အိမ်ထဲမှာပဲနေရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မခံရဘူးတဲ့လား။

blank

ကျွန်မက ချမ်းသာတဲ့ မိသားစုတစ်ခုရဲ့ သမီးငယ်တစ်ယောက်ပေါ့။ အားလုံးကတော့ ကျွန်မတို့အိမ်က ဂုဏ်သရေရှိအသိုင်းအဝိုင်းကလို့ ပြောကြတယ်။ ကျွန်မရဲ့အစ်ကိုရယ်၊ မေမေဖေဖေရယ်က ကျွန်မကို တုန်နေအောင်ချစ်ကြတယ်။ ဘဝမှာ တလိုက်ရုံနဲ့ အရာရာက အရှေ့ကိုရောက်လာခဲ့တယ်။ ကြည့်လိုက်ရင်တော့ ကျွန်မဘဝက အားကျစရာ အတိပါပဲ။

ငယ်ငယ်ကတည်းက ကျွန်မမိသားစုက ကျွန်မကို အရိပ်တကြည့်ကြည့်ရှိခဲ့ကြတယ်။ သူငယ်ချင်းတွေစုထွက်တဲ့ ခရီးတွေ၊ ဆရာမခေါ်သွားတဲ့ လေ့လာရေးခရီးတွေ ဘယ်တုန်းကမှ လိုက်ပါခွင့်မရခဲ့ဘူး။ အားလပ်ရက်တွေမှာ စန္ဒယားတီးလိုက်၊ ပန်းချီဆွဲလိုက်နဲ့ အိမ်ထဲမှာနေခဲ့ရတယ်။

ကျွန်မက အခု အသက် ၂ဝ ရောက်ပြီ။ ရုပ်ရည်၊ ပညာအရည်အချင်း၊ နောက်ခံအသိုင်းအဝိုင်း ဘာမှ ပြောစရာမလိုတဲ့ ကျွန်မကို ချဉ်းကပ်လာတဲ့ ယောက်ျားသားတွေက အများသား။ တချို့တွေဆိုရင် ကျွန်မနှလုံးသားကလည်း လက်ခံချင်တယ်။ ကျွန်မကိုတကယ်ချစ်တယ်ဆိုတာကို ခံစားမိသလို ငြင်းဖို့ အကြောင်းပြချက်သိပ်မရှိတဲ့သူတွေပေါ့။ ဒါပေမဲ့ ကျွန်မဦးနှောက်က လက်မခံသလို ကျွန်မရဲ့ စိတ်ဒဏ်ရာတွေကလည်း ခွင့်မပြုဘူး။ အဲ့ဒီလောက် ပြည့်စုံနေတဲ့ ကျွန်မဘဝမှာ ဘယ်လိုစိတ်ဒဏ်ရာတွေရှိနေတာလဲ။ ဘယ်သူကပေးခဲ့တာလဲ သိလား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မအသက် ၁၂ နှစ်လောက်ကပေါ့။ မေမေ့မိတ်ဆွေဦးလေးကြီးတစ်ယောက်ရှိတယ်။  ကလေးချစ်တတ်တဲ့ ဦးလေးကြီးဟာ ကျွန်မတို့မောင်နှမရဲ့ အသည်းကျော်ပေါ့။ ထိပ်တန်းစီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်တယ်ဆိုပေမယ့်လည်း ကျွန်မတို့မောင်နှမအတွက်တော့ ကစားဖော်ပေါ့။

တစ်ရက်မှာ ဦးလေးကြီးရောက်လာတော့ ကျွန်မတီဗွီကြည့်နေခဲ့တယ်။ မေမေဖေဖေတို့က အိမ်မှာမရှိတဲ့အချိန်ပေါ့။ ဦးလေးက ကျွန်မကို သူ့ကိုယ်ပေါ်ထိုင်ခိုင်းတယ်။ ပြီးတော့ သူ့ရဲ့ယောကျာ်းအင်္ဂါနဲ့ ကျွန်မတင်ပါးအနောက်ကို ပွတ်သပ်နေခဲ့တယ်။ စူဖြိုးစပြုလာတဲ့ ကျွန်မရဲ့ရင်သားတွေကို ပွတ်သပ်နေပြီး ကျွန်မနှုတ်ခမ်းတွေကို လာနမ်းတယ်။ သူကျွန်မကိုဘာလုပ်နေတာလဲဆိုတာကို ကျွန်မမသိပေမယ့် အသက်ရှူလို့မကောင်းတာ၊ နေလို့မကောင်းတာတော့ အသေအချာပါပဲ။ မေမေတို့ရောက်လာသံကြားတော့ သူက ရပ်လိုက်တယ်။

အဲ့ဒီအဖြစ်အပျက်ကြီးဟာ တစ်ခါနှစ်ခါနဲ့ ပြီးမသွားပါဘူး။ စန္ဒယားတီးနေတုန်း အနောက်ကနေ သိုင်းဖက်ပြီးကိုင်တာ၊ စာကျက်နေရင်းလာကိုင်တာတွေကို လစ်ရင်လစ်သလို ကျွန်မကို အဲ့ဒီလိုတွေ လာလုပ်ဆဲပါပဲ။ ကျွန်မသူ့ရဲ့အပြုအမူတွေကို ဘယ်လိုတွန်းကန်ရမလဲ မသိခဲ့ဘူး။ ဘာကိုကြောက်မှန်းမသိကြောက်နေဆဲပါပဲ။ တစ်ရက်မှာတော့ ကျွန်မအားမွေးပြီး မေမေ့ကို ပြောပြခဲ့တယ်။ မေမေက ဘယ်သူ့ကိုမှမပြောနဲ့လို့ပြောပြီး အဲ့ဒီဦးလေးကြီးကို တိုးတိုးတိတ်တိတ်ဆုံးမလိုက်ပါတယ်။

ဦးလေးကြီးက ကျွန်မကိုအဲ့ဒီလိုတွေ မလုပ်တော့ဘူး။ အိမ်ကိုတော့ လာဆဲ။ မေမေနဲ့လည်း ရယ်ရယ်မောမောစကားတွေပြောဆဲ။ လူကြီးလူကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ဆဲပါပဲ။ ကျွန်မကသာ အခုထိ အိပ်ရင်းလန့်နိုးတုန်း၊ တစ်ခါတလေရေချိုးနေရင်း ငိုနေတုန်း၊ တစ်ယောက်ယောက်က ချစ်ခွင့်ပန်တိုင်း အကြောက်အကန် ငြင်းမိတုန်းပါ။ မေမေဖေဖေတို့က အပြင်မထွက်ရဘူး။ မိန်းကလေးဆိုတာ အိမ်ထဲမှာပဲ လုံခြုံတယ်လို့ပြောတိုင်း ကျွန်မမဲ့ပြုံးပြုံးမိတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့သူက အိမ်ထဲရောက်နေတဲ့လူကော မဖြစ်နိုင်ဘူးလား။