ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်မိနေပြီလား။

blank

ကိုယ့်ဘဝကို တိုးတက်စေနိုင်မယ့်အရာတစ်ခုခုကို လုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပြီး ဖျက်ခဲ့တာ ဘယ်နှခါရှိပြီလဲ။

ဒီတစ်ခါတော့ အတည်ပါလို့ကော ကိုယ့်ကိုယ်ကိုယ် ဘယ်နှခါ လိမ်ခဲ့ပြီးပြီလဲ။

အကျင့်တစ်ခုလုပ်တယ်။ ဒါပေမဲ့ ဆယ်ရက် တစ်ပတ်လောက်ကြာတာနဲ့ နဂိုဒုံရင်း ဒုံရင်းအတိုင်းပြန်ဖြစ်သွားတယ်။ ဒီလိုနဲ့ သံသရာလည်နေတာကော ဘယ်လောက်ကြာခဲ့ပြီလဲ။

လူအတော်များများဟာ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်ရင်းနဲ့ပဲ အရွယ်ရောက်လာခဲ့တယ်။ တစ်စုံတစ်ခုကို စတင်လိုက်တယ်။ ဒါပေမဲ့ ဘယ်တော့မှ အဆုံးမသတ်နိုင်ဘူး။ အဆုံးထိလုပ်ဖို့လည်း ဆန္ဒမရှိတော့ဘူးလေ။ ကိုယ့်စိတ်ချမ်းသာမှုရနိုင်ဖို့ ဦးစားပေးခဲ့တယ်ဆိုတာ မရှိကြသလောက်ပါပဲ။ အမြဲတမ်း ကိုယ့်စိတ်ဆန္ဒတွေကို လျစ်လျူရှုခဲ့တယ်။ စတေးခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အခုချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်နေတာတွေကို ရပ်တန့်ပြီး ကိုယ့်ကိုယ်ကိုယ် ဦးစားပေးကြည့်ပါ။ တစ်ရက်စီတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကတိတစ်ခုပေးပြီး တည်အောင်ကြိုးစားပါ။ ဘယ်လောက်သေးငယ်တဲ့ ကတိလေးပဲဖြစ်ဖြစ်ပေါ့။ ဒီလိုအသေးအဖွဲကတိလေးတွေ တည်အောင် ကြိုးစားခြင်းက တဖြည်းဖြည်းနဲ့ စိတ်ရှည်သည်းခံနိုင်မှုကို တည်ဆောက်ပေးနိုင်ပါလိမ့်မယ်။ ဥပမာ- ညဖက်စောစောအိပ်ခြင်း။ တစ်လကြာလို့ ညဖက်စောစောအိပ်တဲ့အကျင့်ရသွားပြီဆိုရင် နောက်ကတိအသစ်တစ်ခု အိမ်မှာပဲ ချက်ပြုတ်စားသောက်ခြင်းပေါ့။ ဒီကတိကိုပါ ဖြစ်မြောက်လာနိုင်ပြီဆိုရင်တော့ နေ့စဉ်ဖြစ်ပျက်သမျှတွေကို စာအုပ်ထဲမှာပဲ ချရေးခြင်း စသဖြင့်တစ်ခုစီလုပ်သွားပါ။

အိမ်တစ်အိမ် ရေရှည် တည်တံ့နိုင်ဖို့အတွက် အောက်ခြေအုတ်မြစ်ကို ကောင်းကောင်းတည်ဆောက်ရသလိုပါပဲ။ လူဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရပါတယ်။

နာကျင်တယ်။ ကြောက်စရာလည်းကောင်းတယ်။ ဒါပေမဲ့ ကိုယ်ကြိုးစားရင် ကြိုးစားသလို ဖြစ်လာပါလိမ့်မယ်။

ဒီလို အသေးအဖွဲကတိလေးတွေ တည်ဖို့ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်မိနေမှုကို ကုစားပေးပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု၊ ယုံကြည်မှုကိုလည်း မြှင့်တင်ပေးပါလိမ့်မယ်။ ချက်ချက်ကြီး ကုစားပေးလိုက်နိုင်တာမျိုးတော့မဟုတ်ပေမယ့် ဒါကိုသာ ပုံမှန်လေး လေ့ကျင့်သွားပေးနိုင်မယ်ဆိုရင် ကွဲပြားခြားနားတဲ့ သူတစ်ယောက်ဖြစ်လာမှာအမှန်ပါပဲ။

စာချစ်သူတို့ကော ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်မိနေပြီလား…