မိဘကအလိုလိုက်ချင်တိုင်းလိုက်ပြီး ဇနီးက လိမ်မာအောင် ထိန်းကျောင်းနိုင်လား။

blank

ကျွန်မအိမ်ထောင်ကျပြီးတဲ့နောက် ခင်ပွန်းအိမ်မှာ လိုက်နေခဲ့တယ်။ ကျွန်မခင်ပွန်းက သမီးတွေကြားထဲမှာ တစ်ဦးတည်းသော သားလေ။ အစ်မတွေကလည်း အလိုလိုက် မိဘကလည်း အလိုလိုက်ဆိုတော့ အိမ်ထောင်ကျပြီးတာတောင်ကလေးလိုပဲ ဆိုးနေတုန်းပါပဲ။

ကျွန်မက ကျွန်မခင်ပွန်းကို အလုပ်လုပ်စေချင်တယ်။ ကျွန်မက အိမ်ရှင်မတာဝန်တွေကို တစ်စတစ်စသင်ယူနေသလို သူ့ကိုလည်း သူ့မိဘရဲ့ ကုမ္ပဏီမှာပဲ ဖြစ်ဖြစ် ဝင်လုပ်စေချင်တယ်။ လက်ဖဝါးဖြန့်ရင် ငွေရနေတဲ့ ကျွန်မခင်ပွန်းကတော့ အလုပ်မလုပ်ချင်ဘူး။ တစ်နေကုန် လျှောက်လည်မယ်၊ သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်မယ်၊ ခရီးထွက်မယ်၊ ညနက်အောင် ဂိမ်းဆော့ပြီး နေမြင့်တဲ့အထိ အိပ်မယ်ဆိုတာ သူ့အလုပ်ပဲပေါ့။ အလုပ်လုပ်ခိုင်းဖို့ သူ့အမေကို ပြောကြည့်တော့လည်း “သားက စောစောစီးစီး အိမ်ထောင်ကျသွားလို့သာ အိမ်ထောင်သည်ဖြစ်သွားတာ သမီးရဲ့။ တကယ်တော့ သားက ငယ်ငယ်လေးရှိသေးတယ်”ဆိုပဲ။
မကြာခင်မှာ ကျွန်မတို့ သားလေးတစ်ယောက်ရခဲ့တယ်။ ကျွန်မအမြဲတမ်း သားနဲ့ပဲ အလုပ်ရှုပ်နေခဲ့တယ်။ ကျွန်မခင်ပွန်းကတော့ အရင်ကလို အပြင်ထွက်လည်၊ အပေါင်းအသင်းတွေနဲ့ အရက်သောက်တဲ့အခါလည်းသောက်ပေါ့။ အိမ်ကပ်တဲ့အချိန်မှာတောင် အရက်ကလေးတမြမြနဲ့ ဇိမ်ကျနေတတ်တယ်။ ကျွန်မလည်း သူ့ကို နားချကြည့်တယ်။ သားလေးလည်း ရောက်လာပြီဆိုတော့ အလုပ်လုပ်ဖို့၊ အရက်ဖြတ်ဖို့ စည်းရုံးရတာပေါ့။ သူ့ရဲ့အမေကို ဆုံးမပေးဖို့ တိုင်ပင်တော့ သူ့အမေက “ယောက်ျားပဲ တစ်ခါတလေသောက်သောက်စားစားတော့ ရှိမှာပေါ့” ဆိုတဲ့ စကားကို သူ့သားရှေ့မှာပဲ ပြောပါတယ်။ “အလုပ်လုပ်ဖို့ပဲ တွင်တွင်ပြောမနေနဲ့ အန်တီတို့ စည်းစိမ်တွေက ညည်းနဲ့ ညည်းသား တစ်သက်စားမကုန်ဘူး” တဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မလည်း အရာရာကို စိတ်ကုန်လာပြီး ကျွန်မရဲ့ အချိန်တွေကို သားဆီမှာပဲ မြှပ်နှံထားလိုက်တော့တယ်။ တစ်နေ့မှာ ကျွန်မအပြင်က ပြန်လာတော့ အိမ်မှာ ဆူညံနေခဲ့တယ်။ ကျွန်မရဲ့ ခင်ပွန်းက လူမှန်းသူမှန်းမသိလောက်အောင် အရက်မူးပြီး ရန်ဖြစ်လို့ ရဲစခန်းရောက်သွားတယ်တဲ့လေ။ ကျွန်မခင်ပွန်းကို အာမခံနဲ့ရွေးလာပြီး ဆူကြပူကြပြီးတဲ့နောက်မှာ သူတို့အားလုံးရဲ့ စကားနောက်ဆုံးစကားကတော့ “မိန်းမကမှ အထိန်းအသိမ်းမတတ်တာ” တဲ့။

အဲ့ဒီနောက်ပိုင်း ကျွန်မခင်ပွန်းဟာ အားလုံးရဲ့ အငြိုငြင်ခံဘဝကို ရောက်လာခဲ့တယ်။ အရက်စွဲနေတဲ့သူကိုဖြတ်ပေးဖို့၊ လမ်းမှန်ရောက်အောင် ပြောမပြဘဲ အချိန်တိုင်း ကျွန်မကိုပဲ အပြစ်တင်နေခဲ့ကြတယ်။ ထမင်းစားဝိုင်းထဲမှာလည်း “မိန်းမဆိုတာ ယောက်ျားကို ထိန်းသိမ်းနိုင်မှ ယောက်ျားကိုလိမ္မာအောင် ပြုပြင်နိုင်မှ” ဆိုတဲ့စကား “ဧည့်သည်လာရင်လည်း သားကမိန်းမရပြီးမှ ပျက်သွားတာ၊ အစက လိမ္မာတယ်”ဆိုပဲ။

ကျွန်မခင်ပွန်းက ကျွန်မနဲ့သားလေးတော့ချစ်ရှာပါတယ်ဆိုတဲ့ အကြောင်းလေးတစ်ခုနဲ့ပဲ အချိန်တိုင်းမှာ စိတ်ဆင်းရဲနေရတဲ့ ဒီအိမ်ထောင်ရေးကို ကျွန်မဖက်တွယ်ထားရတော့မှာလား။