တချို့လူတွေက ချီးမွမ်းခံရတာကို ဘာကြောင့်မုန်းကြတာလဲ။

စာချစ်သူတို့ရေ…

တကယ်တော့ ချီးကျူးစကားတို့၊ ချီးမွမ်းစကားတို့ဆိုတာ ပြောသူကော၊ လက်ခံရသူအတွက်ပါ အပြုသ ဘောဆောင်တဲ့ စကားလုံးလေးတွေပါ။ ဒါပေမဲ့ ချီးကျူးစကားဆိုခံရသူတိုင်းကတော့ ပျော်ရွှင်ကျေနပ်သွားကြ တာမဟုတ်ပါဘူး။ တချို့လူတွေဟာ ချီးကျူးစကားကြောင့် မနေတတ်မထိုင်တတ်ဖြစ်သွားပြီး စိတ်လည်း သက် တောင့်သက်သာ မရှိတော့ပါဘူး။ အဆိုးဆုံးအနေနဲ့ စိတ်ဖိစီးမှုတွေပါ ဖြစ်သွားတတ်ကြပါတယ်။

ဒါဟာ ဘာကြောင့်လဲ။ ချီးကျူးစကားတွေဟာ တချို့လူတွေအတွက် ဘာကြောင့် လက်ခံဖို့ ခက်ခဲစရာ ဖြစ်ကြတာလဲ။

သုတေသီတွေကတော့ လေ့လာတွေ့ရှိမှုအရ ချီးကျူးစကားလက်ခံဖို့ ခက်ခဲသူတွေမှာ အဲ့ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းများစွာ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံမှာ အဲ့ဒါက လူမှုဆက်ဆံရေးဆိုင်ရာ စိတ်ပူပန် မှုနဲ့လည်း ဆက်စပ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတဲ့ ခံစားမှုကြောင့် ဖြစ်နိုင်သလို၊ ဘဝတ လျှောက်မှာ အပြုသဘောဆောင်တဲ့ချီးကျူးစကားတွေ၊ ကျေးဇူးတင်ခံရခြင်းတွေကို မတွေ့ကြုံမခံစားခဲ့ရဖူးတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကိုယ်မနှစ်သက်တဲ့သူ၊ ကိုယ်မုန်းတီးနေသူက ကိုယ့်ကို ချီးကျူးစကား ဆိုလာတဲ့အခါ အဲ့ဒီလူရဲ့စကားအပေါ် ယုံကြည်ဖို့ ခက်ခဲတာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ တချို့လူတွေ ကျတော့ အဲ့ဒီလိုအပြုသဘောဆောင်တဲ့စကားတွေ၊ ချီးကျူးခံရမှုတွေနဲ့ ထိုက်တန်သူတွေ မဟုတ်ဘူးလို့ သူတို့ ကိုယ်သူတို့ ယူဆကြတဲ့အတွက် တခြားသူတွေရဲ့ချီးကျူးစကားကို အလွယ်တကူလက်မခံတတ်ကြတော့တာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူတို့တွေပဲ မဟုတ်ပါဘူး။ သာမန်လူတွေမှာလည်း ချီးမွမ်းစကားဆိုခံရတဲ့အခါ တစ်ခါတစ်ရံ မနေတတ် မထိုင်တတ်ဖြစ်သွားတတ်တာ ရှိပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် သူတို့ချီးကျူးစကားနဲ့ထိုက်တန်တယ် လို့ မသေချာမရေရာသလို ခံစားနေရတဲ့အချိန်မျိုးမှာပါ။ အဲ့ဒီလိုအခြေအနေမျိုးမှာဆိုရင် အချိန်မြန်မြန်ယူပြီး အ သက်ဝဝရှူလိုက်ပါ။ အသက်ရှူလိုက်တဲ့ စက္ကန့်ပိုင်းလေးကို အသုံးချပြီး ချီးကျူးစကားအတွက် အကောင်းဆုံး တုံ့ပြန်မှုတစ်ခုကို ဖန်တီးပါ။ ဥပမာ- ချီးကျူးခံရတဲ့အခြေအနေအပေါ် မူတည်ပြီး “ ဟုတ်ကဲ့။ အဲ့ဒီအတွက် ကျွန်မ တကယ်အလုပ် ကြိုးစားခဲ့တာပါ။ ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာပါတယ်” ဆိုတာမျိုး၊ “ ကျွန်မအင်္ကျီ အရောင်လေးကြိုက်တယ်ဆိုလို့ ကျေးဇူးပါ ” ဆိုတာမျိုး လိုက်လျောညီထွေတုံ့ပြန်လို့ရပါတယ်။ ချီးကျူးစကားကို ရုပ်ပျက်ဆင်းပျက်ငြင်းပယ်လိုက်တာထက်စာရင် လက်ခံဖို့ကြိုးစားပြီး တုံ့ပြန်လိုက်တာက အများကြီးပိုကောင်းပါတယ်။ စကားတိုတိုနဲ့ ချိုချိုလေးတုံ့ပြန်တာက အကောင်းဆုံးပါပဲ။ တကယ်လို့ ကိုယ်တုံ့ ပြန်မယ့်စကားက သိပ်အဆင်မပြေဘူးလို့ သံသယဖြစ်နေရင် “ ကျေးဇူးပါ” ဆိုတဲ့စကားကိုသာ ပြန်ပြောလိုက်ပါ။

တကယ်တော့ ချီးမွမ်းစကားကိုလက်ခံခြင်းဟာ ချီးမွမ်းသူကို စိတ်ချမ်းသာခွင့်ပေးဖို့ အခွင့်အရေးတစ်ခု လည်းဖြစ်ပါတယ်။ ဒါကြောင့် ချီးကျူးစကားက ရိုးသားမှုရှိတယ်လို့ ခံစားမိတာနဲ့အမျှ အသိအမှတ်ပြုပြီး အကောင်းဆုံး လက်ခံတတ်အောင် ကြိုးစားသင့်ပါတယ်။

သင်ကော ချီးကျူးစကားဆိုခံရတဲ့အခါ ဘယ်လိုတုံ့ပြန်တတ်သူလဲ။