သင့်ကိုယ်သင်ချစ်ရင် ခွင့်လွှတ်လိုက်ပါ။

blank

မရည်ရွယ်ဘဲပြုလုပ်လိုက်မိတဲ့ အမှားတစ်ခုခုကြောင့် သင့်ကိုယ်သင် အပြစ်တင်ခဲ့မိဖူးလား။ ဒါဆိုရင် သင့်ဝန်းကျင်၊ သင်သိသမျှလူအားလုံးကလည်း လုံးဝအမှားကင်းစင်သူတွေချည်းပဲလား။ သူတို့မှာလည်း သင်သိတဲ့အမှားကော၊ သင်မသိလိုက်တဲ့အမှားတွေပါရှိနေဖူးကြတယ်ဆိုရင်တော့ သင်လည်း သင့်ကိုယ်သင် ခွင့်လွှတ်လိုက်ဖို့လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ခွင့်မလွှတ်နိုင်ခြင်းဆိုတာ ပျော်ရွှင်ခြင်းကို ဟန့်တားထားတဲ့ အရာမို့ပါ။ ခွင့်လွှတ်လိုက်နိုင်တဲ့အခါ အောက်ပါကောင်းကျိုးတွေကို သင်ရရှိမှာပါ။

၁။ စိတ်သက်သာရာရခြင်း

ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်ခြင်းနဲ့နေထိုင်ရတဲ့ဘဝဆိုတာ အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ်လဲကျအောင် ရိုက်နှက်နေတဲ့အရာနဲ့တူပါတယ်။ ဘဝတိုတိုလေးမှာ အမှားတွေကို မြန်မြန်ပြင်ဆင်ပြီး လျှောက်လှမ်းတာ အ ကောင်းဆုံးမို့ သင့်ကိုယ်သင် သင့်အတိတ်အမှားရဲ့ အကျဉ်းသားဘဝကနေ လွတ်မြောက်ခွင့်ပေးလိုက်ပါ။

၂။ သင့်တန်ဖိုးကို ပြန်ရရှိခြင်း

သင်လည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် အမှားနဲ့မကင်းတာ သဘာဝကျပါတယ်။ အမှားထဲမှာ ဆက်နေနေရုံနဲ့ သင့်မူလတန်ဖိုးကို ပြန်မရနိုင်ပါဘူး။ သင့်ကိုယ်သင်ခွင့်လွှတ်ပြီး ပြန်တည်ဆောက်မှ သင့်တန်ဖိုး ကို ပြန်ရရှိမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ နာကျင်မှုတွေသက်သာခြင်း

တခြားသူတွေကို ခွင့်လွှတ်လိုက်ရင်တောင် သင့်ပူလောင်မှုတွေ ပြန်ငြိမ်းအေးသွားပါတယ်။ သင့်ကိုယ် သင်ခွင့်လွှတ်ခြင်းက အနာကျက်ခြင်းအပါအဝင် ငြိမ်းအေးတဲ့အကျိုးကျေးဇူးများစွာကို ရရှိစေပါတယ်။

၎။ တိုးတက်ခြင်း

“အားနည်းတဲ့သူတွေဟာ ဘယ်တော့မှ ခွင့်မလွှတ်တတ်ကြဘူး။ ခွင့်လွှတ်ခြင်းဆိုတာ ကြံ့ခိုင်သူတွေရဲ့ သဘောထားတစ်ခုပါ ” လို့ ဂန္ဓီက ပြောခဲ့ဖူးပါတယ်။ လူဆိုတာ အမြဲတမ်းသန်မာနေဖို့မလိုပေမဲ့ တိုးတက်ဖို့ တော့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်တော့မှ မရပ်ပစ်သင့်ပါဘူး။ သင့်ကိုယ်သင်ခွင့်လွှတ်လိုက်ပါ။

သင်ကော သင့်ကိုယ်သင်ခွင့်လွှတ်တတ်ပြီလား။