါ့ပေါ့ပါးပါးပြုံးမယ်။ ကျွန်မကိုပျော်ရွှင်စေတဲ့သူတွေနဲ့ နေထိုင်မယ်။ ဘယ်အရာကိုမဆို ချစ်တဲ့မျက်စိနဲ့ ခံစားကြည့်မယ်။ ချစ်ခြင်းတရားတွေ ပေးနိုင်တဲ့သူဖြစ်အောင် ကြိုးစားမယ်။ ဘဝဆိုတဲ့ ခရီးကြီးကို ပျော်ပျော်ပဲ ဖြတ်သန်းမယ်။ ကောင်းကောင်းအိပ်စက်မယ်။ ကျွန်မကိုယ်ကျွန်မ ချစ်ခင်လေးစားမယ်။ ပိုတန်ဖိုးထားမယ်။