“ သင့်ဘဝကို ပြောင်းလဲပေးနိုင်မယ့် အကြံ (၃)ခု ”

blank

တစ်ခါတုန်းက လူတစ်ယောက်ဟာ တောအုပ်တစ်ခုထဲကို ဝင်လာခဲ့ပါတယ်။ အဲ့အချိန်မှာ ထူးခြားတဲ့ ငှက်တစ်ကောင်ကိုတွေ့ပြီး အဲ့ဒီငှက်ကို သိပ်ကိုလိုချင်သွားတော့တယ်တဲ့။ သူဟာ ငှက်ကလေးအနားကို တိတ်တိတ်လေးသွားခဲ့ပြီး ဖမ်းလိုက်တယ်။ အဲ့ဒီအခါမှာ ငှက်ကလေးက “ကျွန်တော့်ကို လွှတ်ပေးပါ။ သင့်ဘဝကို ပြောင်းလဲနိုင်တဲ့ တန်ဖိုးရှိတဲ့အကြံဉာဏ်တွေပေးမယ် ” လို့ပြောသတဲ့။ သူကတော့ စကားပြောတတ်တဲ့ငှက်ကလေးကိုကြည့်ပြီး အံ့သြနေတာပေါ့။ ငှက်ကလေးက  “ကျုပ်ကို လွတ်ပေးပြီးတာနဲ့ ပထမဆုံးအကြံဉာဏ် ပေးမယ်။ သစ်ကိုင်းတစ်ခုပေါ် ကျုပ်နားပြီးတာနဲ့ ဒုတိယအကြံပေးမယ်။ သစ်ပင်ရဲ့ အမြင့်ဆုံးနေရာကို ရောက်သွားတဲ့အခါမှာ နောက်ဆုံးအကြံဉာဏ်ကိုပြောပြပါမယ်။”  လို့ ပြောသတဲ့။ လူကြီးကလည်း သဘောတူလိုက်ပြီး ငှက်ကလေးကိုလွှတ်ပေးလိုက်သတဲ့။ သူ့လက်ကနေ လွတ်လွတ်ချင်းမှာပဲ ပထမဆုံးအကြံဉာဏ်ကို ပြောပြပါတယ်။

သင်အတိတ်ကမှားခဲ့ဖူးတဲ့အရာတွေအတွက် နောင်တတွေနဲ့ သင့်ကိုယ်သင် မနှိပ်စက်ပါနဲ့။ ဝန်မပိပါစေနဲ့။ မလောင်ကျွမ်းစေပါနဲ့။

လူကြီးဟာ ငှက်ကလေးရဲ့ အကြံဉာဏ်ကို သိပ်တော့နားမလည်ပါဘူး။ ငှက်ကလေးကတော့ ပထမစကား ပြောပြီးတာနဲ့ သစ်ကိုင်းတစ်ကိုင်းပေါ် ပျံတက်သွားပြီး ဒုတိယစကားတစ်ခွန်းကို ထပ်ပြောတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မျက်မြင်သက်သေမရှိဘဲ၊ သင်ကိုယ်တိုင်မကြုံရဘဲနဲ့ တခြားစကားတွေနဲ့ ဘယ်အရာကိုမှ၊ ဘယ်သူ့ကိုမှ မယုံလိုက်ပါနဲ့။

ပြီးတော့ ငှက်ကရယ်မောပြီး သစ်ပင်ထိပ်ပေါ်သို့ ပျံတက်သွား ပြီး ဆက်ပြောပါတယ်။

“ တကယ်တော့ ငါ့ကိုယ်ခန္ဓာထဲမှာ ကြီးမားတဲ့ ကျောက်မျက်ရတနာနှစ်ခုရှိတယ်။ ကျုပ်ကို သင်မလွှတ်ပေးခဲ့ဘူးဆိုရင် သင်သူဋ္ဌေးဖြစ်ပြီ”လို့ပြောလိုက်ချိန်မှာ  “ ငါတော်တော်မိုက်မဲပါလား ” လို့ ရေရွတ်မိလိုက်တယ်။ ပြီးတော့ “ကဲ … ငှက်ကလေးရေ နောက်ဆုံးကျန်တဲ့ အကြံဉာဏ်ကို ထပ်ပြောပါတော့ ” လို့ ပြောလိုက်တယ်။

အဲ့ဒီအခါကျမှ ငှက်ကလေး ဘာပြောလဲဆိုရင် “ သင့်ကို စမ်းသပ်ခဲ့တာကို ဘာလို့ ခုထိ သဘောမပေါက်ရသေးတာလဲ။ ပထမစကားက သင်ငါ့ကို လွှတ်ပေးခဲ့တဲ့အတွက် နောင်တမရပါစေနဲ့လို့ ပြောချင်တာပဲ။ ဖြစ်ပျက်ခဲ့ပြီးတဲ့အရာကို နောင်တမရဘဲ သင်ခန်းစာသင်ယူတတ်ရမယ်လေ။ ဒုတိယစကားပြောတုန်းကလည်း သင်ဘယ်သူ့ကိုမှ မယုံပါနဲ့လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သင် ကျုပ်ကို ယုံခဲ့တယ်။ ကျုပ်လိုသေးငယ်တဲ့ ငှက်ရဲ့ကိုယ်ထဲမှာ ရတနာပစ္စည်းတွေ ရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီအဖြစ်အပျက်တွေအားလုံးက သင့်အတွက်ပေးချင်တဲ့ တတိယစကားပဲ။ သင်ဆင်ခြင်သုံးသပ်သင့်တယ်။ ”

သင်ဟာ သင်သိခဲ့ရတာတွေနဲ့တွေ့ကြုံခဲ့ရတာတွေကို အသုံးမချဘဲ သင်မသိရသေးတဲ့အရာတွေကို အသုံးချဖို့ ကြိုးစားနေရင်တော့ သင်ဟာအမှတ်မရှိတဲ့သူပါပဲ။

ငှက်ကပြောပြီးအဝေးကို ပျံသန်းသွားခဲ့ပါတယ်။ အဲ့ဒီလူကတော့ တွေးစရာတွေ အများကြီးနဲ့ ကျန်ခဲ့တော့တာပေါ့။ သင်ကောတွေးစရာတွေ ရသွားလား။ မျှဝေပေးခဲ့ပါဦး။