လူတကာကို အလျှော့ပေးနေမှ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဖြစ်မှာလား။

blank

သဘောကောင်းတဲ့သူတစ်ယောက်လို့ လူအများစုသတ်မှတ်ထားကြတဲ့အချက်တွေရှိပါတယ်။ လူတိုင်းနဲ့တည့်အောင်ပေါင်းတာ၊ အားနာတာ၊ ဘယ်သူနဲ့မဆို ကိုယ့်ဘက်ကပဲ အနစ်နာခံလိုက်တာ၊ ဘာပြဿနာရှိရှိ မတုံ့ပြန်ဘဲ သည်းခံနေလိုက်တာမျိုးတွေပါ။ တကယ်လည်း အဲ့ဒီလိုလူတွေအနားမှာ တခြား သာမန်လူတွေထက် အပေါင်းအသင်းများတာတွေ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီများပြားလှတဲ့အပေါင်းအသင်းတိုင်း ဟာ သူပေးလိုက်တဲ့ အနစ်နာခံမှုတွေနဲ့ထိုက်တန်တဲ့ခင်မင်မှုအစစ်အမှန်တွေပြန်ပေးကြတဲ့ အပေါင်းအသင်း ကောင်းတွေချည်းတော့ မဟုတ်ပါဘူး။ သူ့ကောင်းကွက်တွေကို တန်ဖိုးထားပြီး တကယ့်ခင်မင်မှုအစစ်နဲ့ တုံ့ပြန် ခင်မင်ကြသူတွေပါသလို သူတို့ကြိုက်သလို ဆက်ဆံခွင့်ရနေလို့၊ အနိုင်ယူလို့ရနေလို့၊ လိုတဲ့အချိန်တိုင်း အချိန် မရွေးကူညီလုပ်ကိုင်ပေးမယ့်သူဖြစ်နေလို့ သူ့ကို ပေါင်းနေတဲ့သူတွေလည်း အများကြီးပါနိုင်ပါတယ်။

ကိုယ့်စိတ်စေတနာကို အသိအမှတ်ပြုတဲ့သူငယ်ချင်းများနေရင် ကိစ္စမရှိပေမဲ့ ကိုယ့်အနားဝိုင်းနေသူ တိုင်းဟာ ကိုယ့်စွန့်လွှတ်အနစ်နာခံမှုတွေကို အသုံးချချင်တဲ့သူတွေချည်းဖြစ်နေရင်တော့ အပေါင်းအသင်းများ နေတာကလည်း ကိုယ့်ဘဝအတွက် ဘာအကျိုးမှမဖြစ်စေတော့ပါဘူး။ သူတို့လိုတဲ့အရာတွေချည်း တောင်းဆို ခံနေရ၊ ဖြည့်ဆည်းပေးနေရတဲ့ ကိုယ့်ဘဝကလည်း ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။ လုပ်မပေးနိုင်တဲ့ အခါ ငြူစူခံရခြင်းအားဖြင့် စိတ်ဖိစီးမှုတောင် များလာနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးရှိတာ ကောင်းပါတယ်။ လူတိုင်းအပေါ် စိတ်ကောင်းထားတာလည်း ကောင်းပါတယ်။ ဒါပေမဲ့… အရာရာတိုင်းမှာ ဟန်ချက်ညီမှုဆိုတာ လိုအပ်တဲ့အတွက် လူတိုင်းအပေါ်မှာတော့ ကိုယ့်ဘက်ကချည်းအနစ်နာခံမပေါင်းသင်းလိုက်ပါနဲ့။ ကိုယ့်တန်ဖိုးကိုလည်း နားလည်အောင် ပြသပြီး ရေရှည် မှာ အပြန်အလှန်အလေးထားမှုရှိတဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးကိုသာ တည်ဆောက်သင့်ပါတယ်။

သင့်ဘဝမှာကော ပေါင်းသင်းဆက်ဆံရေးကြောင်းရခဲ့တဲ့ သင်ခန်းစာတွေရှိခဲ့ဖူးလား။