မိန်းကလေးတွေ လှလှပပလေးနေတာကို ဝေဖန်သင့်သလား။

blank

မိန်းကလေးတစ်ယောက် မိတ်ကပ်တွေ လိမ်း၊ နှုတ်ခမ်းနီဆိုးထားတာကို မြင်တယ်ဆိုရင် ပတ်ဝန်းကျင်က “ဟယ်… နင် ဒီလောက် ပဲများပြီး ဘယ်သွားမလို့လဲ။ ဘယ်သူက နင့်ကို ကြည့်နေမှာမို့လို့တုန်း။ စိတ်ဝင်စားတဲ့ ကောင်လေးတွေများတွေ့နေပြီလား။” လို့ စကြနောက်ကြတယ်။ သက်လတ်ပိုင်းမိန်းကလေးတွေဆိုရင်လည်း တွေ့တာနဲ့ တန်းအပြောခံရတာက “အရမ်းလှလာတယ်နော်။ ဘယ်တော့စားရတော့မလဲ၊ ဘယ်တော့ မင်္ဂလာဆောင်မလဲ” ဆိုတဲ့ စကားလုံးတွေမျိုးပေါ့။

ကျွန်မတို့တွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တချို့စံနှုန်းတွေနဲ့ အတွေးအခေါ်တွေက ဘာလို့များ မကောင်းနေရတာလဲ။ လူတစ်ယောက် လှလှပပနေတာက အိမ်ထောင်ပြုဖို့ အတွက်လား။ လှလှပပလေးနေတာက လူအကြည့်ခံရဖို့ ပဲများတယ်ပဲ ထင်ကြတာလား။ မိန်းကလေးတစ်ယောက် လှလှပပနေတာကို ပတ်ဝန်းကျင်က ဝေဖန်သင့်ရဲ့လားလို့ မေးချင်မိပါတယ်။
ကျွန်မတို့ မိန်းကလေးတွေ အလှဘယ်လောက်ကြိုက်လဲဆိုရင် အခု COVID-19 ဆိုတဲ့ရောဂါ ကြောင့် ကျွန်မတို့အားလုံး Mask တပ်ထားရပေမယ့် Mask အောက်မှာ နှုတ်ခမ်းနီဆိုးကြတာပဲ။ သူများတွေမှ မမြင်တာဆိုပြီး Mask အောက်မှာ နှုတ်ခမ်းနီမဆိုးပဲ နေလို့ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အလှပြင်ကြတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ကိုယ်တိုင်က လှချင်တဲ့စိတ်ရှိလို့ပဲလေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အခုဒီစာကိုဖတ်နေတဲ့သူတွေထဲမှာလည်း ကိုယ်ကိုယ်တိုင်က တခြားမိန်းကလေးတွေ လှနေတာကို ဝေဖန်တဲ့သူလား။ ဒါမှမဟုတ်ရင် လှလှပပနေတာကို လူကြီးတွေက ဝေဖန်တာခံရလို့ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့သူလား။ သင့်ကိုယ်သင် ပြန်ပြီးစဉ်းစား သုံးသပ်ကြည့်ပါ။ ဝေဖန်ခံရတဲ့သူတွေကလည်း ကိုယ်အလှပြင်တယ်ဆိုတာ ကိုယ့်အတွက်ကိုယ်လုပ်တာမို့ သူများတွေ ပြောလာတဲ့ စကားက ငါ့ကို မထိခိုက်စေရဘူးဆိုတဲ့ ခံယူချက်နဲ့ ရပ်တည်ပါ။ ဝေဖန်နေတဲ့သူတွေကလည်း သူများကိုပြောမယ့်အစား ကိုယ်ကိုယ်တိုင် လှချင်ရင် ကိုယ့်ကိုယ်ကိုယ်အလှပြင်ပြီးနေပါ။ သူများလှနေတာက ကိုယ့်အတွက် ဘာမှထိခိုက်စရာအကြောင်းမရှိတာမို့ မပြောသင့်ပါဘူး။

ဝမ်းနည်းဖို့ ကောင်းတာက ဒီလိုကိစ္စတွေမှာ ဝေဖန်တဲ့သူအများစုက အသက်အရွယ်ကြီးတဲ့ အမျိုးသမီးပိုင်းတွေပဲ ဖြစ်နေပြန်တယ်။ အမျိုးသမီးအချင်းချင်း လှောင်သလိုလို၊ စနောက်သလိုလို စကားမျိုးတွေ ပြောမယ့်အစား ပိုစာနာတဲ့ စကားမျိုး၊ ကောင်းမွန်တဲ့စကားမျိုး ပြောသင့်တယ်မဟုတ်လား။ မိန်းမသားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပိုကြင်နာမယ်။ တစ်ယောက်ကိုတစ်ယောက် ဝေဖန်တာတွေ လျှော့မယ်ဆိုရင် ပတ်ဝန်းကျင်က ပိုပြီး နေထိုင်လို့ ကောင်းတဲ့ နေရာလေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်ကောင်း တစ်ခု ဖြစ်လာဖို့ကလည်း တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်မဟုတ်လား။ သူတစ်ပါးကို ပြောသင့်တဲ့ စကားလား၊ မပြောသင့်တဲ့စကားလားဆိုတာကို ကိုယ့်ကိုယ်ကိုယ်ပဲ ဝေဖန်ပိုင်းခြားကြရအောင်နော်။