“ ဘဝမှာ မျှော်လင့်ချက်တွေ ထင်သလိုမဖြစ်လာတဲ့အခါ”

blank

လောကကြီးမှာ မမျှော်လင့်ထားတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်ပါတယ်။ သင့်ဘဝမှာ သင်မလိုချင်တဲ့အရာတွေ ဖြစ်ပျက်လာရင် ဘဝကြီးက စိတ်နှလုံး မချမ်းမြေ့ ဖွယ်ရာတွေပဲ ရှိနေတယ်လို့ ခံစားရလိမ့်မယ်။

ဥပမာ – သင်အချစ်ရဆုံးလူတစ်ယောက် သင့်ဘဝထဲက ထွက်ခွာသွားတာမျိုး၊ ဒါမှမဟုတ် သင်အရမ်းမျှော်လင့်ထားတဲ့ ကိစ္စတွေက အကြောင်းကြောင်းကြောင့် ပျက်စီးသွားတာမျိုးတွေပေါ့။ အဲ့ဒီအခါမျိုးမှာ ရှေ့ဆက်ရမယ့်နေ့ရက် တွေအတွက် ခွန်အားမရှိတော့တာမျိုး၊ စိတ်ကုန်သွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ စိတ်ဓာတ်ကျဝမ်းနည်းနေတဲ့အချိန်မှာ အမှောင်ထုကြီးထဲ ရောက်သွားသလို ခံစားရပါလိမ့်မယ်။

အဲ့ဒီလိုအချိန်မျိုးမှာ သင့်အနေနဲ့ စိတ်ထဲမှာ ဒါလည်းပြီးသွားမှာပဲ။ အဆင်ပြေသွားမှာပါလို့ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်အားပေးစေချင်တယ်။ စိန်ခေါ်မှုတွေ၊ ပြဿနာမျိုးစုံတွေက သင့်ဘဝထဲကို ထပ်တလဲလဲရောက်ရှိလာတဲ့အခါ သင်ပဲ ကံမကောင်းဘူးလို့ ထင်နေပါလိမ့်မယ်။ တကယ်တော့ ဒါဟာ သင်တစ်ယောက်တည်း ကြုံနေရတာမဟုတ်ပါဘူး။ လူတိုင်းက ဘဝရဲ့ စမ်းသပ်မှုကို ခံနေကြရတာပါ။ ဒါကြောင့်မို့   ဘဝမှာ ဖြစ်ပျက်လာတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာအနေနဲ့ သင်ယူပြီး ရှေ့ဆက်ပါ။ ဘဝသင်ခန်းစာတွေက သင့်ကို ရင့်ကျက်စွာ နေထိုင်တတ်အောင် သင်ကြားပေးပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပြီးတော့ ဆိုးဝါးတဲ့အရာတွေ သင့်ဘဝမှာ ဖြစ်ပျက်လာတဲ့အခါ သင်ဘာဆက်လုပ်မလဲ။ သင်လဲကျသွားမှာလား။ ပြိုလဲသွားမှာလား။ ဒါမှမဟုတ်ရင် ဒါတွေကို သတ္တိရှိရှိ ရင်ဆိုင်ဖြေရှင်းမှာလား။ အဖြေကတော့ သင့်ရဲ့လက်ထဲမှာပဲ ရှိပါတယ်။

ဘယ်လောက်ဆိုးဝါးတာတွေပဲ ဖြစ်ခဲ့၊ ဖြစ်ခဲ့ ဘဝကြီးကို ရှေ့ဆက်သွားဖို့ လှမ်းနေတဲ့ ခြေလှမ်းတွေကို မရပ်တန့်လိုက်ပါနဲ့။ တွန့်ဆုတ် တွေဝေမနေပါနဲ့။ ဆိုးခဲ့တာတွေ ဖြစ်ပြီးရင် ကောင်းဖို့အတွက် ခြေတစ်လှမ်းကနေ ပြန်စတင်ရတာပဲဆိုတာကို သတိရပါ။ အခြားတစ်ယောက်ရဲ့ရှေ့မှာ ပြိုလဲကျရှုံးတာမျိုးမဖြစ်ဘဲ ရင်ကိုကော့၊ ခါးကိုမတ်ပြီး လမ်းဆက်လျှောက်ပါ။

သင်ဖြစ်ချင်တာတွေ မဖြစ်လာခဲ့ရင်၊ သင်စီစဉ်ထားခဲ့တာတွေ ဘဝမှာ လွဲချော်သွားခဲ့ရင်၊ မျှော်လင့်ချက်တွေ ထင်သလိုမဖြစ်လာခဲ့ရင် ဘယ်တော့မှ သင့်ကိုယ်ကိုယ် အပြစ်တင်ပြီး သင့်ဘဝလမ်းကြောင်းကို ပိတ်ဆို့လိုက်တဲ့သူမဖြစ်ပါစေနဲ့။ မေးခွန်းရှိရင် အဖြေဆိုတာ ရှိတာမို့ ဘယ်အရာမဆို ဖြေရှင်းနိုင်မှာပါ။ ဘယ်လောက်ပဲ မှောင်မိုက်နေတဲ့အခန်းထဲရောက်နေပါစေလေ။ အလင်းထဲကိုရောက်ဖို့ ထွက်ပေါက်တစ်ခုဆိုတာ ရှိပါတယ်။ လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ။ သင့်ကိုယ်သင်ယုံကြည်ဖို့ သင့်ကိုယ်သင်ပြန်အားပေးပါ။ ဆုံးရှုံးနာကျင်ရခြင်းရဲ့တစ်ဖက်ခြမ်းမှာလည်း ကောင်းဖို့ဖြစ်လာတဲ့အရာတွေရှိတယ်လို့ မှတ်ယူပါ။

ဘဝဆိုတာ တိုက်ခိုက်နိုင်မှ ရှင်သန်မယ်လေ။ ဘဝဆိုတဲ့ တိုက်ပွဲကို အနိုင်ရဖို့အတွက်၊ မျှော်လင့်ထားတာတွေ ဖြစ်လာနိုင်ဖို့အတွက် အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်ရှိနေသရွေ့ ကျွန်တော်တို့တွေ အနိုင်ရမှာပါ။