ကြမ်းကျွံရင် နုတ်လို့ ရပေမယ့် စကားကျွံရင် နုတ်လို့မရပါ။

blank

အချိန်အားဖြင့်ကတော့ ဇူလိုင်လရဲ့ ညဘက်အချိန်အခါလေးမှာပေါ့။ နွေရာသီစခန်းသွင်းလေ့ကျင့်တဲ့အဖွဲ့ထဲမှာ ပါရှိတဲ့ မိန်းကလေးတွေအားလုံးဟာ မြေပြင်ပေါ်မှာပဲ ပတ်ပတ်လည် ဝိုင်းဖွဲ့ထိုင်ရင်းနဲ့ စကားပြောနေကြတယ်။

အဲ့ဒီအချိန်မှာ အဖွဲ့ထဲက အကြံပေးမိန်းကလေးခေါင်းဆောင်တစ်ဦးက စတင်ပြီးတော့ စကားတစ်ခွန်းပြောလိုက်ပါတယ်။ သူပြောလိုက်တာကတော့ မိန်းကလေးတွေအားလုံးအနေနဲ့ ဒီနေ့တစ်နေ့တာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေထဲမှာ ရင်ဖွင့်ချင်တဲ့အကြောင်းအရာတွေရှိရင် ပြောကြည့်ပါ။ ဘယ်သူပြောချင်လဲလို့ မေးလိုက်တယ်။

အဲ့ဒီအခါမှာ မိန်းကလေးတစ်ယောက်က လက်ကလေးထောင်ပြီး သူ့ခံစားချက်လေးကို ပြောပြပါတယ်။ တခြားအဖွဲ့ထဲမှ မိန်းကလေးတစ်ယောက်ရဲ့ စကားအပြောအဆိုကြောင့် သူ ဒီနေ့ စိတ်ဆိုးခဲ့ရတယ်။ သူနာကျင်ခံစားရတယ်။ ဒါပေမဲ့ သူ့ကို စိတ်ဆိုးအောင်ပြောခဲ့တဲ့မိန်းကလေးက သူ့ကိုယ်သူတောင် သူပြောတဲ့စကားဟာစိတ်တိုစရာကောင်းမှန်းမသိဘူးဆိုတာကိုပါ ပြောပြခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အားလုံးက သူမခံစားချက်ကို နားထောင်ပြီး သူမကို နှစ်သိမ့်ကြတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ထဲက အကြံပေးမိန်းကလေးတစ်ဦးကတော့ ဘာမှမပြောသေးဘဲ ပစ္စည်းတစ်ခုခုကို သွားယူခဲ့တယ်။ သိပ်မကြာမီ လက်ထဲမှာ ပါလာတာကတော့ သွားတိုက်ဆေးဘူး တစ်ဘူးပါပဲ။

မိန်းကလေးတွေ အားလုံးရှေ့မှာ သွားတိုက်ဆေးဘူးထဲက သွားတိုက်ဆေးတွေကို ညစ်ထုတ်ပြတယ်။ ပြီးတော့ သွားတိုက်ဆေးတွေကို အဲ့ဒီဘူးထဲ ပြန်ထည့်ဖို့ ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ထည့်လို့မရတော့ဘဲ သွားတိုက်ဆေးတွေက ဘူးအဝမှာ ပိုပြီးပေပွသွားတယ်။ ပြီးတော့မှ မိန်းကလေးတွေအားလုံးကို သူမက ပြောပြပါတယ်။

“ကျွန်မ အခု လုပ်ပြလိုက်တဲ့အရာလေးကို အားလုံး သတိထားမိမှာပါ။ ဥပမာပေးရမယ်ဆိုရင်တော့ စကားလုံးတွေဆိုတာ အခုညစ်ထုတ်ပြလိုက်တဲ့သွားတိုက်ဆေးလိုပါပဲ။ သွားတိုက်ဆေးဘူးဆိုတာက ကျွန်မတို့စိတ်အတွင်းနဲ့ တူပါတယ်။ သွားတိုက်ဆေးဘူးထဲက သွားတိုက်ဆေးတွေ ပြန်ထွက်လာရင် ထပ်သွင်းဖို့ အဆင်မပြေတော့သလို ပြောပြီးသား စကားလုံးတွေ ပါးစပ်ထဲပြန်သွင်းဖို့ဆိုတာလည်း မလွယ်ကူပါဘူး။ ဒါကြောင့်မို့ ဒီညီမလေးရဲ့ အကြောင်းအရာလေးကို ဥပမာပြုပြီးတော့ စကားမပြောခင်မှာ ကျွန်မတို့အနေနဲ့ ကိုယ်ပြောမယ့်စကားကို သေချာစဉ်းစားသင့်ပါတယ်။ စကားလုံးတွေကို သေသေချာချာရွေးချယ် သုံးနှုန်းသင့်ပါတယ်” လို့ ပြောပြီး စကားဝိုင်းလေးကို အဆုံးသတ်လိုက်ပါတယ်။
———————–
ဒီအကြောင်းအရာလေးမှာ ပေးချင်တဲ့သင်ခန်းစာကတော့ ရှင်းရှင်းလေးပါပဲ။

သင့်အနေနဲ့ အောင်မြင်တဲ့ ဘဝတစ်ခုကို ရောက်ရှိချင်တယ်ဆိုရင် စကားပြောဆိုတတ်ခြင်းကလည်း လိုအပ်တဲ့ အခြေခံလူမှုရေး အချက်တစ်ခုပါပဲ။ လူတွေဟာ နေ့စဉ်နီးပါး သူတို့နှုတ်က ထွက်လာတဲ့ စကားလုံးတွေမှာ ဘယ်လောက်အင်အားကြီးမားမှုတွေ ရှိနေသလဲဆိုတာ သတိမထားမိကြပါဘူး။ စကားလုံးတွေဟာ လူတွေအတွက် စိတ်အင်အားဖြစ်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေလည်း ဖြစ်စေနိုင်ပါတယ်။ ကြမ်းကျွံသွားရင် နုတ်လို့ရပေမယ့် စကားကျွံသွားပြီးရင် နုတ်လို့ မရတော့ပါဘူး။

ဒါကြောင့်မို့ စကားမပြောခင်မှာ သေချာစဉ်းစားဖို့ လိုပါတယ်။ ဘာကြောင့် ဒီစကားကို ပြောမှာလဲ။ ပြောဖို့ အကျိုးရှိသလား။ မရှိဘူးလားဆိုတာ ဆန်းစစ်ပါ။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးတော့ ကိုယ်ပြောမယ့် စကားလုံး အသုံးအနှုန်းကို ရွေးချယ်တတ်ပါစေ။ စကားလုံးတွေက သင့်စိတ်သဘောထားနဲ့ အကျင့်စာရိတ္တ ဒါမှမဟုတ် သင့်အသိပညာကို ဖော်ပြနေတာမို့ သင်ပြောတဲ့ စကားလုံးတွေအတွက် သင်ကိုယ်တိုင် တာဝန်ယူနိုင်မှု ရှိပါစေ။